သတင်း

သထုံတွင် KNU နှင့် တပ်မတော် စစ်ရေးတင်းမာမှုဖြစ်ဟုဆို

Want create site? Find Free WordPress Themes and plugins.

မွန်ပြည်နယ်၊ သထုံခရိုင်ရှိ ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ တပ်မဟာ (၁) စစ်ဆေးရေးဂိတ်ကို ဖယ်ရှားပေးရန် တပ်မတော်ဘက်က လာရောက်တားမြစ်ရာမှ စစ်ရေးတင်းမာမှု ဖြစ်ပွားနေကြောင်း KNU တပ်မဟာ (၁) အတွင်းရေးမှူး ပဒိုစိုးမြင့်က ဧရာဝတီသို့ ပြောသည်။

သထုံခရိုင်ရှိ KNU တပ်မဟာ (၁) ၏ ထုံးဘိုလေးစစ်ဆေးရေးဂိတ်တွင် KNU တပ်ဖွဲ့ဝင်များက COVID – 19 ဗိုင်းရပ်စစ်ပိုးရှိမရှိ သိရှိနိုင်ရန် ကိုယ်အပူချိန် တိုင်းခြင်း၊ လက်ဆေးခိုင်းခြင်းများ ဆောင်ရွက်နေစဉ် ဧပြီလ ၃၀ ရက်နေ့က တပ်မတော်သား ၅ ဦး နှင့် အမျိုးသမီး ၂ ဦး ပါဝင်သည့် ကား ၂ စီးမှ ဂိတ်ကို ဖြတ်သန်းခွင့်ပြုရန် ပြောကြောင်း KNU က ဆိုသည်။

ကားပေါ်ပါလာသူများကို ကိုယ်အပူချိန်တိုင်းပြီးမှသာ ဂိတ်ကို ဖြတ်သန်းခွင့်ပေးမည်ဟု KNU တပ်ဖွဲ့ဝင်များက ပြောဆိုခဲ့ရာ ယင်းကားပေါ်ပါလာသည့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ၏ ဇနီးဆိုသူက လက်မခံဘဲ ၎င်း၏ ကားဒရိုင်ဘာကိုသာ ကိုယ်အပူချိန် အတိုင်းခံစေခဲ့ကြောင်း ပဒိုစိုးမြင့်က ပြောသည်။

ပဒိုစိုးမြင့် က “ကျနော်တို့ ပြောတာပေါ့။ ဒီတိုင်းမှူးကတော်မှမဟုတ်ဘူး။ လာတဲ့သူ ဘယ်သူ့ကိုမဆို ခေါ်တားပြီး လက်ဆေးခိုင်းတယ်။ အပူချိန်တိုင်းတယ်။ သူတို့က လက်မခံဘူး။ နောက်တော့ ဝန်ကြီးကားပါလို့ပြောတယ်။ ဝန်ကြီးကားဆိုတော့ ကျနော်တို့ တပ်ဖွဲ့ဝင်တွေ လည်းသွားခွင့်ပြုလိုက်တယ်” ဟု ဆိုသည်။

အဆိုပါ ကား ၂ စီးသည် စစ်ဆေးရေးဂိတ်အနီးရှိ မော်လေးကျေးရွာ ဘုန်းကြီးကျောင်းတွင် သင်္ကန်း ကပ်လှူပြီးနောက် မွန်းလွဲ ၁ နာရီတွင်ပြန်သွားပြီးကြောင်း ပဒိုစိုးမြင့်က ပြောကြားသည်။

ထို့နောက် မွန်းလွဲ ၂ နာရီတွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ တပ်မတော် စစ်ကြောင်း နှစ်ခု ရောက်ရှိလာပြီး တိုင်းမှူး၏ ဇနီး ဂိတ်ကို ဖြတ်သန်းစဉ် KNU တပ်ဖွဲ့ဝင်များက သေနတ်ပစ်ဖောက်သည်ဟု ပြောဆိုကာ KNU တပ်ဖွဲ့ဝင်များ၏ စစ်ဆေးရေးဂိတ်ကို ဖျက်သိမ်းခိုင်းသဖြင့် KNU တပ်မဟာ (၁) ၏ စစ်ဆေးရေးဂိတ်အချို့ကို ဖျက်သိမ်းလိုက်ရကြောင်း ၎င်းက ဆိုသည်။

