ဖိလစ်ပိုင်နိုင်ငံမှ သိမ်းပိုက်ထားသော တောင်တရုတ်ပင်လယ်မှ ကိုမိုဒိုး Commodore သန္တာကျောက်တန်းဆီသို့ ခုတ်မောင်းနေစဉ် မီးခိုးရောင်သင်္ဘောတစီးကို တွေ့ပြီး ဖိလစ်ပိုင်ရေတပ်သင်္ဘောက ရေဒီယိုဖြင့် ဆက်သွယ်မှု ပြုလုပ်ခဲ့သည်။ တုန့်ပြန်မှုက ဗြောင်ကျသည်။
“တရုတ်အစိုးရက တောင်တရုတ်ပင်လယ်၊ ပင်လယ်ထဲက ကျွန်းတွေနဲ့ သူ့ရေပြင်အပေါ် ပြောင်းလဲမရတဲ့ အချုပ်အခြာအာဏာ ပိုင်တယ်။”
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ ရေတပ်မှ ပိုင်ဆိုင်သော အဆိုပါ မီးခိုးရောင်သင်္ဘောက ၎င်း၏ ပစ်မှတ်ချိန် ရေဒါကို ဖိလစ်ပိုင်ရေယာဉ်သို့ တည့်တည့်ချိန်ထားခြင်းက ရန်လိုသော ရည်ရွယ်ချက်ကို ဖော်ပြနေခြင်း ဖြစ်သည်ဟု ဖိလစ်ပိုင် ရေတပ်က ပြောသည်။
ငြိမ်းချမ်းစွာ အဆုံးသတ်ခဲ့ပြီး ဧပြီလ ၂၃ ရက်နေ့တွင် ဖိလစ်ပိုင်အစိုးရက အချိန်နှောင်းမှ ထုတ်ဖော်ပြောဆိုခဲ့သည့် အဆိုပါ တွေ့ဆုံမှုက တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ် ပြဿနာ ပေါ်ပေါက်နေချိန် ဖေဖော်ဝါရီ ၁၇ ရက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း အရှေ့တောင်အာရှနိုင်ငံများက ကျယ်ပြန့်လာနေသော ရောဂါကူးစက် ပျံ့နှံ့မှုကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ရင်ဆိုင်တိုက်ခိုက်နေရချိန်တွင် တရုတ်အစိုးရက တောင်တရုတ်ပင်လယ်မှ အငြင်းပွားနေသောဒေသများအပေါ် ထိန်းချုပ်မှု ပိုမိုခိုင်မာအောင် ထပ်မံအားဖြည့်ခြင်းအားဖြင့် ပိုင်ဆိုင်မှု အငြင်းပွားနေသူများကြားမှ တင်းမာမှုများကို တိုးမြှင့်ခဲ့သည်ဟု လေ့လာသူများက ပြောကြသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက တရုတ်ကွန်မြူနစ်ပါတီသည် ၎င်း၏ ဆွပေးသည့် အကျင့်ကို ဆက်လက်ပြုမှုခြင်းအားဖြင့် COVID-19 အကျပ်အတည်းအပေါ် ကမာ္ဘက အာရုံစူးစိုက်နေမှုကို အမြတ်ထုတ်နေသည် ဟု စွပ်စွဲခဲ့သည်။
အရှေ့တောင်အာရှ နိုင်ငံခြားရေး ဝန်ကြီးများနှင့် ပြုလုပ်ခဲ့သည့် ဗွီဒီယိုကွန်ဖရင့် တခုတွင် မိုက်ပွန်ပီယိုက တောင်တရုတ်ပင်လယ်ပြင်အတွင်း တရုတ်နိုင်ငံက အုပ်ချုပ်ရေးနယ်မြေအသစ် ၂ ခု တဖက်သတ် ကြေညာခဲ့ခြင်း၊ ယခုလအတွင်း ဗီယက်နမ်ငါးဖမ်း သင်္ဘောတစီးကို နှစ်မြှုပ်မှုနှင့် Fiery Cross နှင့် Subi သန္တာကျောက် တန်းများပေါ်မှ တရုတ်နိုင်ငံ၏ သုတေသနစခန်းများကို တိုက်ခိုက် ပြောဆိုခဲ့သည်။
