စစ်ရေး ပဋိပက္ခ ပြင်းထန်နေသော ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်များတွင် ခွင့်ပြုချက်မရရှိဘဲ စစ်ဘေးရှောင် စခန်းများ မဆောက်ရန် ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ဧပြီလ ၂၉ ရက်နေ့ ရက်စွဲဖြင့် အမိန့်ထုတ်ပြန်လိုက်ကြောင်း သိရသည်။
အဆိုပါ အမိန့် ညွန်ကြားချက်တွင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု ကိုယ်စား လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူး ကြီး မင်းသန်းက လက်မှတ်ထိုး၍ စစ်တွေခရိုင် စီမံခန့်ခွဲရေး ကော်မတီထံသို့ လိပ်မူပြီး ညွန်ကြားထားသည့် စာတစောင် လူမှုကွန်ရက်တွင်လည်း ပျံ့နှံ့နေသည်ကို တွေ့ရှိရသည်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ပြောရေး ဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးဝင်းမြင့်ကလည်း စစ်ဘေးရှောင်စခန်းများ ဆောက်လုပ် မည်ဆိုပါက ဆောက်လုပ်မည့် နေရာနှင့်တကွ အစိုးရထံတင်ပြရန် လိုအပ်ပြီး လုံခြုံရေး အခြေအနေရ ခွင့်ပြုပေးနိုင်သည့် နေရာ ဆိုပါက ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း ပြောသည်။
စည်ပင်ဝန်ကြီး ဦးဝင်းမြင့် က “အဲဒါကတော့ ဟိုတခေါက် (မြေပုံမြို့နယ် စညှင်း) လည်း ဖြစ်ပြီးပြီ။ ဒါကြောင့်မို့လို့ စစ်ဘေး ရှောင်တွေအတွက် အမှန်တကယ်လို အပ်နေတယ်။ လိုအပ်လို့ ဆောက်မယ်ဆိုရင် ဘယ်နေရာမှာ ဆောက်မယ်ဆိုတာ တည် နေရာနဲ့ တကွ တင်ပြပြီးတော့ အကြောင်းကြားဖို့တော့ လိုအပ်တယ်ပေါ့။ တခုမှ မတင်ပြဘဲ ကိုယ်လုပ်ချင်သလို လုပ်၊ ကိုယ် ဆောက်ချင်သလိုဆောက် ဆိုတာတော့ မကောင်းဘူးပေါ့။ အဲဒါအတွက် စာထုတ်တာ ဖြစ်ပါတယ်”ဟု ဧရာဝတီသို့ ပြော သည်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ထုတ်ပြန်ထားသော ညွန်ကြားချက် အမိန့်တွင် တိုက်ပွဲရှောင် ပြည်သူများ အတွက် ပြည်နယ် အစိုးရအဖွဲ့မှ မြို့နယ် ၆ မြို့နယ်၌ တိုက်ပွဲရှောင် စခန်း ၇ ခု တည်ဆောက် ပေးထားပြီး ဖြစ်သည့်အတွက် တိုက်ပွဲ ရှောင် စခန်းများ ပြန့်ကြဲစွာ မရှိစေရန် အတွက်လည်းကောင်း၊ လုံခြုံရေး အတွက် လည်းကောင်း၊ ပြည်နယ် အစိုးရအဖွဲ့၏ ခွင့်ပြု ချက် မရှိဘဲ တဦးချင်း၊ အစုအဖွဲ့အနေဖြင့်သည် လည်းကောင်း၊ တိုက်ပွဲရှောင် စခန်များ ဆောက်လုပ်ခြင်း မပြုရန် ဒေသ အာဏာပိုင်များထံ လိပ်မူပြီး ညွန်ကြားထားသည်ကို တွေ့ရှိရသည်။
