နေပြည်တော်တိုင်း စစ်ဌာနချုပ်နယ်မြေအတွင်း တာဝန်ထမ်းဆောင်နေသည့် အသက် ၃၃ နှစ်အရွယ် တပ်မတော် သား ၁ ဦးထံတွင် ယမန်နေ့က COVID-19 ရောဂါပိုး တွေ့ ရှိခဲ့ပြီးနောက် ၎င်းနှင့် ဆက်စပ်သူ ၃၀၀ ကျော်ကို ပိုးရှိ၊ မရှိ စစ်ဆေးကြည့်ရာ ပိုးမတွေ့ အဖြေ ရရှိကြောင်း တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက“သူနဲ့ ဆက်စပ်ပတ်သက်တဲ့ လူ ၃၀၀ ကျော်ကို ဒီနေ့ စစ်ဆေးပြီးပြီ။ Nagative ပဲ၊ ဘာမှ မရှိဘူး။ သူနဲ့ ရုံးဌာနတခုတည်းမှာ နေထိုင်တဲ့သူတွေ၊ သူ့မိသားစုဝင်တွေ အကုန်ပါပါတယ်။ ပိုးမတွေ့ ပါဘူး”ဟု ဧရာ ဝတီသို့ ပြောသည်။
အဆိုပါ စစ်သည်မှာ ဧပြီလ ၃၀ ရက်နေ့တွင် ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း စသည့် ရောဂါများ ခံစားရသဖြင့် မေလ ၁ ရက်နေ့တွင် နယ်မြေခံ တပ်မတော် ဆေးရုံရှိ ကုသဆောင်တွင် သီးခြားစောင့်ကြည့်ခဲ့ပြီးနောက် နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ် နမူနာများကို စစ်ဆေးရာမှ COVID-19 ပိုး တွေ့ ရှိခဲ့ရခြင်း ဖြစ်သည်။
၎င်းမှာ တပ်မတော်တွင် အရာရှိအဆင့် မဟုတ်ဘဲ အခြားအဆင့်ဖြင့် ရုံးတာဝန်ထမ်းဆောင်နေသူ တဦး ဖြစ်ကြောင်း၊ တပ်မတော် အဝန်းအဝိုင်း အတွင်းရှိ ရုံးများ၏ ပြင်ပသို့လည်း သွားလေ့ သွားထရှိသူ တဦး မဟုတ်ကြောင်း ဗိုလ်မှူး ချုပ် ဇော်မင်းထွန်းက ပြောသည်။
၎င်းက“သူက ထူးတော့ ထူးဆန်းတယ်။ အဲဒါကြောင့် ကျနော်တု့ိကလည်း သူနဲ့ ဆက်စပ်တဲ့ Contact Person တွေ၊ သူ့ရုံးမှာ ရှိတဲ့သူတွေရော၊ သူ့ရုံးပတ်ဝန်းကျင်မှာ ဖြစ်တဲ့သူတွေကိုရော လိုက်စစ်နေတယ်။ ပထမအသုတ် လူဦးရေ ရာနှင့်ချီပြီး စစ်ကြည့်တာတော့ Negative ပဲ ပြနေတယ်”ဟု ပြောသည်။
ယခု COVID-19 ရောဂါပိုးရှိကြောင်း အတည်ပြုလူနာမှာ တပ်မတော်တွင် ပထမဆုံး တရားဝင် အတည်ပြုပေါ်ပေါက် က်လာခြင်း ဖြစ်ပြီး တပ်မတော်က စေလွှတ်ထားသော ရုရှားနိုင်ငံရောက် သင်တန်းသား အရာရှိ ၅ ဦး ထံတွင် လည်း COVID-19 ရောဂါပိုး စစ်ဆေးတွေ့ ရှိရကြောင်း သတင်းထုတ်ပြန်ထားသည်။
တပ်မတော်၏ သတင်းထုတ်ပြန်ချက်အရ ယင်းတပ်မတော်သားသည် ပိုးတွေ့ လူနာနှင့် ထိတွေ့ ခဲ့ခြင်း မရှိကြောင်း သိရသဖြင့် ယင်းနောက်ကွယ်တွင် စဉ်းစားရမည့် အချက်များစွာ ရှိနေကြောင်း၊ COVID-19 ရောဂါပိုးကို တိုက်ဖျက် ရန်မှာ ခရီးသွား ရာဇဝင်သည် အရေးကြီးဆုံး အချက်ဖြစ်ကြောင်း နေပြည်တော်မှ အမျိုးသား လွှတ်တော် ကိုယ်စား လှယ် ဦးမောင်မောင်ဆွေက ပြောသည်။