တရုတ်နိုင်ငံက စပရတ်တလီ Spratly ကျွန်းများတဝိုက်တွင် ရေတပ်များ ဆက်လက် ချထားနေပြီး မကြာသေးမီက စစ်သင်္ဘောအုပ်စု တခုကို စေလွှတ်ခဲ့ကြောင်းနှင့် အဆိုပါ သင်္ဘောအုပ်စုတွင် စွမ်းအင်ရှာဖွေရေး ရေယာဉ် တစီးပါဝင်နေခြင်းက ပိုင်နက် အငြင်းပွားနေသည့် အခြား ပြိုင်ဘက်များကို ကမ်းလွန် ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှု မပြုရန် ခြိမ်းခြောက်သည့် ရည်ရွယ်ချက် ဖြစ်သည်ဟုလည်း မိုက်ပွန်ပီယိုက ပြောသည်။ တရုတ်နှင့် မလေးရှား အကြား ရှေ့ မတိုး နောက်မဆုတ်ဖြစ်နေသည့် အခြေအနေတခုကို ရည်ညွှန်းခြင်း ဖြစ်သည်။
“အမေရိကန်ပြည်ထောင်စုက တရုတ်နိုင်ငံရဲ့ အနိုင်ကျင့်မှုကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ပါတယ်။ အခြားနိုင်ငံတွေကလည်း သူတို့ကို အရေးယူလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု မိုက်ပွန်ပီယိုက ပြောသည်။
တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ကင်ရွှမ် Geng Shuang က ပွန်ပီယို၏ ပြောကြားချက်ကို တုန့်ပြန်ခဲ့သည်။ “တရုတ်နိုင်ငံက အချုပ်အခြာအာဏာ၊ လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှု အကျိုးစီးပွားနဲ့ ပတ်သက်ရင် ဘယ်လိုအကြောင်းကြောင့် ဖြစ်စေ ဘယ်လိုအချိန်မှ ဖြစ်စေ အမြဲတမ်း ခိုင်ခိုင်မာမာ ကာကွယ်သွားပါမယ်” ဟု သူက ဆိုသည်။
” အမေရိကန်ပြည်ထောင်စုမှာ ရှိတဲ့ လူအချို့က အချက်အလက်တွေကို ကောလာဟလတွေ၊ အလိမ်အညာတွေနဲ့ အစားထိုးချင်ကြတယ်။ အိမ်နီးချင်းတွေ ကြားမှာ သဘောထား ကွဲလွဲတာမျိုးကို ကြိုက်ကြပါတယ်” ဟု ကင်ရွှမ်က ပုံမှန် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ တခုတွင် ပြောကြားခဲ့သည်။
မိုက်ပွန်ပီယို ထောက်ပြခဲ့သည့် လုပ်ဆောင်ချက်များသည် တောင်တရုတ်ပင်လယ်ပြင်တွင် တရုတ်နိုင်ငံက ပုံမှန်လုပ်နေကျ နည်းလမ်းများဖြစ်သည်ဟု လေ့လာသုံးသပ်သူများက ပြောကြသည်။
“တခုပဲ ကွာတာက တောင်တရုတ်ပင်လယ်မှာ ရှိတဲ့ သူ့ရဲ့ အရှေ့တောင်အာရှ ပြိုင်ဘက် တွေက ကူးစက်ရောဂါနဲ့ အဲဒါရဲ့ စီးပွားရေးအကျိုးဆက်တွေကို ထိန်းချုပ်ဖို့ ကြိုးပမ်းရင်း အလုပ်များနေစဉ်မှာ တရုတ်နိုင်ငံက သူတို့ တုန့်ပြန်နိုင်မှာ မဟုတ်ဘူး ဒါမှမဟုတ် တောင်တရုတ်ပင်လယ်မှာ သူရရှိနေတာတွေကို ပိုမိုခိုင်မာဖို့ တရုတ်နိုင်ငံရဲ့ အားထုတ်မှု တွေကို အပြည့်အဝ ဆန့်ကျင်နိုင်မှာ မဟုတ်ဘူးဆိုတဲ့ မျှော်လင့်ချက်နဲ့ အမြတ်ထုတ် နေတယ် ဆိုတာပါပဲ” ဟု စင်ကာပူရှိ ကာကွယ်ရေးနှင့်မဟာဗျူဟာလေ့လာရေးဌာန (IDSS) မှ ရေကြောင်းလုံခြုံရေးကျွမ်းကျင်သူ ကောလင်းကိုး Collin Koh က ပြောသည်။
