အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ COVID-19 ကြောင့် လက်ရှိ အချိန်တွင် ပြည်ပမှ အစားအသောက်ထုတ်ကုန် မှာယူမှု ယခင်ထက် လျော့ကျသွားကြောင်း မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ် တင်ပို့ ရောင်းချသူများ အသင်းက သိရ သည်။
COVID-19 ကြိုတင်ကာကွယ် ထိန်းချုပ်ရန် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနသည် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့်အတူ ကျွမ်းကျင်မှုဆိုင်ရာ ပူးပေါင်း အဖွဲ့များ ဖွဲ့ကာ စက်ရုံ၊ အလုပ်ရုံ၊ အလုပ် ဌာနများကို ဧပြီလ၂၀ မှ မေလ ၁၅ ရက်အတွင်း စစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ပြီး စည်းကမ်းချက်များနှင့် ကိုက်ညီမှ သာ ဖွင့်လှစ်ခွင့်ပေးမည် ဖြစ်ကြောင်း ညွှန်ကြားချက် ထုတ်ပြန်ထားသည်။
ထို့ကြောင့် တချို့ထုတ်ကုန် လုပ်ငန်းများတွင် ကုန်အမှာစာများ ဖျက်သိမ်းရသဖြင့် အမှာစာ လျော့ကျသွားသည့်အပြင် စာချုပ် ဖျက်သိမ်းခ ပေးလျှော်ရသည်များလည်း ရှိနေကြောင်း လုပ်ငန်းရှင်များထံက စုံစမ်း သိရှိရသည်။
မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်း ထွေထွေအတွင်းရေးမှူး ဦးရဲမြင့်မောင် က “ထုတ် လုပ်မှုက အခုလို ရပ်ဆိုင်းတဲ့ အတွက်ရယ်၊ တကမ္ဘာလုံးလည်း ဖြစ်နေတာရယ်ကြောင့် ကုန်အမှာ ၅၀ ရာခိုင်နှုန်းလောက် ကျသွားတယ်။ တဖက်မှာ ရာသီ သီးနှံဖြစ်တဲ့အတွက် ကုန်ပစ္စည်း ထွက်လာတဲ့ အချိန်မှာ မယူနိုင်တော့ ၁၀၀ ရာခိုင်နှုန်း ပေးလျှော်ရတယ်။ နိုင်ငံခြားနဲ့ စာချုပ်ချုပ်ထားတဲ့ ကုန်အချိန်မီ မပို့နိုင်တဲ့အတွက်၂၀ ရာခိုင်နှုန်း လျှော်ပေးရတယ်” ဟု ဧရာ ဝတီသို့ ပြောသည်။
စားသောက်ကုန် လုပ်ငန်းမှာ စိုက်ပျိုးရေး အခြေခံသည့် လုပ်ငန်းဖြစ်သောကြောင့် ရာသီအလိုက် သီးနှံများကို ထည့်၍ စက်ရုံ လည်ပတ် လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း ဦးရဲမြင့်မောင်က ဆိုသည်။
ဆက်လက်၍ ၎င်းက “ပိတ်ဆိုတော့ ပိတ်တယ်။ ဖွင့်ခိုင်းတဲ့အချိန် ပြန်ပြီး ဒီနေ့ဖွင့် မနက်ဖြန် သီးနှံဝယ်လို့ မရဘူး။ ဥပမာ ဧပြီလ သရက်သီး လှိုင်လှိုင်ပေါ်တဲ့အချိန်မှာ မလုပ်ဖြစ်လိုက်ဘူး။ အဲဒီတော့ တောင်သူတွေနဲ့ စာချုပ်ချုပ်ထားတာ လျှော်ရ တယ်။ သီးနှံက ကြိုစိုက်ရတာ” ဟု ရှင်းပြသည်။
စက်ရုံ ပိတ်ထားရခြင်း၊ လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက်ခြင်းတို့ကြောင့် ပြည်ပနိုင်ငံများနှင့် ဧပြီလတွင် ပေးမည်ဟု ချုပ်ဆို ထားသော ကုန်ပစ္စည်း အမှာစာများမှာ ကတိကဝတ် ပျက်ပြယ်ခြင်းကြောင့် ၂၀ ရာခိုင်နှုန်းခန့် ပေးလျှော်ရသည်များ ရှိကြောင်း ၎င်းက ဆိုသည်။