“ဘယ်ကိုသွားခဲ့လို့ ဘယ်သူ့ဆီက ကူးလာတာလဲ။ သူ့ကရော ဘယ်နေရာတွေကို သွားပြီးပြီလဲ။ ဘယ်သူတွေနဲ့ ထိတွေ့ ပြီးပြီလဲ။ ဘယ်သူတွေကို ပျံ့ ပွားနိုင်သလဲဆိုတာ အဲဒီမေးခွန်းတွေက အခြေခံ ကျပါတယ်။ ဆိုတော့ မရှိဘူးဆိုတဲ့ ကောင်တွေက ကြောက်ရတယ်။ ရှိတယ်ဆိုရင် နောက်ကြောင်းလိုက်ပြီးတော့ Quarantine နည်းနဲ့ လုပ်လိုက်လို့ ရတယ်”ဟု ဦးမောင်မောင်ဆွေက ပြောသည်။
နေပြည်တော် ကျန်းမာရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုးက တပ်မတော်က ယခု လူနာနှင့် ပတ်သက်၍ ၎င်းတို့ဌာနနှင့် သတင်းအချက်အလက် ဖလှယ်ခြင်းမျိုး ပူးပေါင်းဆောင်ရွက်မှု မရှိသော်လည်း ကျန်းမာရေး ဝန်ကြီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်မှု ရှိသည်ဟု သိရကြောင်း ပြောသည်။
“သူတို့က ဖြစ်တာကလည်း သူတို့ဝင်းထဲမှာပဲ ဖြစ်တဲ့အတွက် ကျနော်တို့ ဒီဘက်မြို့နယ် ပြည်သူတွေနေတဲ့ ရပ်ကွက် တွေထဲမှာ မဟုတ်ဘူး။ တပ်ပိုင်နယ်မြေ ဧရိယာထဲမှာပဲ ဖြစ်တဲ့အတွက် ကျနော်တို့ ဒီဘက်က Contact History လိုက်တာတွေဘာတွေ မလုပ်ရဘူး။ သူတို့ဘက်က ကျန်းမာရေးပညာရှင်တွေနဲ့ ကျန်းမာရေးတပ်တွေကပဲ ဆောင် ရွက်နေပါတယ်”ဟု ဒေါက်တာ မြတ်ဝဏ္ဏစိုးက ပြောသည်။
မြန်မာနိုင်ငံတွင် COVID-19 အတည်ပြုလူနာ စတင်တွေ့ ရှိခဲ့သည့် မတ်လ ၂၃ ရက်နေ့ နောက်ပိုင်း မတ်လ ၃၀ ရက် နေ့မှ စတင်၍ တပ်မတော် တပ်ရင်း၊ တပ်ဖွဲ့ များကို အရေးကြီး ကိစ္စရပ် မရှိလျှင် တပ်ပြင်သို့ လုံးဝ မထွက်တော့ရန် စတင် ညွှန်ကြားမှုများ ပြုလုပ်ခဲ့သည်။
တပ်မတော်သည် နိုင်ငံတော်၏ အဓိကကျသည့် အင်စတီကျူးရှင်း ဖြစ်၍ ပြိုလဲ၊ ယိုင်နဲသွား၍ မရကြောင်း၊ တပ်မတော် အနေဖြင့် နိုင်ငံတော် တာဝန်ကို အချိန်ပြည့် ထမ်းဆောင်ရမည် ဖြစ်သဖြင့် ဖျားနာနေ၍ မရကြောင်း ထိုစဉ်က တပ် မတော် ပြောရေးဆိုခွင့်ရှိသူများက ထုတ်ဖော်ပြောဆိုထားသည်။
ထို့ပြင် နေပြည်တော် လွှတ်တော်များသို့ တက်ရောက်နေသည့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များသည် မတ်လ ၄ ရက်နေ့ ကတည်းကပင် နှာခေါင်းစည်း(Mask)များ ဝတ်ဆင်ခဲ့ကြသည်။ ထိုအချိန်တွင် အရပ်ဘက် ကိုယ်စားလှယ်များတွင် Mask များ ဝတ်ဆင်ခြင်းမျိုး မရှိသေးပေ။
လက်ရှိ မြန်မာနိုင်ငံတွင် ယမန်နေ့ ည ၈ နာရီ အချိန်ထိ COVID-19 အတည်ပြုလူနာ ၁၆၁ ဦး၊ သေဆုံးသူ ၆ ဦး၊ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသူ ၂၉ ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ပြောဆို ထုတ်ပြန်ထားသည်။
You may also like these stories:
အီးယူ၏ တပ်အရာရှိများကို ထပ်မံ ပိတ်ဆို့မှု ဂုဏ်သိက္ခာ ထိခိုက်ဟု ဆို