Asia Maritime Transparency Initiative မှ ဒါရိုက်တာ ဂျော်ဂျရီပေါလင်း Gregory Poling ကလည်း ကျွန်းများအတွက် ခရိုင်အသစ်များနှင့် အမည်အသစ်ပေးထား သောအအချက်အလက် ၈၀ ပါ စာရင်းတခု အပါအဝင် တရုတ်န်ိုင်ငံ၏ ကြေညာချက်အချို့သည် လ နှင့် ချီ၍ သို့မဟုတ် နှစ်နှင့်ချီ၍ လုပ်နေခဲ့ခြင်း ဖြစ်နိုင်ကြောင်း၊ သို့သော်လည်း တရုတ်အစိုးရက အခွင့်အလမ်းတခုဟု မြင်သည့် အရာကို အားသာချက် ရယူရန် သို့မဟုတ် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ယခုနောက်ပိုင်းတွင် ပိုမို၍ အမျိုးသားရေးစိတ်ဓာတ် ထက်သန်လာသော ပြောဆိုမှုများ၏ အစိတ်အပိုင်းတရပ်အနေဖြင့် နောက်ဆုံး အတည်ပြုချက်ပေးလိုက်ခြင်း ဖြစ်နိုင်ကြောင်း ပြောသည်။
အရှေ့ တောင် အာရှနိုင်ငံများဖြစ်သော ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ် တို့က သူတို့၏ သက်ဆိုင်ရာပိုင်နက်များအဖြစ် ပြောဆိုထားသည့် နေရာများအပါအဝင် တောင်တရုတ်ပင်လယ်၏ အစိတ်အပိုင်းအများစုကို ၎င်း၏ ပိုင်နက်အဖြစ် တရုတ်နိုင်ငံက ကြေငြာထားပြီး အကြီးအကျယ် တောင်းဆိုမှုများ ပြုလုပ်နေခဲ့သည်။
ဗီယက်နမ်နိုင်ငံကို နမူနာယူ၍ ဖိလစ်ပိုင်အစိုးရက ဧပြီလ ၂၂ ရက်နေ့တွင် တရုတ်ခရိုင်သစ်များ ကြေညာမှုနှင့် ဖေဖော်ဝါရီ ၁၇ ရက် က အဖြစ်အပျက်တို့နှင့် ပတ်သက်၍ သံတမန်ရေးအရ ဆန့်ကျင်ကန့်ကွက်မှု ၂ ခု ပြုလုပ်ခဲ့သည်။ အဆိုပါ ဖြစ်ရပ်သည် ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ကိုရိုနာဗိုင်းရပ် တ်ိုက်ဖျက်ရေးအတွက် တရုတ်နိုင်ငံ၏ အကူအညီများကို ရယူနေရသည့်တိုင် တရုတ်နိုင်ငံအပေါ် စိုးရိမ်မှုများ တိုးလာနေသည်ကို ဖော်ပြနေသည်ဟု Collin Koh က ပြောသည်။ တချိန်တည်းမှာပင် မလေးရှားနိုင်ငံက အားလုံးကို တည်တည်ငြိမ်ငြိမ် ရှိကြရန်နှင့် ဆက်သွယ်ရေးလိုင်းများ ဖွင့်ထားရန် တိုက်တွန်းခဲ့သည်။
တင်းမာမှုများမြင့်တက်နေချိန်တွင် အမေရိကန်နှင့် သြစတြေးလျ စစ်သင်္ဘောများက အငြင်းပွားနေသော ရေပြင်အတွင်းသို့ ခုတ်မောင်းသွားခဲ့ကြသည်။ တရုတ်နိုင်ငံမှ တိုင်းတာရေး ရေယာဉ်တစီးဖြစ်သော Haiyang Dizhi 8 အလုပ်လုပ်နေသောနေရာအနီး ဧရိယာတခုသို့ ဖြစ်သည်။ တရုတ်သင်္ဘောက မလေးရှား အစိုးရပိုင် ရေနံကုမ္ပဏီ Petronas နှင့် စာချုပ်ချုပ်ထားသော တူးဖော်ရေး သင်္ဘောတစီးနှင့် နီးကပ်သည့် နေရာတွင် အလုပ်လုပ်နေခြင်း ဖြစ်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များကို ကိုးကား၍ ရိုက်တာက ဧပြီလကုန်ပိုင်း ရက်များအတွင်း သတင်း ဖော်ပြခဲ့သည်။