ပြီးခဲ့သော ဇန်နဝါရီလ ၂၅ ရက်နေ့ ည ၁၀ နာရီခန့်က မြေပုံမြို့နယ် စညှင်း ကျေးရွာအတွင်း ဖွင့်လှစ်ထားသည့် လူဦး ရေ ၅၀၀ ကျော်ရှိသည့် ဒုက္ခသည်စခန်းကို တပ်မတော် စစ်ကြောင်းတခုက လာရောက်ကာ ထိုနေရာတွင် စခန်းမချရန် ဖိအားပေးကာ ယာယီတဲတချို့ကိုလည်း ဖျက်ဆီးသွားခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့သည်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အနေဖြင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများအား ခွင့်ပြုချက်မရှိဘဲ စစ်ဘေးရှောင်စခန်းများ ဆောက် လုပ်ခွင့်မပြုရန် ယခုနှစ် ဇန်နဝါရီလအတွင်းကလည်း ခရိုင်၊ မြို့နယ် ဒေသအာဏာပိုင်များထံ တကြိမ် ညွန်ကြား ထား ကြောင်းလည်း သိရသည်။
ရခိုင် တိုင်းရင်းသား မျိုးနွယ်စု အစည်းအရုံး (REC) ဥက္ကဋ္ဌ ဖြစ်သူ ဦးရွှေဖော်စိန်ကမူ ပြီးခဲ့သောလက ၎င်းတို့ကောက်ယူ ထားသော စာရင်းအရ စစ်ဘေးရှောင်ပြည်သူ ၁ သိန်း ၆ သောင်း ကျော် အထိရှိလာပြီး အများစုမှာ ဘုန်းကြီးကျောင်း၊ ဓမ္မာရုံ၊ စာသင်ကျောင်း စသည့်နေရာများတွင် ဖြစ်သလိုနေထိုင်ကြရသည့်အတွက် ဒုက္ခမျိုးစုံနှင့် ကြုံတွေ့နေရကြောင်း ပြောဆိုသည်။
ဦးရွှေဘော်စိန် က “စစ်ဘေးရှောင် စခန်းတွေ ခွင့်ပြုချက်မရှိဘဲ မဆောက်နဲ့ ဆိုတာတော့ မှန်ပါတယ်။ သူတို့ ဥပဒေအရပဲ ဖြစ်ဖြစ်၊ စာနာမှုအရပဲ ဖြစ်ဖြစ် ဒီလို ထုတ်ပြန်တာတော့ ကောင်းတယ်။ သို့သော်လည်းပဲ မဆောက်နဲ့ ဆိုရင် ပြေးလာတဲ့ ပြည်သူတွေ ဘယ်မှာနေမလဲ။ အပြည့်အဝ တာဝန်ယူပေးလေ။ လူထုကတော့ အာဏာရှိတဲ့လူတွေ မဟုတ်ဘူး။ မဆောက် ရ ဆိုရင် မဆောက်ဘူး။ အစိုးရက အချိန်မီ လူထုအခက်အခဲတွေကို ကာကွယ်ပေးရမယ်။ သူတို့သာ တာဝန်ယူပြီး လုပ်ပေး မယ်ဆိုရင် ပြည်သူတွေက ဆောက်စရာလည်း မလိုဘူး။ ပြေးလွှား နေစရာလည်း မလိုတော့ဘူးပေါ့”ဟု ဧရာဝတီသို့ ပြော သည်။
တိုက်ပွဲများကြောင့် ရသေ့တောင်မြို့နယ်အတွင်း စစ်ဘေးရှောင်လူဦးရေ ၁၅၀၀၀ ကျော်အထိ ရှိလာပြီဖြစ်ရာ ယာယီ တဲထိုး နေထိုင်ကြရသော ၎င်းတို့အတွက် လွတ်တော် ကိုယ်စားလှယ်များနှင့် ဒေသခံ အရပ်ဘက် လူမှု အဖွဲ့အစည်းများ ဦးဆောင် ကာ မြို့အနီးရှိ ဓာတ်အားစက်ရုံ အနီးတွင် စစ်ရှောင်များအတွက် လူနေအဆောင်များ ဆောင်လုပ်ရန် စီစဉ်လျက် ရှိကြောင်း သိရသည်။
အဆိုပါ ရသေ့တောင်မြို့အနီးရှိ စစ်ရှောင်စခန်း ဆောက်လုပ်နေမှုသည် အစိုးရခွင့်ပြုချက်ဖြင့် လုပ်ဆောင်ခြင်း မဟုတ်သည့် အတွက် အချိန်မီတားဆီးရန် ရခိုင် ပြည်နယ် အစိုးရအဖွဲ့က သက်ဆိုင်ရာ ဒေသအာဏာပိုင်များထံ ညွန်ကြားထားသည်ကို တွေ့ရှိရသည်။
