ပစ်ခတ်တိုက်ခိုက်ခံရသည့် ကမာ္ဘ့ စားနပ်ရိက္ခာအဖွဲ့ (WFP)ယာဉ်တန်းသယ်ဆောင်လာသည့် ဆန်အိတ်နှင့်အခြား စားနပ် ရိက္ခာများမှာ ရာသီဥတုဆိုးရွာလာသဖြင့် ပလက်ဝသို့ ရေလမ်းကြောင်းမှ ပြောင်းလဲပို့ဆောင်မည်ဟု သမ္မတရုံး ပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေးက ယနေ့ နေပြည်တော်တွင် အွန်လိုင်းမှ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
စစ်ဘေးရှောင်များနှင့် ပလက်၀ ဒေသခံများအတွက် ဆန်အိတ်နှင့် အခြားစားသောက်ကုန်များ သယ်ဆောင်လာသည့် ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့ (WFP) ယာဉ်တန်းကို ဆမီးနှင့် ပလက်ဝအကြားတွင် ဧပြီလ ၂၉ ရက်နေ့က ရက္ခိုင့်တပ်မတော် (AA)၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ယာဉ်မောင်တဦး ဒဏ်ရာရှိခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။
သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးက“မိုးရွာနေတဲ့အတွက် လမ်းကလည်း အဆင်မပြေတဲ့အတွက် ရေလမ်းကြောင်းကနေ သွားပြီးတော့ ပို့ဖို့ လုပ်နေပါတယ်။ ဒီနေ့တော့ ပို့ဖို့အဆင်မပြေဘူး။ မနက်ဖြန်ကျရင်တော့ ရေလမ်းကြောင်းကနေ ရိက္ခာတွေ လွှဲပြောင်း ပြီးတော့ ပလက်ဝကို ပို့မှာဖြစ်ပါတယ်”ဟု ပြောသည်။
ယင်းဆန်အိတ် ၂၀၀၀ သယ်ဆောင်လာသော အဆိုပါ ၆ ဘီးယာဉ် ၅ စီးတွင်၊ ယဉ်မောင်း ဦးဝင်းကိုအောင် မောင်းနှင် လာသောကားမှာ ရှေ့လေကာမှန်နှင့် ဆီတိုင်ကီတို့မှာ လက်နက်ထိမှန်ပျက်စီးခဲ့ပြီး ယာဉ်မောင်းမှာ မှန်ကွဲစ ထိမှန်ကာ ဒဏ်ရာ ရရှိခဲ့ကြောင်း တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။
ထိုယာဉ်တန်းမှ အခြားယာဉ် ၄ စီးတွင်လည်း ရှေ့ နောက် လေကာမှန်များ၊ ကားတံခါးများ၊ ဘီးများနှင့် ကိုယ်ထည် အစိတ် ပိုင်းများ လက်နက်ငယ်ထိမှန် ပျက်စီးမှုများလည်းပြီး ထိုပျက်စီးမှုများကို ပြန်လည်ပြင်ဆင်ပြီး ပြန်လည်ထွက်ခွာခဲ့ရာ မနေ့ က ညပိုင်းက ပလက်ဝအနီး စိမ့်စမ်းဝရွာသို့ ရောက်ရှိသွားခဲ့ကြောင်း သိရသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက“ကျနော်တို့က လမ်းကြောင်းလုံခြုံရေး လုပ်ထားတယ်။ အဲဒီတော့ အင်နဲ့အားနဲ့လုပ်ဖို့ အခွင့် မသာတဲ့အတွက် ဆမီးအကျော်လောက်မှာ ချောင်းမြောင်း ပစ်ခတ်တယ်။ ချောင်းမြောင်းပစ်ခတ်တဲ့အခါမှာလည်း WFP က ကားတွေကိုပဲ အဓိကထားပြီး ပစ်ခတ်တာမျိုး ဖြစ်နေတယ်”ဟု ပြောသည်။
