COVID-19 ကာကွယ် ထိန်းချုပ်ရေး အတွက် အသွားအလာ ပိတ်ထားသော အိန္ဒိယနိုင်ငံသို့ အကြောင်း အမျိုးမျိုးကြောင့် ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ၂၀၀ နီးပါး ပြန်လာရန် အခက်အခဲဖြစ်နေကြောင်း သတင်း ရရှိသည်။
လူဦးရေ ၁ သန်းကျော် နေထိုင်သော အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် COVID-19 ပိုးရှိသူ လူနာ ၁ ဦးတွေ့ရှိခဲ့သည့် မတ်လ ၂၁ ရက်မှ စတင်ပြီး မေလ ၃ ရက်နေ့ထိ မည်သူမှ အိမ်အပြင်မထွက်ရ အမိန့်ထုတ်ကာ Lockdown ၁ လကျော် ချထားသည်။
ထို Lockdown ကာလအတွင်း အကြောင်းအမျိုးမျိုးကြောင့် အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများသည် စားသောက် နေထိုင်မှု အခက်အခဲများစွာ ဖြစ်နေရကြောင်း သိရသည်။
ချင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (CNLD) ဥက္ကဋ္ဌ ဦးနိုးထန်ကပ်က“COVID-19 ကြောင့် အာသံ Gawati မှာလည်း ပိတ်မိ တဲ့ သူတွေ ရှိသလို မီဇိုးရမ်ပြည်နယ်မှာလည်း ရှိတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ လက်ထဲမှာ ငွေမရှိတော့ဘူး လေ။ အားလုံးက မထင်မှတ်ဘဲ ရုတ်တရက် ပိတ်လိုက်တာဆိုတော့၊ ငွေမရှိတော့ စားသောက်နေထိုင်ဖို့ အရာအားလုံး ခက်ခဲ သွားပြီ လေ။ အစပိုင်းမှာဆိုတော့ ၅၀၊ ၆၀ လောက်ဝင်လာတယ်။ အခုနောက်ပိုင်း များများလာတော့ ၂၀၀ နီးပါးပေါ့” ဟု ဧရာဝတီ သို့ ပြောသည်။
အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာရန် အခက်အခဲရှိနေသည့် လူဦးရေ ၂၀၀ နီးပါးကို မီဇိုရမ်ပြည်နယ်နှင့် နီးကပ်စွာ တည် ရှိနေသည့် ရိဒ်ခေါ်ရ် နယ်စပ်ဂိတ်မှ တရားဝင် ပြန်လာခွင့်ရရှိရေး အတွက် အမြန်ဆုံး စီစဉ်ဆောင်ရွက်ပေးရန် ချင်းပြည်နယ် အစိုးရ ထံသို့ CNLD က မေလ ၂ ရက်တွင် စာပို့ တိုက်တွန်းထားကြောင်း သိရသည်။
ဦးနိုးထန်ကပ်က“ကျနော်တို့ကတော့ မီဇိုရမ်အစိုးရနဲ့ ချင်းအစိုးရကို မေတ္တာရပ်ခံတဲ့ သဘောဖြစ် တယ်။ ရိဒ်ခေါ်ရ် နယ်စပ်မှာ ကျောင်းသားတွေ ပြန်လာချင်နေကြသူတွေ အများကြီးရှိတယ်။ သူတို့အနေနဲ့ လက်ထဲမှာ ငွေမရှိတော့လို့ စားစရာလည်း ကုန်နေတယ်။ တော်တော်လေး ဒုက္ခရောက်နေတယ်လို့ ကြားသိရတဲ့ အတွက် ကျနော်တို့အနေနဲ့ မေတ္တာရပ်ခံတာ ဖြစ်တယ်” ဟု ပြောသည်။
အဆိုပါ ပေးပို့စာတွင် မြန်မာနိုင်ငံသားများသည် အိန္ဒိယနိုင်ငံသို့ အသက်မွေးဝမ်းကျောင်း ပြုရန်ဖြစ်စေ၊ ပညာ ဆည်းပူးရန် ဖြစ်စေ၊ လူမူရေးကိစ္စ ဆောင်ရွက်ရန်ဖြစ်စေ တရားဝင် နည်း ဖြင့်သော်လည်းကောင်း၊ တရားမဝင်သည့် နည်းဖြင့်သော် လည်း ကောင်း သွားရောက်ကြပြီး COVID-19 ရောဂါကြောင့် မြန်မာနိုင်ငံအတွင်းသို့ ပြန်လာရန် အခက်အခဲ ဖြစ်နေရသည် ဆိုထား သည်။
