ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါတခု ဖြစ်နေသည့် COVID-19 ရောဂါပိုး ကူးစက်ပျံ့ နှံ့နေချိန်တွင် နေပြည်တော်ရှိ လွှတ်တော် များတွင် သတင်းရယူမည့် သတင်းထောက်များအတွက် ကန့်သတ်မှုတချို့ ပြုလုပ်ထားကြောင်း ပြည်ထောင်စု လွှတ်တော် ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးက ပြောသည်။
ကန့်သတ်ချက်များမှာ သတင်းဌာနတခုလျှင် တဦးသာ သတင်းရယူခွင့်ပြုခြင်း၊ အစည်းအဝေးကာလ လွှတ်တော်တွင်း မည်သူ့ကိုမျှ တွေ့ ဆုံမေးမြန်းခြင်း မပြုလုပ်ရန်နှင့် လိုအပ်ပါက COVID-19 ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးမှု ခံယူရမည် အချက်တို့ ပါဝင်ကြောင်း သိရသည်။
“ကျနော်တို့ ပထမ စဉ်းစားတာက မီဒီယာတွေကို ဒီတကြိမ်ကန့်သတ်လိုက်မလားပေါ့။ သို့သော်လည်းပဲ အဲဒီလို လုံးဝ သတင်းရယူဖို့အတွက် ဝင်ရောက်ခွင့် မပြုဘူး ဆိုတာထက် စာရင်တော့ အဲလိုလေး ကန့်သတ်ချက်လေးနဲ့ လုပ်ရင် ပို သင့်မယ်ဆိုပြီးတော့ ဆွေးနွေးကြပြီးတော့ ဆောင်ရွက်ထားတာပါ”ဟု ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးက ပြောသည်။
နေပြည်တော်ရှိ ပြည်ထောင်စု လွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှာ လာမည့် မေလ ၁၈ ရက်နေ့ တွင် ပြန်လည် စတင်တော့မည် ဖြစ်သည်။
သတင်းမီဒီယာများကို အထက်ပါအချက်များ လိုက်နာရန် မေလ ၂ ရက်နေ့က မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသို့ စာပို့ အကြောင်းကြားထားကြောင်း၊ COVID-19 ကာလ ဖြစ်သဖြင့် ယခုလို အကန့်အသတ်ဖြင့် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း လွှတ်တော်မှ ညွှန်ကြားရေးမှူး ဦးကျော်စိုးက ရှင်းပြသည်။
“ဒီကာလလေးမှာတော့ မျက်နှာချင်းဆိုင်တွေ့ ပြီး အင်တာဗျူးပေါ့။ အဲဒါကိုတော့ ဘယ်ကိုမှ မလုပ်နဲ့ပေါ့။ ဒါက လွှတ်တော် ဝင်း အတွင်းကိုပဲ ပြောတာပါ။ ကျန်တဲ့နေရာတော့ ကျနော်တို့ ဘာမှ မပြောပါဘူး။ နောက်တခုကတော့ လိုအပ်ရင် မီဒီယာ အဖွဲ့တွေကိုလည်း ကျန်းမာရေး စစ်ဆေးပေးနိုင်မလားပေါ့။ ဒါကတော့ Confirm မဖြစ်သေးဘူး။ လိုအပ်ရင် လုပ်နိုင်ဖို့ အတွက် လာမယ့်လူ အမည်စာရင်းကိုလည်း ၈ ရက်နေ့ အရောက် တောင်းထားတယ်”ဟု ၎င်းက ပြောသည်။