ရခိုင်ပြည်နယ်တွင် ယခုကဲ့သို့ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် (UN) ယာဉ်များကို ပစ်မှတ်ထား တိုက်ခိုက်လာခြင်းသည် ရခိုင် အရေးကို နိုင်ငံတကာမှ ပိုမိုအာရုံစိုက်လာစေရန်၊ အစိုးရနှင့်တပ်မတော်အပေါ် ဆိုးရွားသည့်အမြင်များရှိစေပြီး နိုင်ငံတကာ ဖိအားပိုမိုကျရောက်စေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းဟုလည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ဧပြီလ ၂၀ ရက်နေ့ကလည်း ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ရာမောင် တံတားအနီးတွင် COVID-19 ရောဂါပိုးစစ်ဆေးရန် တို့ဖတ် နမူနာများ သယ်ဆောင်လာသော ကမ္ဘာကျန်းမာရေးအဖွဲ့ (WHO) ကားတစီး ပစ်ခတ်ခံရမှုတွင် ယာဉ်မောင်းတဦး သေဆုံးခဲ့ရသော်လည်း တပ်မတော်နှင့် AA နှစ်ဘက်လုံးက ၎င်းတို့ လုပ်ရပ် မဟုတ်ကြောင်း ငြင်းဆိုထားသည်။
ယနေ့ သမ္မတရုံး သတင်းစာ ရှင်းလင်းပွဲတွင် ဦးဇော်ဌေးကမူ “AA လုပ်တာ”ဟု တိုတိုတုတ်တုတ် ပြောသည်။
ပလက်၀မြို့နယ်အတွင်း အရပ်သားများ၏ ဆန်နှင့်ရိက္ခာများ သယ်ယူပါက ၎င်းတို့မြေပြင်တပ်ဖွဲ့ကို အကြောင်းကြားရမည် ဖြစ်ပြီး ထိုသို့သယ်ဆောင်လာသည့် ယာဉ်တွင် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့များ လိုက်ပါလာပါက ပစ်ခတ်မည် ဟု AA က သတင်းထုတ်ပြန်ထားသည်။
“AA အနေနဲ့ ကြေငြာချက်ထုတ်တာ၊ ဆန်တွေကိုသယ်ပေါ့။ သူတို့ဆီကို စာရင်းပေးပါ ဆိုတဲ့ဟာမျိုးတွေ၊ ဖြစ်စဉ်တွေအရ လက်တွေ့သယ်တဲ့အချိန်မှာတော့ သယ်ခွင့်လည်းမပေးဘူး။
သယ်တဲ့ဆန် မှန်သမျှကိုလည်း အကြောင်းပြချက်အမျိုးမျိုးနဲ့ ဖမ်းတယ်။ အဓိကတော့ တပ်ကို ရိက္ခာပေးလို့တို့ ဘာတို့ ညာတို့ ပြောတယ်။ ကျနော်တို့ ပြောပြီးသားပါ၊ တပ်ရဲ့ရိက္ခာ ကိုလည်း သယ်ခိုင်းစရာ အကြောင်းမရှိဘူး”ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။
လူသားချင်း စာနာထောက်ထားသောအားဖြင့် ရခိုင်နှင့် ပလက်၀ဒေသအတွင်းသို့ စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အခြားသော အ ကူအညီပေးလိုသော ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများနှင့် ကမ္ကာ့စားနပ်ရိက္ခာအဖွဲ့အစည်းများမှ လာရောက်မည် ဆို ပါက မည်သည့်အနှောက်အယှက်မှမပေးဘဲ လမ်းခရီးတွင် အဆင်ပြေစွာ သယ်ယူပို့ဆောင်နိုင်ရေး တတ်နိုင်သမျှ ကူညီမည်ဟု ဧပြီလ ၂၀ ရက်နေ့တွင် AA က ထုတ်ပြန်ထားသည်။
ပလက်၀မြို့အနီးတဝိုက်တွင် တပ်မတော်နှင့် AA တို့ ဖြစ်ပွားသော တိုက်ပွဲများကြောင့် ကုန်စည်စီးဆင်းမှုမရှိသဖြင့် ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်ပြီး ဒေသခံပြည်သူ၊ အစိုးရဝန်ထမ်းများနှင့် စစ်ဘေးရှောင်များမှာ စားသောက်ရေး အခက်အခဲများကြုံတွေ့နေရသည်မှာ လအတန်ကြာပြီဖြစ်သည်။
ပလက်၀မြို့သို့ စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များကို ကုလားတန်မြစ်ကြောင်းအတိုင်း ရခိုင်ပြည်နယ် ကျောက် တော်မြို့ မှ သယ်ယူသုံးစွဲနေရသော်လည်း ယခုနှစ် ဖေဖော်ဝါရီနှင့် မတ်လများအတွင်း တပ်မတော်နှင့် AA တို့ ကုလားတန် မြစ်ကြောင်းတလျှောက် တိုက်ပွဲများ ဖြစ်ပွားသောကြောင့် ထိုလမ်းကြောင်းမှာလည်း ပြတ်တောက်ခဲ့ရသည်။
