ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်က တမိသားစုလုံး COVID-19 ကူးစက်ခံရသည့် အိမ်မှ အသက် ၁ နှစ်အရွယ် German Shepherd (GSD) အမျိုးအစား ခွေးကလေး ဂျက်ကီကို သီးခြားထားရှိပြီး စောင့်ကြည့်ခဲ့ရာ မေလ ၃ ရက်နေ့ ၌ ၁ လတင်းတင်း ပြည့်ပြီ ဖြစ်သည်။
ဂျက်ကီသည် COVID-19 ရောဂါနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် ပထမဆုံး စောင့်ကြည့်ခံ၊ အသွားအလာ ကန့်သတ် ခံခဲ့ရသည့် အိမ်မွေးတရိစ္ဆာန်လည်း ဖြစ်သည်။
“သူ့မှာ ဘာရောဂါ လက္ခဏာမှ မရှိဘူး။ ထူးခြားချက် ဘာမှမရှိဘူး။ အခုဆို လန်းလန်းဆန်းဆန်း တက်တက်ကြွကြွနဲ့ သူ့မှာ ကိုဗစ်မပြောနဲ့ ရိုးရိုးနှာစီးချောင်းဆိုတောင် မရှိဘူး” ဟု ဂျက်ကီကို ကယ်တင်ခဲ့သူ ကိုအောင်ကျော်မိုးက အခြေ အနေကို ပြောပြသည်။
ကိုအောင်ကျော်မိုးသည် ပဲခူးတိုင်း ပြည်မြို့နယ်မှ အနန္တမေတ္တာ ပိုင်ရှင်မဲ့လေလွင့်ခွေးများ ကယ်ဆယ်စောင့်ရှောက်ရေး ပရဟိတဂေဟာ တည်ထောင်သူဖြစ်သည်။
မိသားစုဝင် ၄ ဦးစလုံး COVID-19 ရောဂါကူးစက်ခံရပြီး ဆေးရုံတွင် သီးခြားထားရှိလိုက်သောအခါ အိမ်တွင် ၁ ကောင် တည်း ကျန်ရစ်ခဲ့သည့် ဂျက်ကီကို သတ်ပစ်ရတော့မည့် အခြေအနေ၌ ကိုအောင်ကျော်မိုး၏ ကူညီကယ်ဆယ်မှုကြောင့် ဆက်လက် အသက်ရှင်သန်ခွင့် ရခဲ့သည်။
ဂျက်ကီ၏ ပိုင်ရှင်မှာ ပေါက်ခေါင်းမြို့နယ် ဒု-အုပ်ချုပ်ရေးမှူး ဖြစ်ပြီး သူနှင့် သူ၏ အသက် ၁၀ နှစ်အရွယ် သား၊ ၈ နှစ် အရွယ် သမီးနှင့် ၁၈ နှစ်အရွယ် တူမတို့သည် ရောဂါပိုး ကူးစက်ခံရကြောင်း (လူနာအမှတ် ၁၇၊ ၁၈၊ ၁၉၊ ၂၀) ဧပြီ ၂ ရက်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
၎င်းတို့သည် ဒု-အုပ်ချုပ်ရေမှူး၏ ဇနီးထံမှ ကူးစက်ခံရသည်ဟု ယူဆထားပြီး အသက် ၄၅ နှစ်အရွယ် ၎င်း၏ဇနီး (လူ နာအမှတ် ၁၅) သည် ရန်ကုန်တွင် နေထိုင်သူဖြစ်ကာ ရောဂါပိုးကူးစက်ခံရကြောင်း မတ် ၃၁ ရက်၌ သိရခြင်း ဖြစ်သည်။

အဆိုပါ အသက် ၄၇ နှစ်အရွယ် ပေါက်ခေါင်းမြို့နယ် ဒု-အုပ်ချုပ်ရေးမှူးသည် ဧပြီ ၈ ရက် နံနက် ၃ နာရီ ၄၀ မိနစ်တွင် ကွယ်လွန်သွားခဲ့ပြီး ၎င်း၏ဇနီး၊ သမီးနှင့် တူမဖြစ်သူတို့မှာ (လူနာအမှတ် ၁၅၊ ၁၉၊ ၂၀) ပိုးမတွေ့ရှိတော့ဘဲ ပြန်လည် ကောင်းမွန်လာပြီဖြစ်ရာ ဆေးရုံဆင်းခွင့် ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။
