ထိုင်းနိုင်ငံရဲ့ Lockdown ကာလအတွင်းမှာ သေကြောင်းကြံစည်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒီလို သေကြောင်း ကြံစည်ရတဲ့ အကြောင်းအရင်းပေါင်းများစွာအနက်က အဓိကကျတဲ့ အကြောင်းကတော့ အလုပ်လက်မဲ့ဖြစ်ပြီး စီးပွားရေးအခြေအနေ ယိမ်းယိုင်လာတဲ့အတွက်ကြောင့်ပါ။ ဒါကြောင့်လည်း အစိုးရအနေနဲ့ ဗိုင်းရပ်စ်နှိမ်နင်းရေး အစီအစဉ်တွေကို ပြန်လည် သုံးသပ်ဖို့ ပညာရှင်တွေက ပြီးခဲ့တဲ့ဧပြီလကတည်းက ထိုင်းအစိုးရကို တိုက်တွန်းခဲ့ကြပါသေးတယ်။
COVID-19 ကူးစက်မှုကို တိုက်ဖျက်နိုင်ဖို့ ထိုင်းအစိုးရအနေနဲ့ တင်းကြပ်တဲ့ စည်းမျဉ်း စည်းကမ်းတွေကို ချမှတ်ပြီး နောက်ပိုင်း ချင်းမိုင်တက္ကသိုလ်နဲ့ Chulalongkorn တက္ကသိုလ်က ပညာရှင်တွေဟာ COVID-19 ကာလအတွင်း ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့တဲ့ အမှုတွေကို လေ့လာခဲ့ပါတယ်။
လေ့လာတွေ့ရှိခဲ့တဲ့ အချက်တွေအရ သေဆုံးသူ အများစုဟာ အလုပ်ဖြုတ်ခံရတဲ့အတွက် အလုပ်လက်မဲ့ ဖြစ်သွားကြသူတွေနဲ့ စီးပွားရေးလုပ်ငန်း ဆုံးရှုံးသူတွေ ဖြစ်နေတာ တွေ့ရပါတယ်။ တချို့ သေဆုံးသူတွေကတော့ ဘာအကြောင်းရယ်လို့ တိတိကျကျ မပြောနိုင်ပေမယ့် Lockdown ကာလရဲ့ ငြီးငွေ့ဖွယ် အဖြစ်တွေကြောင့် သေဆုံးတာမျိုး ဖြစ်နိုင်ပါတယ်။
Lockdown ကာလအတွင်း ထိုင်းနိုင်ငံအနေနဲ့ COVID-19 ကူးစက်မှုကို လျှော့ချနိုင်ခဲ့ပေမယ့် နိုင်ငံသားတွေရဲ့ စီးပွားရေးကျဆင်းမှု အခြေအနေကိုတော့ ပြန်လည် တည်ဆောက်ပေးနိုင်တာမျိုး မပြုလုပ်နိုင်ခဲ့ပါဘူး။ ဒါကြောင့်လည်း Lockdown ကာလအတွင်းမှာ အလုပ်လက်မဲ့ လူဦးရေ တိုးလာခဲ့ရသလို စီးပွားရေးလုပ်ငန်း အများစုကိုလည်း ပိတ်ထားခဲ့ရပါတယ်။
ထိုင်းနိုင်ငံတက္ကသိုလ်က ပညာရှင်တွေရဲ့အဆိုအရ Lockdown ကာလဟာ ထိုင်းပြည်သူတွေကို အနုတ် သဘောဆောင်စေခဲ့တယ်လို့ ပြောပါတယ်။ လူတွေ ကိုယ့်ကိုယ်ကို သေကြောင်း ကြံစည်ခဲ့ကြတဲ့ ကိစ္စကလည်း အစိုးရက ချမှတ်လိုက်တဲ့ Lockdown ကာလကြောင့် ဖြစ်တယ်လို့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
ပညာရှင်တွေ တွက်ချက်ထားတဲ့ ကိန်းဂဏန်းတွေအရ COVID-19 ကြောင့် သေဆုံးရတာထက် စီးပွားရေး ဂယက် ရိုက်ခတ်မှုကြောင့် သတ်သေတဲ့လူက ပိုများနေပါတယ်။ ထိုင်းနိုင်ငံမှာ COVID-19 ကြောင့် သေဆုံးသူဦးရေက ၅၄ ယောက်သာ ရှိခဲ့ပေမယ့် ကိုယ့်ကိုယ်ကို သတ်သေမှုက ပိုများနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၁ ရက်နေ့ကလည်း ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းမှာ နေထိုင်သူတယောက် ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့ပါတယ်။ ဒီလို အဆုံးစီရင်သွားရတဲ့ အကြောင်းကတော့ စီးပွားရေးနဲ့ ကျန်းမာရေး အခြေအနေအရကြောင့် ဖြစ်တယ်လို့ Muang Bueng Kan ရဲဌာနက တာဝန်ရှိသူတွေက ပြောပါတယ်။
အသက် ၃၈ နှစ်အရွယ် ရှိပြီဖြစ်တဲ့ သေဆုံးသူအမျိုးသားဟာ နိုင်လွန်ကြိုးနဲ့ ကိုယ့်ကိုယ်ကို ကြိုးဆွဲချ သေဆုံးခဲ့တာဖြစ်ပြီး အသက် ၁၀ နှစ်အရွယ် တဦးတည်းသော သမီးလေးတယောက် ကျန်နေရစ်ခဲ့တယ်လို့ သိရပါတယ်။
Ref: bangkokpost, chiangraitimes