ကယားပြည်နယ်အတွင်း မေလ ၃ ရက်နေ့ ရက်စွဲပါ ဒေသန္တရအမိန့်သည် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ စံချိန်စံနှုန်း များကို ချိုးဖောက်နေသည်ဟုဆိုကာ ကယားပြည်နယ် ဒေသခံများက ကန့်ကွက်လျက်ရှိသည်။
ကယားပြည်နယ် အစိုးရအဖွဲ့ရုံး၏ တရားဝင် လူမှုကွန်ရက်စာမျက် နှာ၌ မေလ ၃ ရက်နေ့ ည ၁၀ နာရီ ၁၂ မိနစ် အချိန်တွင် ကယားပြည်နယ်အတွင်းရှိ အများပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်ရန် မြို့နယ် ၇ မြို့နယ် (လွိုင်ကော်၊ ဘော လခဲ၊ ဒီးမော့ဆို၊ ဖရူဆို၊ ရှားတော၊ ဖားဆောင်း၊ မယ်စဲ့) မှ ဒေသန္တရ အမိန့်ထုတ်ပြန်ခြင်းဟူ၍ ဖော်ပြခဲ့သည်။
သက်ဆိုင်ရာ မြို့နယ်အသီးသီးမှ အုပ်ချုပ်ရေးမှူးများ လက်မှတ်ရေးထိုးထားသည့် အဆိုပါ ဒေသန္တရအမိန့်တွင် အများ ပြည်သူအကျိုးငှာ ရည်ရွယ်၍ ပြည်သူများအနေဖြင့် စည်းကမ်းချက် ၁၀ ချက်ကို တိကျစွာ လိုက်နာဆောင်ရွက်ရန်နှင့် ပျက်ကွက်ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူခြင်း ခံရမည်ဖြစ်ကြောင်းလည်း သတိပေးထားသည်။
ကရင်နီပြည်လူငယ်များသမဂ္ဂ (UKSY) တွဲဖက်အတွင်းရေးမှူး (၂) ခွန်းသောမတ်က “လွတ်လွတ်လပ်လပ် ကိုယ့်ဆန္ဒကို ထုတ်ဖော်လို့ မရအောင် အမိန့်အာဏာနဲ့ အသုံးချပြီး ထုတ်ပြန်လိုက်တယ်လို့ မြင် တယ်။ ဒီဟာကို ကန့်ကွက်သလို သက်ဆိုင်ရာအစိုးရက လူ့အခွင့်အရေးနဲ့မညီတဲ့ ဒီမိုကရေစီစံနှုန်း ချိုးဖောက်ထားတဲ့ ဒီဒေသန္တရအမိန့်ကို ရုပ်သိမ်းပေးဖို့ ပြောချင်တယ်” ဟု ဧရာဝတီကို ပြောသည်။
အဆိုပါ ဒေသန္တရအမိန့်ပါ စည်းကမ်းချက် ၁၀ ချက်အနက် နိုင်ငံတော်နှင့် နိုင်ငံတော်အစိုးရ အဖွဲ့အစည်းများအား အ ကြည်အညို ပျက်စေမည့် အပြောအဆို၊ အရေးအသား၊ ရုပ်ပုံကားချပ်၊ ပိုစတာ၊ ဗီနိုင်း၊ လက်ကမ်း စာစောင်များ စသည် တို့ကို နည်းလမ်းအမျိုးမျိုးဖြင့် မည်သည့်နေရာတွင်မျှ မပြုလုပ်ရဟူ၍ ပါရှိသည်။
ထို့ပြင် ပြည်သူလူထုအား ထင်ယောင်ထင်မှားဖြစ်စေမည့် စကားလုံးအသုံးအနှုန်းဖြင့် လှုံ့ဆော်၊ စည်းရုံးခြင်း၊ ထုတ်ဖော် ပြောဆိုခြင်းများ မပြုလုပ်ရ၊ ဥပဒေနှင့် မညီညွတ်သော မဟုတ်မမှန်သည့် အချက်အလက်များ ပါဝင်သော သဘော ထားများ ထုတ်ပြန်၊ ဖော်ပြဆောင်ရွက်ခြင်းတို့ မပြုလုပ်ဟူ၍လည်း ဖော်ပြထားသည်။
