ကိုဗစ် ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် ထိုင်းနိုင်ငံ၏ ညမထွက်ရ အရေးပေါ်ကြေညာချက်နှင့် ခရိုင်ဖြတ်ကျော် သွားလာခွင့် ကန့်သတ်ချက်များကြောင့် နေရပ်ပြန်ရေး အခက်အခဲ ဖြစ်နေသော မြန်မာရွှေ့ပြောင်း လုပ်သားများ အရေးနှင့် ပတ်သက်ပြီး ထိုင်း-မြန်မာ နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနချင်း ညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ဘန်ကောက်ရှိ မြန်မာသံရုံး၏ အလုပ်သမားသံအရာရှိ ဦးမျိုးမြင့်နိုင်က “ မြန်မာနိုင်ငံကို ကျနော်တို့ လုပ်သားတွေ ပြန်ဖို့အတွက် အဓိကက နယ်ကျော်ဖြတ်ပြီး ပြန်ခွင့်ရနိုင်ရေးအတွက်ကို ထိုင်းနိုင်ငံခြားရေးနဲ့ ဆွေးနွေးနေတယ် ” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိအချိန်တွင် ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ ပြန်လည်လက်ခံရေး ကိစ္စများအတွက် ပြင်ဆင် ဆောင်ရွက်ထားပြီးဖြစ်သော်လည်း မေလကုန်ပိုင်းအထိ သက်တမ်းတိုးထားသော နယ်ကျော်ဖြတ်သန်းသွားလာခွင့် ကန့်သတ်ချက်ကြောင့် မြန်မာလုပ်သားများ နေရပ်ပြန်ရန် အခက်အခဲ ဖြစ်နေရကြောင်း ၎င်းက ဆိုသည်။
ဦးမျိုးမြင့်နိုင်က “အခုလောလောဆယ် အလုပ်က ရပ်ဆိုင်းခံထားရတာ၊ လစာနည်းသွားတာတို့ လစာအပြည့် မရကြတာ တချို့က မြန်မာပြည်ကို အပြီး ပြန်ချင်နေကြတဲ့သူတွေ ရှိကြတာပေါ့။ MoU လုပ်သားဆိုရင် မြန်မာပြည်က အေဂျင်စီ တွေကို တဖက်တလမ်းက ကူညီ ဆောင်ရွက်ခိုင်းတာတွေ၊ ထိုင်းအလုပ်ရှင်တွေ ကျနော်တို့ကိုယ်တိုင် ဆက်သွယ်ပြီး ဆွေးနွေးညှိနှိုင်းတာတွေ လုပ်ပြီး ကူညီဆောင်ရွက်ပေးနေတယ် ” ဟု ပြောသည်။
COVID-19 ကြောင့် ထိုင်းနိုင်ငံတွင် အလုပ်ပြုတ် (အလုပ်လက်မဲ့ဖြစ်) သွားသည့် ရွှေ့ပြောင်းအလုပ်သမား ၅ သိန်းခန့် ရှိသည်ဟုလည်း ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းများ ကပြောကြရာ ထိုအထဲ မြန်မာတွေလည်း အနည်းဆုံး သိန်းနှင့်ချီ ပါနိုင်သည်ဟုလည်း သိရသည်။
လက်ရှိတွင် မြန်မာရွှေ့ပြောင်းလုပ်သားများ နေရပ်ပြန်နိုင်ရေး အစီအစဉ်နှင့် ပတ်သက်ပြီး နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဌာနတို့သည် ဧပြီလကုန်ပိုင်းတွင် ဆွေးနွေးထားလျက်ရှိကာ လက်ရှိအချိန်ထိ ထိုင်းနိုင်ငံဘက်မှ တစုံတရာ ပြန်လည် အကြောင်းကြားခြင်းမျိုး မရှိသေးကြောင်း သိရသည်။
ထို့အတွက် နေရပ်ပြန်လိုသည့် ရွှေ့ပြောင်းလုပ်သားများ အနေဖြင့် ဘန်ကောက်မြို့ မြန်မာသံရုံးနှင့် ချင်းမိုင်ရှိ မြန်မာ ကောင်စစ်ဝန်ရုံးသို့ နိုင်ငံသို့ ပြည်လည် ဝင်ရောက်နိုင်ရေး ဆိုင်ရာ အချက်အလက်များကို အွန်လိုင်းမှသော်လည်းကောင်း၊ လူကိုယ်တိုင်သော်လည်ကောင်း(မဖြစ်မနေ) ပုံစံဖြည့်သွင်း သတင်းပေးပို့ထားရမည်၊ သို့မှသာ စာရင်းသွင်းထားသည့် လူဦးရေ အတိုင်း နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများ၏ စီစဉ်ညွှန်ကြားမှု အပေါ် မူတည်၍ လွှဲပြောင်းခြင်း၊ လက်ခံခြင်း များကို ဆောင်ရွက်မည်ဟု သတိပေးပြောဆိုမှုများလည်း လူမှုကွန်ရက်တွင် ထွက်ပေါ်နေသည်။
ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း (FED) အဖွဲ့၏ အလုပ်သမား တာဝန်ခံ ဦးမင်းဦးက “အခုဆိုရင် ကုန်ကျစရိတ်များတဲ့ နေရာတွေပေါ့ ဖူးခက်၊ ကော့စမွေ၊ လိပ်ကျွန်းတို့မှာ နေနေရတဲ့ အလုပ်သမား တွေ အတွက်က အစားအသောက်ကို ပရဟိတသမားတွေဆီက စားလို့ရမယ်၊ အလုပ်ရှင်တွေကလည်း ကျွေးကောင်းကျွေး နိုင်တယ်။ ဒါပေမယ့် နေစရိတ်ပေါ့ အဲဒီနေရာတွေက နေစရိတ် အရမ်းကြီးတယ်” ဟု ပြောသည်။
၎င်းက “ ရွှေ့ပြောင်းလုပ်သားတွေအတွက် ကင်းလွတ်ခွင့် သဘောမျိုး ခွင့်ပြုပေးလိုက်မယ် ဆိုရင်တော့ အဆင်ပြေ နိုင်တယ်။ ကျနော်တို့ဆီကို ရနောင်းခရိုင်က ဆက်သွယ်လာတာတွေ ရှိတယ်။ ဗဟိုက ခွင့်ပြုမယ်ဆိုရင် သူတို့က ၁ ရက်ကို လူ ၂၀၀ လောက်ထွက်လို့ရအောင် စီစဉ်ပေးလို့ ရတယ်ပေါ့။ ” ဟု ရှင်းပြသည်။
မြန်မာနိုင်ငံအနေဖြင့် ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများကို မေလဆန်းမှ စတင်ကာ မဲဆောက်-မြဝတီ အမှတ် ၂ ချစ်ကြည်ရေးတံတားမှ တဆင့် ပြန်လည် လက်ခံလျက်ရှိသော်လည်း မေလ ၄ ရက်နေ့အထိ လုပ်သား ၁၅၀ ကျော် သာ ပြန်လည်ဝင်ရောက်လာလျက်ရှိကြောင်း မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ဧရာဝတီ သို့ ပြောသည်။
၎င်းက “ အခုက မြဝတီနဲ့ နီးတဲ့ တာ့ချ်ခရိုင်က လူတွေပဲ ပြန်လာလို့ ရနေသေးတာပေါ့။ တချို့ဒေသတွေ မြန်မာနိုင်ငံသား တွေမှ မဟုတ်ဘူး သူတို့ထိုင်းနိုင်ငံသားတွေ ကိုယ်တိုင်လည်း သွားလာလို့ မရလို့ ပိတ်မိနေတာလေးတွေရှိတယ်။ ပြည်နယ် ကျော်၊ ခရိုင်ကျော် ဖြတ်သန်းပြီး မြဝတီကို ဝင်ရောက်ဖို့ အတွက်ကတော့ ညှိနှိုင်းဆောင်ရွက်ဆဲပါ” ဟု ဆိုသည်။
လက်ရှိအချိန်တွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ုပြန်လည်ဝင်ရောက်လိုသော ရွှေ့ပြောင်းလုပ်သားဦးရေသည် နှစ်သောင်းခွဲ ကျော်အထိ ရှိပြီး မဲဆောက်- မြဝတီ အမှတ် ၂ ချစ်ကြည်ရေး တံတားဘက်မှ ဝင်ရောက်ရာတွင်လည်း ၁ ရက်လျှင် လူ ၂၅၀၀ အထိ လက်ခံနိုင်ရန် ပြင်ဆင်ထားကြောင်း သိရသည်။
ပြန်လည်ရောက်ရှိလာမည့် ရွှေ့ပြောင်းလုပ်သားများကို ၎င်းတို့ နေရပ်ဒေသသို့ သက်ဆိုင်ရာ တိုင်း နှင့် ပြည်နယ်အစိုးရ အဖွဲ့များက စီစဉ်ထားသော သီးသန့် ခရီးသည်ယာဉ်များဖြင့် ပို့ဆောင်သွားမည်ဖြစ်ပြီး ယင်းနောက် သက်ဆိုင်ရာ အစိုးရအဖွဲ့များက စီစဉ်ထားသော အသွားအလာ ကန့်သတ်စောင့်ကြည့်စင်တာများတွင် ၂၁ ရက် စောင့်ကြည့် သွားမည်ဖြစ်သည်။
ဆက်စပ်လင့်
အလုပ်သမားများ အိမ်ပြန်ခွင့်သာဖို့ ထိုင်း-မြန်မာ နယ်စပ်ဂိတ်အားလုံး ဖွင့်ပေးသင့်သည်
ကိုဗစ် ဂယက်ကြားက ပြည်တော်ပြန် ဒုတိယလှိုင်း