ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် စစ်ဘေးရှောင် ဒုက္ခသည်များအတွက် နိုင်ငံတကာမှ ထောက်ပံ့သည့် စားနပ်ရိက္ခာတချို့မှာ ရက္ခိုင်စစ်တပ် (AA) လက်ထဲသို့ နည်းလမ်းမျိုးစုံဖြင့် ရောက်ရှိနေသည်ဟု တပ်မတော်နှင့် အစိုးရ တာဝန်ရှိသူများက ပြော သည်။
စစ်ဘေးရှောင်များအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီများရရှိရန် ဝေးလံပြီး သွားလာရ ခက်ခဲသော နေရာများ၌ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ (ICRC) ကို သွားလာ ဝင်ထွက်ခွင့်ပြုထားပြီး ၎င်းတို့ထောက်ပံ့သော ရိက္ခာ အချို့မှာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများမှ တဆင့် AA ထံ လွှဲပြောင်းပေးခဲ့သည့် ဖြစ်စဉ်များ ရှိနေသည်ဟု သမ္မတရုံး ပြော ရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။
ဦးဇော်ဌေးက “တကယ့် လူထုဆီကို မရောက်ဘဲနဲ့ ဒီလိုမျိုး AA ကို ပြန်ပေးတဲ့ အနေအထားတွေမျိုးတော့ မဖြစ်သင့်ဘူးလို့ ကျနော်တို့က မြင်တယ်။ အဲဒီတော့ ကျနော်တို့ လုပ်ရကိုင်ရတာလည်း ခက်တယ်” ဟု မေလ ၁ ရက်က နေပြည်တော်တွင် အွန်လိုင်းမှ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောဆိုသည်။
အဆိုပါ ဒေသများတွင် အရပ်ဘက် အဖွဲ့အစည်း (CSO) အဖွဲ့များကိုလည်း ဒုက္ခသည်များအား ကူညီဆောင်ရွက်ခွင့် ပေး ထားပြီး ၎င်းတို့ သွားလာခွင့်၊ ထောက်ပံ့မှုများနှင့် ပတ်သက်၍ တဖက်အဖွဲ့အစည်းထံ မရောက်စေရန် စိစစ်မှုများကိုလည်း ပြုလုပ်ရမည် ဖြစ်ကြောင်း သမ္မတရုံးက ပြောသည်။
AA ၏ တပ်စခန်းများကို သိမ်းဆည်းရာတွင် နိုင်ငံတကာ အထောက်အပံ့ ပစ္စည်းများကိုပါ တွေ့ရှိသိမ်းဆည်းရသည့် ဖြစ်စဉ်များလည်း ရှိသလို ဖမ်းဆီးရမိသူများကို စစ်ဆေး ပေါ်ပေါက်ချက်များ အရလည်း AA သည် အထောက်ပံ့ရိက္ခာများ ရရှိခြင်းကို အတည်ပြုနိုင်ကြောင်း တပ်မတော် ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “တပ်မတော်အနေနဲ့ ဒါတွေ ပို့ဆောင်တာတွေကို စစ်ဆေးတယ်ဆိုတာက ဒါတွေနဲ့ ပတ် သက်ပြီး မြေပြင်မှာ သိမ်းဆည်းရမိတဲ့ အထောက်အထားတွေ ရှိနေလို့၊ လက်တွေ့မိတဲ့သူတွေကို စစ်ကြောတဲ့အခါမှာ လည်း သူတို့လည်း ဝန်ခံတယ်။ ဒါကြောင့်မို့လို စစ်ဆေးမှုတွေကိုတော့ လုပ်ဆောင်နေရခြင်း ဖြစ်တယ်” ဟု ပြောသည်။
ဧပြီလ ၅ ရက်က တပ်မတော်နှင့် AA တို့ မကြာခဏ ထိတွေ့ တိုက်ပွဲဖြစ်ပွားလေ့ရှိသည့် ပုဏ္ဏားကျွန်းမြို့နယ်အတွင်း AA တပ်ဖွဲ့ဝင်များ အခြေပြုသည့် ယာယီနေရာ တခုအား သိမ်းဆည်းရာ ခဲယမ်းများနှင့် WFP တံဆိပ်ပါ ရိက္ခာတချို့ကို သိမ်း ဆည်းရမိသည်ဟု ဆိုသည်။
ထိုပုဏ္ဏားကျွန်းမြို့နယ်မှ ကျောက်ဆိပ်ရွာသား ၃၉ ဦးကိုလည်း AA အဖွဲ့နှင့်ပတ်သက်ဆက်နွယ်သည့် မသင်္ကာဖွယ်ရာများ တွေ့ရှိသည့်အတွက် ဟုဆိုကာ ဧပြီလ ၁၉ ရက်က တပ်မတော်က ဖမ်းဆီး စစ်ဆေးခဲ့ပြီး နောက်တရက်တွင် ၃၃ ဦးကို ပြန် လွှတ်ပေးခဲ့သည်။
ထိုသို့ ဖမ်းဆီးခံရသူများထဲတွင် ရပ်/ကျေး အုပ်ချုပ်ရေးစာရေး တဦးလည်း ပါဝင်ပြီး အထောက်အပံ့ရရှိသည့် ရိက္ခာများထဲ မှ သုံးပုံတပုံကို AA ထံသို့ ပို့ပေးသည်ဟု ထွက်ဆိုထားကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ရခိုင်မြောက်ပိုင်း ကျောက်တော်နှင့် မြောက်ဦးမြို့နယ် အတွင်းတွင်လည်း ရပ်/ကျေး အုပ်ချုပ်ရေမှူးများ အပါအဝင်၊ အရပ် သားများ၏ အကူအညီဖြင့် နိုင်ငံတကာက ထောက်ပံ့သည့် ရိက္ခာများ AA ထံ ရောက်ရှိနေသည်ဟု ၎င်းက ဆိုသည်။