ပြီးခဲ့သည့် ရက်ပိုင်းက လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာအုပ်စုအတွင်း ကုမ္ဗဏီတခုမှ အကောင်အထည်ဖော်မည့် စီမံကိန်းနှင့် ပတ်သက်၍ ဒေသခံများက သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက် ကန့်ကွက်သလို ၎င်းတို့၏ နေအိမ်များ၌လည်း ‘ကျွနု်ပ်တို့ဒေသတွင် မြေလွတ်၊ မြေလပ်၊ မြေရိုင်း မရှိဘူး’ စာသားပါ ပိုစတာ၊ ဗီနိုင်းများ ချိတ်ဆွဲမှု အပြီး ယခုလို ဒေသန္တရအမိန့် ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ဒေသန္တရအမိန့်၏ အမှတ်စဉ် ၁၊ (ဆ)တွင် အစိုးရမှ စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေပေါ်တွင် အစိုးရ၏ ခွင့်ပြုချက် မရရှိဘဲ ကျူးကျော်ဝင်ရောက် အသုံးပြုခြင်း မပြုလုပ်ရဟူသည့် စည်းကမ်းချက်ကိုလည်း ၎င်းတို့က ထောက်ပြသည်။
လွိုင်ကော်အခြေစိုက် Lain နည်းပညာ အထောက်အကူပြု အဖွဲ့ဝင် ဖြစ်သလို ပြည်နယ်အရေး စောင့်ကြည့်လေ့လာ နေသူလည်း ဖြစ်သည့် ကိုကျော်ထင်အောင်က အဆိုပါ ဒေသန္တရအမိန့်သည် ဒီမိုကရေစီ စံနှုန်းနှင့် မညီသကဲ့သို့ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးကို ကျော်လွန်နေသည့် ထုတ်ပြန်ချက်ဟု သုံးသပ်သည်။
“ကပ်ရောဂါနဲ့လည်း ဘာမှမသက်ဆိုင်တဲ့ ထုတ်ပြန်ချက်ဖြစ်လို့ ဒါသည် လုံးဝ မလိုအပ်ဘူး။ ထုတ်လည်း မထုတ်ပြန် သင့်ဘူး” ဟု ၎င်းက ပြောသည်။
၂၀၁၅ ရွေးကောက်ပွဲ မဲဆွယ်ကာလက လက်ရှိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့သည့် အဝေဖန်မခံနိုင်ရင် အစိုးရ မလုပ်နှင့် ဆိုသည်မျိုး၊ အစိုးရကို နိုင်ငံသားများက ထိန်းကျောင်းရမည် ဆိုသည့် ပြောကြား ချက်များနှင့် ယခု အမိန့်သည် ကွဲလွဲနေသည်ဟု ကိုကျော်ထင်အောင်က ထောက်ပြသည်။
ကိုကျော်ထင်အောင် က “ဒီဒေသန္တရအမိန့်က နိုင်ငံတော်ဆိုတဲ့ စကားလုံးကြီးကို ချီပြီးတော့မှ သူတို့ ပုဂ္ဂိုလ်ရေး ဆိုင်ရာတွေကိုပါ အကြည်ညို ပျက်စေနိုင်တဲ့ ပုံစံမျိုး သတ်မှတ်ပြီးတော့ လုံးဝ မဝေဖန်နဲ့ ဝေဖန်ရင် တရားစွဲမယ်လို့ တဖက်လှည့် ခြိမ်းခြောက်လိုက် တဲ့ ပုံစံမျိုး ဒီအမိန့်မှာ သုံးနှုန်းသွားတယ်လို့ မြင်တယ်” ဟု ပြောသည်။