ဒေသခံပြည်သူများ၊ အစိုးရ ဝန်ထမ်းနှင့် စစ်ဘေးရှောင်များအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် NGO အဖွဲ့အစည်းများက လှူဒါန်းသည့် ဆန်အိတ် ၈၃၀၊ ဆီပိဿာ ၂၀၀၊ ကြက်သွန်နီ ပိဿာ ၇၅၀၊ အာလူး ပိဿာ ၃၀၀ နှင့်ဆေးဝါးပစ္စည်းများကို ဧပြီလ ၁၉ ရက်နေ့တွင် ပလက်ဝသို့ ပထမဆုံးအကြိမ် ပို့ဆောင်ရောက်ရှိခဲ့သည်။
တပ်မတော်သားများ၊ မိသားစုများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ စားသုံးရန် ဆန်အိတ် ၄၀၀၀ကျော်နှင့် စားသောက်ကုန် ရိက္ခာများကိုလည်း ဧပြီလ ၂၄ ရက်နေ့က ပလက်၀မြို့သို့ ရောက်ရှိခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။
ဧပြီလ ၂၈ ရက်နေ့တွင်လည်း ချင်းပြည်နယ်အစိုးရအဖွဲ့လှူဒါန်းသည့် ဆန်အိတ် ၂၀၀၀ နှင့် အခြား စားသောက်ကုန် ပစ္စည်းများ ထပ်မံရောက်ရှိလာပြီး ယင်းနေ့တွင်ပင် တပ်မတော်ရဟတ်ယာဉ်ဖြင့်လည်း ကြက်ဥနှင့် ကြက်သွန်နီများကို ပလက်ဝသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
၂၀၂၀ ခုနှစ် မတ်လ ၂၉ ရက်နေ့က ပလက်၀ စစ်ဘေးရှောင်များအတွက် ဆန်အိတ် ၁၀၀ သယ်ဆောင်လာသော ကားကို AA အဖွဲ့က တောတွင်းသို့ခေါ်ဆောင်သွားပြီးနောက် ဆန်အိတ် ၂၀ ယူထားလိုက်ပြီး ယူထားလိုက်သည့် ဆန်အိတ်များကို ကာလပေါက်ဈေးအတိုင်း ငွေပေးချေလိုက်သည်ဟု AA က ထုတ်ပြန်ပြောဆိုခဲ့သည်။
၂၀၂၀ ခုနှစ်၊ မတ်လတွင် AA ကို မတရားအသင်းနှင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် အစိုးရက ကြေညာထားသည်။
ထို့ကြောင့် လတ်တလောတွင်မူ AA နှင့် ဆက်သွယ်ပါက ဥပဒေအတိုင်းသာ အရေးယူဆောင်ရွက်မည် နိုင်ငံ တော်သမ္မတရုံး ပြောခွင့်ရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ယနေ့ သတင်းထောက်များကို ပြောသည်။
ပလက်၀မြို့နယ်အတွင်း မကြာခဏဆိုသလို တိုက်ပွဲများဖြစ်ပွားနေပြီး ဧပြီလ ၂၂ ရက်နေ့ကလည်း ပလက်၀မြို့ပေါ်ရှိ မြန်မာ့ စီးပွားရေးဘဏ်ဝင်းအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသောကြောင့် ကလေး ၂ ဦးနှင့် ဘဏ်ဝန်ထမ်း ၁ ဦး အသက်ဆုံးရှုံးခဲ့ရသေးသည်။
ပလက်၀မြို့နယ်သည် ရပ်ကွက်နှင့်ကျေးရွာပေါင်း ၄၀၀ ကျော်ဖြင့် ဖွဲ့စည်းထားပြီး ချင်းတိုင်းရင်းသားများအပြင် ရခိုင်တိုင်း ရင်းသားအချို့ပါ နေထိုင်ပြီး လူဦးရေ ၁ သိန်းကျော်ရှိကြောင်း သိရသည်။
တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲများကြောင့် ပလက်၀မြို့ပေါ်တွင် လာရောက်ခိုလှုံနေသော စစ်ဘေးရှောင်ပြည်သူ ၃၆၀၀ ကျော်ရှိကြောင်း သိရသည်။