AA နှင့် ဆက်သွယ်ပြီး ထိုကဲ့သို့ လုပ်ဆောင်သူများအား ဥပဒေနှင့်အညီ အရေးယူခြင်းများကို လုပ်ဆောင်ရမည်ဖြစ်ပြီး စစ် ဘေးရှောင် ဒုက္ခသည်များ လက်ဝယ် စားနပ်ရိက္ခား ရောက်ရှိရန် မည်သည့် နည်းလမ်းကို အသုံးပြု၍ လုပ်ဆောင်ရမည်ကို အဖြေရှာသင့်ကြောင်း ရခိုင်ပြည်နယ် မြေပုံမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောသည်။
ဦးဖေသန်းက “တကယ်လို့သာ အဲဒီလို ဟုတ်တယ် မှန်တယ် ဆိုရင်တော့ ဥပဒေနဲ့ အညီ အရေးယူပေါ့။ ဒုက္ခသည်တွေဆီ ကိုတော့ ရိက္ခာရောက်အောင် လုပ်ပေးရမှာပဲလေ။ အုပ်ချုပ်ရေးမှူးတွေက AA နဲ့ ဆက်သွယ်တယ်ဆိုတဲ့ အကြောင်းပြချက် နဲ့ ဒုက္ခသည်တွေကို ရိက္ခာမပေးဘူး ဆိုတာမျိုးတော့ မဖြစ်သင့်ဘူး” ဟု သုံးသပ်ပြောဆိုသည်။
၂၀၁၉ ခုနှစ် အတွင်းကလည်း AA စခန်းချရာ နေရာများဖြစ်သည့် မြောက်ဦးမြို့၏ အရှေ့မြောက်ဘက် လေးမြို့မြစ် အရှေ့ ဘက်ကမ်း စခန်းနေရာများ၊ ဘူးသီးတောင်မြို့နယ် ဖုန်ညိုလိပ် ကျေးရွာအနီးတို့တွင်လည်း WFP တံဆိပ်ပါ ရိက္ခာများကို သိမ်းဆည်းရမိခဲ့သေးကြောင်း တပ်မတော်က သတင်း ထုတ်ပြန်ထားသည်။
နိုင်ငံတကာ အထောက်အပံ့ ရိက္ခာများ AA ထံ ရောက်ရှိနေသည် ဆိုသည့် အကြောင်းအရာများနှင့် ပတ်သက်၍ AA က တစုံတရာ ထုတ်ပြန် ဖြေရှင်းထားသည်ကို မတွေ့ရသေးသော်လည်း WFP ယာဉ်တန်း တိုက်ခိုက်မှု အပါအဝင် WHO၊ ICRC အဖွဲ့နှင့် အရပ်သား ယာဉ်များကို ပစ်ခတ်တိုက်ခိုက်သည်မှာ AA လက်ချက် မဟုတ်ကြောင်း တပ်မတော်၏ တဖက် သတ် စွပ်စွဲချက်များသာ ဖြစ်ကြောင်း သတင်း ထုတ်ပြန်ထားသည်။
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်အတွင်းမှ အမည်မဖော်လိုသော ကျေးရွာ အုပ်ချုပ်ရေးမှူး တဦးက “ဒုက္ခသည်တွေအတွက် ပေးတဲ့ စားနပ်ရိက္ခာကို ဒုက္ခသည်ကိုပဲ ပေးတာပါ။ တခြား ဘယ်သူ့ကိုမှ မပေးပါဘူး။ ဒုက္ခသည်တောင်မှ စားဝတ်နေရေးက ခက်ခဲနေတာ”ဟု ပြောသည်။
လက်ရှိတွင် တပ်မတော်နှင့် တိုက်ပွဲ ဖြစ်ပွားနေသော AA ကို မတရားအသင်းနှင့် အကြမ်းဖက် အဖွဲ့အစည်းအဖြစ် မတ်လ အတွင်းက အစိုးရက ကြေညာထားသည်။
ယခု စစ်ဘေးရှောင်များ အတွက် နိုင်ငံတကာက ထောက်ပံ့နေသည့် ရိက္ခာများကို ရရှိနေသည်ဆိုသည့် သတင်းနှင့် ပတ် သက်၍ AA ဘက်သို့ ဆက်သွယ်ရန်မှာ ဥပဒေအရ ဆက်သွယ်ရန် အခက်အခဲ ရှိနေခြင်းကြောင့် ဆက်သွယ်မေးမြန်းနိုင် ခြင်း မရှိသေးပေ။
ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA တို့ ဖြစ်ပွားသည့် တိုက်ပွဲများ ကာလအတွင်း အမျိုးသမီးနှင့် ကလေးငယ်များ အပါ အဝင် အရပ်သား ထိခိုက် သေဆုံးမှုများ ရှိနေပြီး တိုက်ပွဲများကြောင့် နေရပ်စွန့်စွာ တိမ်းရှောင် ထွက်ပြေးနေရသည့် စစ် ဘေးရှောင် ပြည်သူ ၁ သိန်းကျော် ရှိပြီ ဖြစ်သည်။
ဆက်စပ်ဖတ်ရှုရန်
WHO ကား ပစ်ခတ်ခံရမှု စုံစမ်းစစ်ဆေးရေး ကော်မတီဖွဲ့
အစိုးရထောက်ပံ့ဆန် ထုတ်လာသော စစ်ဘေးရှောင်များကို တပ်က ဖမ်းဆီးစစ်ဆေး
ဖမ်းဆီးထားသည့် ရွာသား ၄၀ ခန့်မှ ၃၃ ဦး တပ်မတော် ပြန်လွှတ်ပေး