ဆက်လက်၍ ၎င်းက မြန်မာနိုင်ငံအတွင်း လတ်တလော ရင်ဆိုင်နေရသည့် COVID-19 ကာလတွင် လုပ်ပိုင်ခွင့် အ ခွင့်အရေးကို တလွဲအသုံးချပြီး ဥပဒေကို ကျော်လွန်သည့် ဒေသန္တရအမိန့် ထုတ်ခြင်းမျိုးကို (လုံးဝ) မလုပ်သင့်ဘဲ ရုပ် သိမ်းသင့်ကြောင်း၊ ကိုဗစ်ကာလ အတွင်း ၅ ယောက်ထပ် ပိုမစုရသော အနေအထား ဖြစ်နေသည့်အတွက်သာ တရားဝင် စုပေါင်းပြီး ကန့်ကွက်သည့် ထုတ်ပြန်ချက်မျိုး ထွက်လာရန် အချိန်ကြန့်ကြာနေခြင်း ဖြစ်ကြောင်း ရှင်းပြသည်။
“ပြည်နယ်သား ၁ ယောက် အနေနဲ့ ပြောချင်တာ ကျနော်တို့ အခွင့်အရေးက မူလ သူ့ဘာသာသူ ရှိပြီးသားပဲ။ ကျနော် တို့အခွင့်အရေးကို အဲဒီလိုပဲ လုပ်လို့ရတဲ့ အာဏာကို အသုံးချပြီး ထုတ်ပြန်နေအုံးမယ်ဆိုရင် ကျနော်တို့ ဖော်ဆောင် ချင်တဲ့ လမ်းကြောင်းတွေ၊ စုပေါင်းလုပ်ဆောင်ချင်တဲ့ လမ်းကြောင်းတွေ ရောက်မှာ မဟုတ်ဘူး” ဟုလည်း ခွန်းသော မတ်က ထောက်ပြသည်။
ဖရူဆိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးပဲ့ဒူက ပြည်နယ်အစိုးရအနေဖြင့် လုပ်စရာရှိသည်ကို လုပ်နေသလို ဝေဖန်သူများအနေဖြင့်လည်း လွတ်လပ်စွာ သဘောထားကွဲလွဲခွင့် ရှိသည့်အတိုင်း ၎င်းတို့၏ ဆန္ဒကို ဖော်ထုတ်နေခြင်း ဟုသာ မြင်မိကြောင်း မှတ်ချက်ပြုသည်။
“သူတို့ကို အစွန်းရောက်တယ်လို့ မမြင်ပါဘူး။ ဒီအစိုးရအနေနဲ့ ထုတ်ပြန်ထားတဲ့ အမိန့်ကြော်ငြာ ဒေသန္တရတွေဟာ တကယ်လို့များ အနည်းငယ် ချွတ်ချော်နေလို့ရှိရင်လည်း သူတို့က တည့်မတ်ပေးတယ်လို့ပဲ မြင်ပါတယ်” ဟု ၎င်းက ဆိုသည်။
ယင်း ဒေသန္တရအမိန့်နှင့် ပတ်သက်၍ ကယားပြည်နယ်အတွင်းရှိ အရပ်အဖက်အဖွဲ့အစည်းများ၊ နိုင်ငံရေးတက်ကြွ လှုပ် ရှားသူများနှင့် ပြည်သူအတော်များများက မနှစ်သက်ကြဘဲ ကန့်ကွက်လျက်ရှိကြောင်း၊ အချို့မှာ ၎င်းတို့၏ ကိုယ်ပိုင် facebook အကောင့်နှင့် အဖွဲ့အစည်းတို့၏ လူမှုကွန်ရက်စာမျက်နှာများတွင် တုန့်ပြန်ရေးသားလျက်ရှိကြောင်း သိရ သည်။
ကယားပြည်နယ်တွင် COVID-19 ရောဂါနှင့် ပတ်သက်၍ မေလ ၅ ရက်နေ့ နံနက် ၇ နာရီအချိန်ထိ ရောဂါကူးစက်ခံရ သူ တဦးမှ မရှိသေးဘဲ သံသယလူနာအဖြစ် ဆေးရုံ၌ စောင့်ကြပ်ကြည့်ရှုမှု အနေဖြင့် လွိုင်ကော်မြို့နယ်တွင် ၂ ဦးရှိ ကြောင်း သိရသည်။
ကယားပြည်နယ် အစိုးရအဖွဲ့က ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ထုတ်ပြန်ထားသည့် တား မြစ်မိန့်များကို မေလ ၁၅ ရက်နေ့ထိ တိုးမြှင့်သတ်မှတ်ထားသည်။
ဆက်စပ်လင့်-
ကယားပြည်နယ်ပြင်ပမှ ပြန်လာမည့်သူများ Facility Quarantine ၂၁ ရက် ဝင်ရမည်