ထို တိုက်တွန်းစာနှင့်ပတ်သက်ပြီး ချင်းပြည်နယ် အစိုးရက ဖလမ်း နယ်စပ် ခရိုင်သို့ အကြောင်း ကြားထားပြီးဖြစ်သလို လက်ရှိ ဖလမ်းမြို့နယ်တွင်လည်း ထိုင်း၊ တရုတ်နှင့် အိန္ဒိယ ဘက်မှ ပြန်လာပြီး Quarantine ဝင်နေသူ ၁၀၀ ခန့် ရှိကြောင်း ဖလမ်းခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းက ပြောသည်။
ထို့ပြင် အိန္ဒိယနိုင်ငံရှိ မြန်မာနိုင်ငံသားများသည် မီဇိုရမ်ပြည်နယ်မှတဆင့် မြန်မာနိုင်ငံသို့ ပြန်လာချင်ကြရာ၊ မီဇိုရမ် ပြည်နယ် အစိုးရကလည်း မြန်မာနယ်စပ်ဂိတ်အထိ ကူညီပို့ဆောင်ရန် အဆင်သင့်ရှိနေသည်ဟု CNLD ထံမှ သိရသည်။
ချင်းပြည်နယ် အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ စည်ပင် ဝန်ကြီး ဦးစိုးထက်က အိန္ဒိယနယ်စပ် ဂိတ်မှ တရားဝင် ပြန်လာလို သူများကို ပြည်နယ် အစိုးရအနေဖြင့် လက်ခံထားမည်ဖြစ်ပြီး ပြန်လာသူ မည်သူမဆို Quarantine ၂၁ ရက်နေပြီးမှ သက် ဆိုင်ရာ နေရပ်အသီးသီးသို့ ပြန်ပို့ပေးမည်ဟု ပြောသည်။
ယခုအိန္ဒိယမှ ပြန်လာလိုသူများသည် ချင်းပြည်နယ်မှ ချင်းလူမျိုး အများဆုံးဖြစ်ပြီး ကလေးမြို့ နှင့် တမူးမြို့နယ် ဘက်မှ လူ တချို့လည်း ပါဝင်ကြောင်း သိရသည်။
ဝန်ကြီး ဦးစိုးထက်က“အိန္ဒိယအစိုးရနဲ့က အခုလည်း ညှိနှိုင်းပြီးလာတာရှိသလို မညှိနှိုင်းဘဲနဲ့ လာတာလည်း ရှိတယ်။ ကျနော်တို့နဲ့ တရားဝင်ဂိတ်က ရိဒ်ခေါ်ရ်ဂိတ်တခုပဲ ရှိတာဆိုတော့ သူတို့က နယ်စပ်ဂိတ်အထိ ပို့ပေးရင် ကျနော်တို့က သူတို့နဲ့အနီးစပ် ဆုံးမြို့နယ်မှာ Quarantine လုပ်ပါမယ်။ အခုလောလောဆယ်တော့ သူတို့က မပို့ပေးဘူး။ ကျနော်တို့ဆီကို ရောက်လာတဲ့သူ ကတော့ အယောက် ၃၀ ကျော်လောက်ရှိတယ်။ သူတို့ကိုတော့ Quarantine ၂၁ ရက်ပြည့်ရင် ပြန်ပို့မှာပေါ့”ဟု ပြောသည်။
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှ မြန်မာနိုင်ငံသို့ ပြန်လာကြမည့် မြန်မာနိုင်ငံသားများအား နယ်စပ်ဂိတ်များမှ လက်ခံကြိုဆို နိုင် ရန်၊ အသွားအလာ ကန့်သတ်မှုများပြုလုပ်ခြင်း Facility Quarantine ပြုလုပ်နိုင်ရန်နှင့် လိုအပ်သည့် အကူအညီ အထောက် အပံ့များ အမြန်ဆုံး ဆောင်ရွက်စီစဉ်ပေးရန် ချင်းပြည်နယ် အစိုးရအဖွဲ့ကို CNLD က တိုက်တွန်းထားသည်။
ဆက်စပ်ဖတ်ရှုရန် –
နာဂနယ်စပ်ဂိတ် ပိတ်ရက်ရှည်ပါက ဒေသခံများ ကျန်းမာရေးအတွက် အခက်တွေ့နိုင်