ယခုအကြိမ် လွှတ်တော်တွင် သတင်းရယူမည့်သူများသည် အမည်၊ ဌာန၊ မှတ်ပုံတင်၊ ကျန်းမာရေး စစ်ဆေးခံယူမည့် နေရာနှင့် လိပ်စာတို့ကို ဖြည့်စွက်၍ လွှတ်တော်သို့ တင်ပြရမည် ဖြစ်ကြောင်း၊ သို့သော် ယခုအကြိမ် ကန့်သတ်မှုများကို သတင်းရယူခွင့် ကန့်သတ်သည်ဟု ပြော၍ မရကြောင်း သတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးကျော်စွာမင်းက ပြော သည်။
ဦးကျော်စွာမင်းက “လက်ရှိ အနေအထားကိုလည်း ကျနော်တို့ နားလည်တယ်။ သတင်းစာ ရှင်းလင်းပွဲတွေတောင်မှ တပ်မတော်ဆို လူနည်းနည်းလေးပဲ ခေါ်တယ်။ သမ္မတရုံးဆိုလည်း အွန်လိုင်းကနေပဲ လုပ်တော့ ဒါကိုကြည့်ခြင်းအားဖြင့် ကိုဗစ် ကာကွယ်ရေးကို ထိန်းချုပ်တဲ့ သဘောပဲ”ဟု ပြောသည်။
၎င်းက ဆက်၍ “သတင်းသမားတွေအတွက် လွတ်လွတ်လပ်လပ် ဖွင့်ပေးနိုင်ရင်တော့ ကောင်းတာပေါ့။ တဖက်မှာက ကိုဗစ်ထိန်းချုပ်နိုင်ရေး အတွက် လောလောဆယ်တော့ ဒီအပေါ်မှာ မှတ်ချက်တော့ မပြောလိုဘူး။ တချို့ကလည်း ရုပ်သံဆိုရင် ဘယ်လိုလုပ်မလဲ မေးကြတယ်။ အခုကလည်း ဒီကာလလေးမှာတော့ ပူးပေါင်းဆောင်ရွက်ပေးစေချင်ပါတယ် ဆိုပြီး တဖက်က တောင်းဆိုတဲ့အတွက် အခုလို သတင်းယူခွင့်ပေးတာကိုပဲ Appreciate လုပ်ရမယ် သဘော ဖြစ်ပါတယ်”ဟု ပြောသည်။
Mizzima သတင်းဌာန၏ နေပြည်တော် တာဝန်ခံ ဦးသန်းထိုက်အောင်ကမူ လွှတ်တော်၏ ယခု ကန့်သတ်ချက်များကြောင့် သတင်းရယူမှုအပိုင်းတွင် အခက်အခဲများ ရှိကြောင်း၊ အင်တာဗျူး လုပ်ခွင့် မရသဖြင့် ရုပ်သံ သတင်းထောက်များတွင် ပို၍ အခက်အခဲ ဖြစ်စေကြောင်း ပြောသည်။
ဦးသန်းထိုက်အောင်က“ကျနော်တို့က ၆ ပေခွာ အင်တာဗျူး လုပ်ရမယ်လို့ ကြားတာ။ အခုတော့ လုံးဝ ကန့်သတ်လိုက် တာပေါ့။ တကယ်ဆို ၆ ပေခွာပြီး ဗျူးမယ်။ ပြီးတော့ သတင်းထောက် ၂ ယောက်လောက်ကပဲ ယူရိုက်၊ ပြီးမှ ပြန်မျှယူ လိုက်ဆိုပြီး လုပ်ရင်လည်း ရတာပဲ။ အခုလိုမျိုးကြီး လုပ်လိုက်တော့ သတင်းရယူမှု အပိုင်းမှာ အခက်အခဲတွေ အများကြီး ဖြစ်သွားတာပေါ့”ဟု ပြောသည်။
သတင်းထောက်များကိုသာမက လွှတ်တော်ကိုယ်စားလှယ်များကိုလည်း ကျန်းမာရေး စစ်ဆေးမှု ခံယူရန် နေပြည်တော်သို့ ၁၀ ရက်ခန့် ကြိုခေါ်ထားကြောင်း၊ နေပြည်တော်တွင် COVID-19 ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးပေးမည် ဖြစ်ကြောင်းလည်း လွှတ်တော် အရာရှိများထံမှ သိရသည်။