အမေရိကန် ပစိဖိတ်စစ်ဌာနချုပ်က အမေရိကန်-သြစတြေးလျ ရေတပ် စစ်ရေးလေ့ကျင့်မှုတခုကို အတည်ပြုခဲ့သော်လည်း တည်နေရာ အတိအကျကို မဖော်ပြခဲ့ပေ။ သြစတြေးလျ ဖရီးဂိတ် စစ်သင်္ဘော HMAS Parramatta က အမေရိကန် ရေတပ်မှ ပဲ့ထိန်း ဒုံးကျည်တပ်ဆင်ထားသော Ticonderoga အတန်းအစား စစ်သင်္ဘော Bunker Hill နှင့် အတူ စတင်ထွက်ခွာသွားခဲ့ပြီးနောက် ဧပြီလ ၁၈ ရက်နေ့တွင် သတ်မှတ်ထားသည့် နေရာ၌ တိုက်ခိုက်ရေး သင်္ဘော USS America နှင့် Arleigh-Burke အတန်းအစား ပဲ့ထိန်းဒုံးကျည်တပ် ဖျက်သင်္ဘော USS Barry တို့နှင့် တွေ့ ဆုံခဲ့သည်ဟု သူတို့က ပြောသည်။
IDSS မှ ရေကြောင်းလုံခြုံရေးကျွမ်းကျင်သူ Collin Koh က အမေရိကန်ရေတပ် ရောက်လာခြင်းသည် ၎င်း၏ တပ်ဖွဲ့ အချို့ ဗိုင်းရပ်စ်ကြောင့် ကူးစက်ရောဂါ ခံစားနေရသည့်အချိန်တွင် ဝါရှင်တန်၏ ကတိကဝတ်ကို ပြသခြင်း ဖြစ်သည်ဟု ပြောသည်။ မတ်လ အတွင်းတွင် ကူးစက်ရောဂါကြောင့် အမေရိကန်က မေလတွင် ပြုလုပ်ရန် သတ်မှတ်ထားသော ဖိလစ်ပိုင်နှင့် ၎င်း၏ အကြီးဆုံးစစ်ရေးလေ့ကျင့်မှုကို ဖျက်သိမ်းခဲ့သည်။
“သြစတြေးလျတပ်ဖွဲ့တွေက တောင်တရုတ်ပင်လယ်အတွင်းမှာ သူတို့ရဲ့ ပုံမှန်ရေတပ် တည်ရှိဖို့ လှုပ်ရှားနေတာကို ကျနော်တို့ မြင်ရလိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု Collin Koh က ပြောသည်။
သို့သော် တရုတ်အစိုးရက တောင်တရုတ်ပင်လယ်အတွင်းရှိ လုပ်ငန်းများကို အရှိန်လျှော့လိမ့်မည်ဟု Asia Maritime Transparency Initiative မှ Gregory Poling က မမျှော်လင့်ပါ။ တရုတ်၏ နောက်လာမည့် လုပ်ရပ်များအတွက် “ကန့်သတ်ချက်ဟူ၍ မရှိ” ဟု သူက ပြောသည်။
“တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့နဲ့ စစ်သင်္ဘောတွေက ဒေသတွင်းက ငါးဖမ်းလုပ်ငန်းနဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းတွေကို ဆက်လက် နှောင့်ယှက်နေပါလိမ့်မယ်။ ဒါကြောင့် နောက်ထပ်ပြဿနာက တချိန်မဟုတ် တချိန်မှာ ဖြစ်လာမှာပဲ” ဟု Gregory Poling က ပြောသည်။
တရုတ်နိုင်ငံက ရေဒါနှင့် ထောက်လှမ်းရေးသတင်းများ စုဆောင်းရန် ၂၀၁၂ ခုနှစ်တွင် ဖိလစ်ပိုင်နှင့် အငြင်းပွားပြီး ရယူထားသည့် စကားဘိုးရိုး Scarborough ရေတိမ်သောင်ခုံတွင် လေကြောင်းရန်ကာကွယ်ရေးဇုန် တခု သို့မဟုတ် ပလက်ဖောင်း တခု တည်ထောင်နိုင်သည်ဟု သူက ဆိုသည်။
“အဲဒါတွေက မနက်ဖြန်မှာ ဖြစ်လာမယ်လို့တော့ ကျနော် မထင်ပါဘူး။ ဒါပေမယ့် အဲဒါတွေ အားလုံး အနှေးနဲ့ အမြန် ဆိုသလို ဖြစ်လာပါလိမ့်မယ်။”
ကိုးကား။ ။ Nikkei Asian Review မှ New South China Sea tensions rattle Manila and Hanoi amid pandemic
ဆက်စပ်လင့်
ထိုင်ဝမ်ကို တရုတ်သိမ်းချိန်ရောက်ပြီလား
ကိုဗစ်-၁၉ ကာလ တောင်တရုတ်ပင်လယ်တွင် တရုတ် အမြတ်ထုတ်
Covid-19 က ကမ္ဘာ့နိုင်ငံရေးကို ပုံစံသစ် ပြောင်းသွားစေနိုင်သည်