ကိုအောင်ကျော်မိုးသည် ဂျက်ကီကို တခြားသူများနှင့် သီးခြားဖြစ်စေရန် ပဲခူးရိုးမတောထဲရှိ တောင်ပေါ် ခြံတခြံတွင် ဧပြီ ၃ ရက်နေ့မှ စတင်ကာ ၁၂ ရက်တာ အတူနေထိုင် စောင့်ရှောက်ပေးပေးခဲ့ပြီး ဂျက်ကီကို မည်သည့်အချိန် အစာကျွေး သည်၊ အပူတိုင်းသည်၊ ရေ ချိုးပေးသည်တို့မှစ၍ အားလုံးကို မှတ်တမ်းတင်ထားခဲ့ကြောင်း ၎င်းက ပြောပြသည်။
ထို့နောက် ၎င်းအနေဖြင့် Quarantine ၂၁ ရက်ဝင်ရန် ပြည်မြို့သို့ ပြန်လာရသဖြင့် ယုံကြည်စိတ်ချရမည့် ရန်ကုန်တိုင်း အတွင်း (ရန်ကုန်-ပဲခူးအစပ်) ရှိ ၎င်း၏ ဆွေမျိုးနီးစပ်ထံ ဂျက်ကီအား အပြီးပိုင် ပေးထားခဲ့သည်ဟု ကိုအောင်ကျော်မိုး က ဆိုသည်။
“ကျနော်က Quarantine ဝင်ရမယ်ဆိုတော့ အပြီးပေးခဲ့လိုက်တယ်။ ကိုယ့်ကိုယ်ကိုလည်း စိတ်မချဘူး။ ဘာမဆို ဖြစ် သွားနိုင်တော့ ဂျက်ကီရဲ့ အသက်လုံခြုံရေးနဲ့ ကျန်းမာရေးကို စောင့်ရှောက်ဖို့ ထားခဲ့တာ” ဟု ၎င်းက ဖွင့်ဟပြောသည်။
အိမ်မွေးတိရစ္ဆာန်ကနေ အပြန်အလှန် ကူးတယ်ဆိုပြီး စိုးရိမ်ပူပန်နေစိတ်များကိုလည်း လျှော့ချပေးချင်သည့်အတွက် ဂျက်ကီနှင့်အတူ သတင်းစာရှင်းလင်းပွဲတခု ပြုလုပ်ရန်လည်း စိတ်ကူးထားကြောင်း ၎င်းက ပြောသည်။
“အိမ်မွေးတိရစ္ဆာန်နဲ့ လူ အပြန်အလှန် မကူးခဲ့ဘူးဆိုတာကို ကျနော့်အနေနဲ့ ထုတ်ပြချင်တယ်။ စိုးရိမ်နေတဲ့သူတွေကို လည်း မစိုးရိမ်ဖို့။ မကူးစက်တတ်ဘူးဆိုပေမယ့် ထိတွေ့ကိုင်တွယ်တဲ့နေရာမှာ ပေါ့ပေါ့လျော့လျော့ မလုပ်ဖို့ ဆိုတာတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေချင်လို့ပါ” ဟု ကိုအောင်ကျော်မိုးက ဆိုသည်။
ကိုရိုနာဗိုင်းရပ်စ်သည် ခွေးများတွင် ရှေးယခင်ကတည်းက ရှိပြီး ကာကွယ်ဆေးများကိုလည်း ထိုအချိန်ကတည်းက ထိုးပေးကြကြောင်း၊ ခွေးများနှင့် လူတွင် ဖြစ်သည့် ကိုရိုနာဗိုင်းရပ်စ် ဗီဇ(strain)ချင်း မတူကြောင်း၊ ယခုအချိန်ထိလည်း အိမ်မွေးတိရစ္ဆာန်မှတဆင့် လူကို ကူးသည်ဟု မကြားသေးကြောင်း တိရစ္ဆာန်ဆေးကု ဆရာဝန် ဒေါက်တာထင်အောင် က ရှင်းပြသည်။
“မြန်မာနိုင်ငံမှာက ချစ်တော့ ချစ်တတ်တယ်။ ဒါပေမယ့် တိရစ္ဆာန်တွေအပေါ်မှာ ဂရုစိုက်မှု အားနည်းတဲ့ အတွက် ကြောင့် ဖြစ်နိုင်ရင် ကိုင်ပြီးတိုင်း လက်ဆေးတာ၊ သန့်ရှင်းရေးပြန်လုပ်တာ၊ လက်အိတ်နဲ့ ကိုင်တာတို့ လုပ်သင့်ပါတယ်။ ဒါဟာ ကိုရိုနာမှ မဟုတ်ဘူး။ တခြားရောဂါတွေ မဝင်အောင်လည်း ဟန့်တားပေးတယ်” ဟုလည်း ၎င်းက ဆိုသည်။