လွှတ်တော် အရာရှိ ဦးကျော်စိုးက “ပုံမှန်အနေအထားတော့ မဟုတ်ဘူး။ ကျန်းမာရေးအရ သက်ဆိုင်ရာက သတ်မှတ် ထားတဲ့ ကြိုတင်ကာကွယ်ရေးပေါ့ဗျာ။ Mask တပ်ရမယ်တို့ ကျန်းမာရေးအရ ကြိုတင်ကာကွယ်တာတွေ လုပ်မှာပေါ့။ နောက်တခုက Social Distancing ရအောင်လည်း လွှတ်တော်အလိုက် အားလုံး စီစဉ်ထားတယ်”ဟု ပြောသည်။
လွှတ်တော်မှ ကိုယ်စားလှယ်များကို ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ပေးမည် ဖြစ်သဖြင့် နေပြည်တော်သို့ လာမည့် မေလ ၉ ရက်၊ ၁၀ ရက်နေ့များတွင် အရောက်သွားရမည် ဖြစ်ကြောင်း၊ တိုင်းနှင့်ပြည်နယ် အသီးသီးမှ ကိုယ်စားလှယ် များသည် စုရပ်တခု သတ်မှတ်၍ တစုတစည်းတည်း နေပြည်တော်သို့ သွားရောက်ရမည် ဖြစ်ကြောင်း လွှတ်တော် ကော်မတီ အတွင်းရေးမှူး ဒေါက်တာ လှမိုးက ပြောသည်။
NLD ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သူ ဒေါက်တာ လှမိုးက“လွှတ်တော် ကျင်းပတာကိုတော့ သ တင်းထုတ်လွှင့်နေမှာပဲလေ။ အင်တာဗျူးလောက်ပဲ မရတာ ရှိမှာပေါ့။ လွှတ်တော်မှာ အကြောင်းအရာကလည်း ၂ ခု ၃ ခု အရေးပေါ် လုပ်စရာ ရှိတာကိုး။ လွှတ်တော် ကာလကလည်း သိပ်မကြာနိုင်ဘူး။ ၂ ပတ်လောက်ပါပဲ”ဟု ပြောသည်။
ကမ္ဘာပေါ်တွင် COVID-19 ရောဂါပိုး ကူးစက်မှု ပြင်းထန်နေချိန် မြန်မာနိုင်ငံတွင် လူ ၅ ယောက်နှင့်အထက် ပိုမစုကြရန် အစိုးရက ထုတ်ပြန်ထားသော်လည်း နေပြည်တော်တွင် လွှတ်တော် အစည်းအဝေးများကို လာမည့် မေလ ၁၈ နေ့ တွင် ပြန်လည် စတင်တော့မည်ဟု ကြေညာသည့်အခါ စိုးရိမ်မိကြောင်း လွှတ်တော် ကိုယ်စားလှယ်တချို့က ထုတ်ဖော် ပြော ဆိုထားသည်။
ယခု တကြိမ် ပြန်လည် ကျင်းပမည့် လွှတ်တော် အစည်းအဝေးများတွင် COVID-19 ကပ်ရောဂါ တိုက်ဖျက်ရေး ကမ္ဘာ့ ဘဏ်၏ ချေးငွေများကို အတည်ပြုခြင်း၊ နိုင်ငံတော်၏ ဖြည့်စွက်ဘတ်ဂျက်များကို အတည်ပြုခြင်း စသည့် မဖြစ်မနေ ဆောင်ရွက်ရမည့် ကိစ္စရပ်များ ရှိနေကြောင်း သတင်း ရရှိသည်။
You may also like these stories:
ရုရှားနိုင်ငံရောက် တပ်မတော်အရာရှိ ၂ ဦးတွင် COVID-19 ရောဂါပိုးထပ်တွေ့
ကပ်ရောဂါကာလ တောင်တရုတ်ပင်လယ်မှာ ဗီယက်နမ်နှင့် ဖိလစ်ပိုင်ပါ တရုတ် ထပ်ရန်ရှာ
COVID-19 အရေးပေါ်ကုသရေး remdesivir ကို အမေရိကန် FDA အသုံးပြုခွင့်ပေး