စားသောက်ကုန် တင်ပို့မှုတွင် ကုန်ကြမ်းနှင့် ကုန်ချောဟူ၍ ၂ မျိုး တင်ပို့လျက်ရှိပြီး ကုန်ကြမ်းအနေဖြင့် စိုက်ပျိုးရေး ထွက် သီးနှံများ ဖြစ်သည့် ကုန်စိမ်းများကို တင်ပို့ပြီး၊ ကုန်ချောအနေဖြင့် နှမ်းလှော်မှုန့်၊ နှမ်းဆီမွှေး၊ ဟင်းသီးဟင်းရွက်အခြောက်၊ အေးခဲ ဟင်းသီးဟင်းရွက်၊ ဟင်းသီးဟင်းရွက် အမှုန့်၊ သရက်သီးခြောက်၊ သရက်ပျဉ်၊ ထန်းညှက်၊ ထန်းညှက် အမှုန့်၊ မန် ကျည်းသီး၊ မန်ကျည်းသီး အမှုန့် အစရှိသည့် စိုက်ပျိုးရေး သီးနှံများကို တန်ဖိုးမြှင့်ထုတ်လုပ်၍ အာရှ နိုင်ငံတချို့သို့ တင် ပို့ခြင်း ဖြစ်သည်။
လက်ရှိတွင် အစိုးရ၏ စက်ရုံ၊ အလုပ်ရုံများ စစ်ဆေးမည်ဟု ထုတ်ပြန်ရာတွင် မည်သည့် လုပ်ငန်းများကို စစ်ဆေးမည် ဆို သည်မှာ ကွဲကွဲပြားပြား သိရှိရခြင်း မရှိကြောင်း၊ များသောအားဖြင့် စားသောက်ကုန် လုပ်ငန်းများသည် အသေးစားနှင့် အလတ်စား (Msme) များ ဖြစ်သဖြင့် ယင်းလုပ်ငန်းများကို စစ်ဆေးမည် ဆိုသည့် ပြတ်သားသည့် အဖြေမရှိကြောင်း လုပ် ငန်းရှင်များထံက သိရသည်။
ဆက်လက်၍ စားသောက်ကုန် ထုတ်လုပ်ရေး စက်ရုံပိုင်ရှင် ဖြစ်သူ ဦးရဲမြင့်မောင် က “အချဉ်ပေါင်းလုပ်ငန်း၊ ယိုစုံထုတ် လုပ် တဲ့ လုပ်ငန်းတွေ ရှိတယ်။ ဒီအိမ်တွင်းမှု လုပ်ငန်းတွေရော လာစစ်ဆေးပေးမှာလား။ အဲဒါ သိချင်တာ ကြေညာချက် ထဲမှာ က စက်ရုံပဲ ပါတာ။ စားသောက်ကုန်က Msme လုပ်ငန်းများတယ်။ လူနည်းတဲ့ လုပ်ငန်းတွေရော စစ်ဆေး ပေးမှာလား တိကျတဲ့ လမ်းညွှန်မှု မပါဘူး” ဟု ပြောသည်။
ထို့ကြောင့် အိမ်တွင်းမှု Msme လုပ်ငန်းများ အစစ်ဆေးခံရမည်လား ဆိုသည်ကို မြန်မာနိုင်ငံ စားသောက်ကုန် တင်ပို့ ထုတ် လုပ် ရောင်းချသူများ အသင်းက သက်ဆိုင်ရာ ဌာနများသို့ တင်ပြရန် လုပ်ဆောင်နေသည်။
စားသောက်ကုန် ထုတ်လုပ်သည့် လုပ်ငန်းရှင် တဦး က “မန္တလေးက လုပ်ငန်းရှင်တွေက အသင်းကို မေးတာရှိတယ်။ တချို့ ဆိုရင် လူအယောက် ၂၀ တို့၊ ၅၀ တို့ လုပ်နေတာက သူတို့ဆိုရင် ဖွင့်ခွင့်တွေ ဘာတွေ မတင်တော့ဘူး။ ကိုယ့်နည်း ကိုယ့် ဟန်နဲ့ ကိုယ့်ဘာသာ ဖွင့်တယ်။ အဲဒီတော့ ကျနော်တို့က တကယ်လု့ိ ဖြစ်သွားရင် ဘယ်လိုလုပ်မလဲဆိုတော့ ဖြစ်လာရင် ဖြစ်လာမှပဲ ကြည့်ရှင်းတော့မယ်ဆိုတော့ ဥပဒေရဲ့ ရှင်းလင်းတဲ့ တိကျတဲ့ လမ်းညွှန်မှု မရှိဘူး ဖြစ်နေတယ်” ဟု ထောက်ပြ ပြောဆိုသည်။
မေလ ၃ ရက်အထိ မြန်မာ တနိုင်ငံလုံးတွင် COVID-19 ကြိုတင်ကာကွယ်ရေး အတွက် စက်ရုံ အလုပ်ရုံများ လိုက်နာရ မည့် စည်းမျဉ်း စည်းကမ်းများနှင့် ကိုက်ညီသည့် စစ်ဆေးထားသည့် စက်ရုံ အလုပ်ရုံပေါင်း ၃၃၀၀ ကျော် ရှိနေပြီ ဖြစ် ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ထားသည်။