တိုင်းမှူး၏ ဇနီးနှင့် အဖွဲ့ စစ်ဆေးရေးဂိတ်ကို ရောက်လာစဉ်က KNU တပ်ဖွဲ့ဝင်များသည် သေနတ် ပစ်ဖောက်ခဲ့ခြင်း မရှိဘဲ ကိုယ်အပူချိန်တိုင်းရန်နှင့် လက်ဆေးရန်သာ ပြောဆိုခဲ့ကြောင်း ပဒိုစိုးမြင့်က ပြောသည်။

ပဒိုစိုးမြင့်က “ကျနော်တို့က ရပ်လိုက်ပြီ။ ဆက်လုပ်လို့မရတော့ဘူး။ ကျနော်တို့ ဆက်လုပ်ရင် ပြဿနာ ဆက်ဖြစ် ကုန်မယ်။ တဖက်ကလည်း မကြိုက်ဘူး။ ဘယ်လိုကိစ္စကြောင့်လဲမသိဘူး။ ကျနော်တို့ အထက်ကိုတော့ တင်ပြထားတယ်။ အထက်ကတော့ ဘာမှမညွှန်ကြားသေးဘူး။ နောက်ဆုံးတော့ နဲနဲတင်းမာမှုဖြစ်သွားတယ်ပေါ့” ဟု ပြောပြသည်။

လက်ရှိတွင် တပ်မတော်ဘက်က လက်နက်အပြည့်အစုံဖြင့် စစ်သည် ၂၉ ဦးသည် ထုံးဘိုလေးကျေးရွာ ဘုန်ကြီးကျောင်းအနီးတွင် စခန်းချထားပြီး ၃ ရက်ခန့်နေထိုင်ပြီးပါက တပ်ပြန်ဆုတ်မည်ဟု ၎င်းတို့ကို ပြောဆိုကြောင်း ပဒိုစိုးမြင့်က ရှင်းပြသည်။

သထုံခရိုင်တွင် တပ်မတော်နှင့် KNU ရေးတင်းမာမှု မည်ကဲ့သို့ ဖြစ်နေသည်ကို သိရှိနိုင်ရန် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းထံ ဧရာဝတီက ဆက်သွယ် မေးမြန်းခဲ့ရာ ၎င်းက အဆိုပါကိစ္စကို မသိရှိသေးကြောင်း ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ထံသာ တိုက်ရိုကဆက်သွယ် မေးမြန်းရန်ပြောဆိုသည်။

အရှေ့တောင်တိုင်းစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး မောင်မောင်လတ်ထံ ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းက သထုံခရိုင်တွင် တပ်မတော်နှင့် KNU စစ်ရေးတင်းမာမှုမရှိကြောင်း ပြန်လည် ဖြေကြားသည်။

KNU အဖွဲ့သည် အစိုးရနှင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ် ရေးထိုးထားသည့် လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး လက်ရှိတွင် အစိုးရနှင့် လက်တွဲကာ ဗိုင်းရပ်စ်ကာကွယ်ရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းဖြစ်သည်။

ထို့ပြင် KNU သည် ဧပြီလ ၂၇ ရက်က နိုင်ငံတော်သမ္မတ အမိန့်ဖြင့် ဖွဲ့စည်းထားသော COVID-19 ကာကွယ် ထိန်းချုပ်ရေး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်း ပူးပေါင်းရေး ကော်မတီ နှင့် ချိတ်ဆက်ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တခုလည်းဖြစ်သည်။

အဆိုပါကော်မတီက KNU အပါအဝင် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့တို့တွင် ဗိုင်းရပ်စစ် သံသယလူနာတွေ့ပါက အစိုးရ၏ ဓာတ်ခွဲခန်း၌ ဗိုင်းရပ်စ်ရှိမရှိ စစ်ဆေးပေးမည်ဟု ဧပြီလ ၂၈ ရက်တွင် အကြောင်းကြားထားသည်။

ထိုကဲ့သို့ အစိုးရနှင့် KNU တို့ ဗိုင်းရပ်စ်ကာကွယ်ရေးအတွက် အပြန်အလှန်ချိတ်ဆက် ပူးပေါင်းမှုများ ဆောင်ရွက်နေစဉ်မှာပင် KNU နှင့် အရှေ့တောင်တိုင်း စစ်ဌာနချုပ်တို့အကြား စစ်ရေးတင်းမာမှု ဖြစ်ပွားနေခြင်းလည်း ဖြစ်သည်။

 

 

 

Did you find apk for android? You can find new Free Android Games and apps.
Loading