ဆက်လက်၍ ၎င်းက တိရစ္ဆာန်များကို မွေးမည်ဆိုပါက ကျွေးတာတခုတည်းနှင့် ပြည့်စုံပြီ ထင်နေကြကြောင်း၊ တိရစ္ဆာန် တို့၏ လိုအပ်ချက်ဖြစ်သော ပုံမှန်ကာကွယ်ဆေး ထိုးပေးခြင်း၊ တကိုယ်ရည်သန့်ရှင်းရေးလုပ်ပေးခြင်း၊ ကပ်ပါးကောင် (သန်း၊ မွှား၊ သန်ကောင်)များ မတွယ်ကပ်စေရန် ပုံမှန်ဆေးတိုက်ပေးခြင်းတို့ လုပ်ဆောင်ပေးသင့်သည်ဟု ရှင်းပြသည်။

Marie Stopes International အဖွဲ့မှ မြန်မာပြည်ဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာစစ်နိုင် ကလည်း “လူဆီကနေ ခွေးလေးတွေ ကြောင်းလေးတွေကို ကူးတာရှိတယ်။ ဒါပေမယ့် အဲဒီတိရစ္ဆာန်ဆီက လူကို ပြန်ကူးလိမ့်မယ်ဆိုတဲ့ စဖြစ်တုန်းက လင်းနို့တို့ သင်းခွေချပ်တို့ မျိုးစုံပြောခဲ့သော်လည်း ဒီကနေ့ အဲဒါတွေကို ဒီလောက်ကြောက်ပြီး ရှောင်နေစ ရာ မလိုဘူး။ အဓိက လူအချင်းချင်း ကူးတာပဲ ကြောက်ရတယ်ဆိုတာ ပြောချင်ပါတယ်” ဟု မှတ်ချက်ပြုသည်။
ဂျက်ကီနှင့် ကိုအောင်ကျော်မိုး တွေ့ဆုံခဲ့သည့် ၁ လတာ ပြည့်ချိန်တွင် ဂျက်ကီသည် ကျန်းမာလန်းဆန်းလျက်ရှိသလို ၎င်းသည်လည်း Quarantine ရက်ပြည့်ပြီး အိမ်သို့ ပြန်နားခွင့်ရပြီဖြစ်ကာ အိမ်တွင် Home Quarantine ၇ ရက် နေရန် သာ ကျန်တော့ကြောင်း ကိုအောင်ကျော်မိုးက ပြောသည်။
သူ၏ ဓာတ်ခွဲနမူနာ စစ်ဆေးမှုမှာလည်း ရောဂါပိုးမရှိ (negative) ဟု အဖြေထွက်ကြောင်း ၎င်းက ဆိုသည်။
ဂျက်ကီကို နှာခေါင်းတို့ပတ် နမူနာယူပြီး စစ်ဆေးမှု ပြုလုပ်ခြင်း မရှိခဲ့သော်လည်း ယခုအချိန်၌ စစ်ဆေးရန် မလို အပ်တော့လောက်အောင် ဂျက်ကီ၏ကျန်းမာရေး ၁၀၀ ရာခိုင်နှုန်း ကောင်းမွန်ကြောင်း၊ တာဝန်ရှိသူများအနေဖြင့် အိမ်မွေးတိရစ္ဆာန်နှင့်လူ အပြန်အလှန် ကူးစက်မှုမရှိကြောင်း သက်သေပြနိုင်သည့် ဂျက်ကီနှင့် ပတ်သက်သော မှတ် တမ်းကို ၎င်းထံ ဆက်သွယ်ကာ လာရောက်ယူစေချင်ကြောင်း ၎င်းက ပြောသည်။
“ဒီကာလကြီး ပြီးသွားရင် ဂျက်ကီကို အားလုံး မေ့စေချင်တယ်။ သူ့ကို စိတ်သစ်၊ နာမည်သစ်နဲ့ ပျော်ရွှင်စရာတွေပဲ ဖန် တီးပေးပြီး ဘဝသစ်နဲ့ပဲ ထားတော့မယ်။ အဲဒီအချိန်ကျရင် ကျနော်လည်း ဒီအကြောင်းတွေကို ပြန်ပြောင်းပြောတော့မှာ မဟုတ်ဘူး” ဟု ဂျက်ကီနှင့် ပတ်သက်သည့် ၎င်း၏ဆန္ဒကို ကိုအောင်ကျော်မိုးက ဖွင့်ဟပြောဆိုသည်။
You may also like these stories:
ရုရှားနိုင်ငံရောက် တပ်မတော်အရာရှိ ၂ ဦးတွင် COVID-19 ရောဂါပိုးထပ်တွေ့
နေပြည်တော်ရှိ တပ်မတော်သား ၁ ဦး၌ ကိုဗစ်ပိုးတွေ့
အလုပ်သမားများ အိမ်ပြန်ခွင့်သာဖို့ ထိုင်း-မြန်မာ နယ်စပ်ဂိတ်အားလုံး ဖွင့်ပေးသင့်သည်