ရန်ကုန်တိုင်း တတိုင်းလုံးတွင် အစားအသောက် ထုတ်လုပ်ရေး လုပ်ငန်းများ အပါအဝင် စက်ရုံ အလုပ်ရုံပေါင်း ၆၀၀၀ ကျော် ရှိသည့်အနက် တဝက်ကျော် စစ်ဆေးထားပြီး (A) အဆင့် ဖွင့်လှစ်ခွင့်ရ စက်ရုံ ၅၄၀၊ (B) အဆင့် လိုအပ်သည့် အချက်များ ထပ်ဖြည့်ဆည်းပြီးပါက လည်ပတ်နိုင်သည့် စက်ရုံ ၁၈၉၄ ရုံနှင့် (C) အဆင့် နောက်တကြိမ် စစ်ဆေးခံရမည့် စက်ရုံ ၁၆၈ ရုံ ရှိကြောင်း ထုတ်ပြန်ထားသည်။
COVID-19 နောက်ဆက်တွဲကြောင့် စီးပွားရေး လုပ်ငန်းများ ထိခိုက်မှု ရှိနေပြီး အလုပ်သမား ဝန်ကြီးဌာန၏ ထုတ်ပြန် ချက်ကြောင့်လည်း စက်မှု ကုန်ထုတ်လုပ်မှု လုပ်ငန်းများတွင်လည်း ၁၀ ရာခိုင်နှုန်း ဝန်းကျင်သာ စစ်ဆေးပြီးကြောင်း မြန်မာ နိုင်ငံစက်မှု ကုန်ထုတ်လုပ်သူများ အသင်း ဥက္ကဋ္ဌ ဒေါက်တာ အောင်သိန်းက ပြောသည်။
ထို့ကြောင့် စက်မှု ကုန်ထုတ်လုပ်ငန်း အများစုမှာ လတ်တလောတွင် ရပ်ဆိုင်းလျက်ရှိနေသည်။
အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက မေလ ၃ ရက်တွင် စစ်ဆေးနေစဉ်အတွင်း ပြန်ဖွင့် ရန် နိုင်ငံပိုင် စက်ရုံ၊ အလုပ်ရုံများအပြင် လုပ်ငန်းအချို့ကို ကြေညာထားသည်။
ယင်းတို့မှာ ရေပေးဝေရေး လုပ်ငန်း၊ လျှပ်စစ်ဓာတ်အားနှင့် လောင်စာ စွမ်းအင် ထုတ်လုပ် ပို့လွှတ် ဖြန့်ဖြူးသည့် လုပ်ငန်း၊ မီးသတ်လုပ်ငန်း၊ ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများနှင့် ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်း၊ ဆက်သွယ်ရေး၊ သတင်း အချက် အလက်နှင့် နည်းပညာဆိုင်ရာ လုပ်ငန်းတို့ကို မရှိမဖြစ် လိုအပ်သည့် လုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေး၊ သိုလှောင်ရုံနှင့် ပွဲ ရုံလုပ်ငန်း၊ ဆိပ်ကမ်းလုပ်ငန်း၊ ကုန်ပစ္စည်း ပို့ဆောင်ရေးနှင့် ကုန်တင်ကုန်ချလုပ်ငန်း၊ ပို့ကုန်၊ သွင်းကုန် လုပ်ငန်းများနှင့် ကုန်သွယ်မှု လုပ်ငန်း၊ စည်ပင်သာယာရေး ဆိုင်ရာလုပ်ငန်း၊ ဘဏ်နှင့် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း၊ အာမခံ ကုမ္ပ ဏီနှင့် ကုန်ထုတ်လုပ်မှု မရှိသော ကုမ္ပဏီလုပ်ငန်း၊ အလုပ်အကိုင် ရှာဖွေရေး လုပ်ငန်း၊ ပြန်ကြားရေး လုပ်ငန်း၊ မြို့ဝင်ကြေး ၊ လမ်းအသုံးပြုခ၊ တံတားဖြတ်သန်းခ ကောက်ခံသည့် လုပ်ငန်း၊ ဟိုတယ်၊ မိုတယ်နှင့် တည်းခိုခန်း လုပ်ငန်းတို့ ဖြစ်သည်။
ထို့ပြင် အများပြည်သူအတွက် လိုအပ်သော လုပ်ငန်းများအဖြစ် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း ဆိုင်ရာလုပ်ငန်း၊ သတ္တုနှင့် သယံဇာတလုပ်ငန်း၊ ဓာတုဗေဒဆိုင်ရာလုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်း၊ ငါး ၊ ပုဇွန်မွေးမြူရေး ၊ ဖမ်းဆီးရေးနှင့် အအေး ခန်း လုပ်ငန်းတို့ကို သတ်မှတ်ထားသည်။
ဆက်စပ်ဖတ်ရှုရန်
Covid-19 ကာလ နိုင်ငံ့စီးပွားကုစားရေး အစီအစဉ် အစိုးရ ထုတ်ပြန်
ယာယီရပ်နား စက်ရုံလုပ်သားများ၏ လစာ ၄၀ ရာခိုင်နှုန်း အစိုးရက ထောက်ပံ့မည်
မန္တလေး စက်မှုဇုန်တွင် စက်ရုံပေါင်း ၅၀ ခန့် ကွင်းဆင်း စစ်ဆေးပြီး