ရသေ့တောင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက “ကျမတို့က ပြည်သူ့ ကိုယ်စားလှယ် တယောက်ဖြစ်တဲ့အတွက် ပြည်သူလူထုရဲ့ ဆန္ဒကို ဖြည့်ဆည်း ဆောင်ရွက်ရတာပေါ့။ အခုအချိန်မှာ လိုအပ်နေတဲ့ COVID-19 ရောဂါကို ကာကွယ်ဖို့ရော၊ မိုးရာသီမှာ ကြုံတွေ့လာနိုင်တဲ့ အခက်အခဲကို ကာကွယ်ဖို့ရော ဒုက္ခဖြစ်နေတဲ့ ကိုယ်ကို မဲ ပေး လိုက်တဲ့ ပြည်သူတွေကို လုပ်ပေးရမဲ့ တာဝန်နဲ့ ဝတ္တရား ရှိတယ်။ ကိုယ့်ပြည်သူတွေကို တာဝန်ယူပေးချင်တဲ့ စိတ်နဲ့ သူ တို့ရဲ့ အခက်အခဲကို ကူညီပြီးတော့ လုပ်ဆောင်ပေးခြင်းသာ ဖြစ်တယ်”ဟု ဧရာဝတီသို့ ပြောသည်။
၎င်းက ဆက်၍ “အဲဒါကြောင့်မို့ ကျမတို့ကတော့ သူတို့ဘက်က လုပ်ပိုင်ခွင့်ရှိတယ် ဆိုတဲ့အတွက် ဒီလိုစာတွေ ထုတ် တယ်။ ကျမတို့ကတော့ ဥပဒေပြု လွှတ်တော် ကိုယ်စားလှယ် တယောက်ဖြစ်တဲ့အတွက် ဥပဒေကို လေးစားလိုက်နာမယ်။ ဒါပေမယ့် ပြည်သူတွေ အဆင်ပြေအောင် ကျမတို့ ဒေသခံ ရပ်မိရပ်ဖ လူကြီးတွေနဲ့တိုင်ပင်ပြီးတော့ အကောင်းဆုံးတခု ဖြစ် အောင်တော့ လုပ်ပေးသွားဖို့ စဉ်းစားထားတယ်” ဟု ပြောဆိုသည်။
ရခိုင် ပြည်နယ် မြောက်ပိုင်း မြို့နယ်များတွင် အစိုးရက စစ်ဘေးရှောင်စခန်းတချို့ ဆောက်လုပ်ပေးထားပြီး စစ်ရှောင်များ ကမူ ထိုနေရာသည် မိမိတို့ ကျေးရွာများတွင် အလှမ်းဝေးကွာသည့်အတွက် သွားရောက် နေထိုင်ရန် အခက်အခဲများ ရှိ သည် ဟု ဆိုသည်။
မြောက်ဦး တိမ်ညိုစစ်ဘေးရှောင် စခန်းမှ ဒေါ်သိန်းမရီ က “ကျမတို့ စစ်ဘေးရှောင်တွေ နေဖို့ အစိုးရ ဆောက်ပေးတဲ့ နေရာ က မင်းပြားမြို့နယ်အနားမှာ ဆောက်ပေးတယ်။ ကျမတို့ ဘယ်လို သွားနေမလဲ။ ရွာနဲ့လည်း အဝေးကြီး၊ ရှာဖွေ စား သောက်ဖို့ နေရာလည်း မရှိဘူးလေ။ ဒီမှာနေတာက စားသောက်စရာ မရှိရင် ရွာမှာ ကျန်နေခဲ့တဲ့ စိုက်ခင်းတွေဆီက အသီးအရွက် သွားခူးလို့ရတယ်။ ထမင်းချက်ဖို့ ထင်းသွားခုတ်လို့ ရတယ်။ အဲဒါကြောင့် လူတွေက သွားမနေချင်ကြဘူး”ဟု ဧရာဝတီသို့ ပြောသည်။
အစိုးရက ဆောက်ပေးထားသည့် စစ်ဘေးရှောင် စခန်းများသည် ပတ်ပတ်လည် သွပ်ပြားများဖြင့် ကာရံထား သည့်အတွက် အလွန်ပူအိုက်၍ လူနေထိုင်ရန် မဖြစ်နိုင်ကြောင်း၊ သွားရောက်နေထိုင်မည် ဆိုပါကလည်း စစ်ရှောင်လူဦးရေနှင့် ဆောက်လုပ်ထားသည့် အဆောင်များ လုံလောက်မှုမရှိကြောင်း စစ်ဘေးရှောင် ပြည်သူများက ပြောကြသည်။
You may also like these stories:
ပလက်ဝမှ စစ်ဘေးရှောင်များ ကျောက်တော် ဘက်သို့ ပြေးရ
COVID-19 ကြောင့် ရှမ်းမြောက် ပလောင် ၈ ရွာ အရေးပေါ် စားနပ်ရိက္ခာများ လိုအပ်နေ