ရန်ကုန်တိုင်းဒေသကြီးတွင် လျှပ်စစ်ဝန်အား မနိုင်၍ မီးပြတ်သည့် ကိစ္စလုံးဝဖြစ်ပေါ်မည် မဟုတ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC) က အထွေထွေ မန်နေဂျာ ဦကျော်သူက ပြောသည်။
ဦးကျော်သူက “ပုံမှန် load shed နိုင်တယ်၊ မနိုင်လို့ ပိတ်တဲ့ကိစ္စ လုံးဝမရှိပါဘူး။ လုံးဝမရှိပါ၊ တာဝန်ယူပါတယ် အဲဒီကိစ္စကို။ ကျနော်တို့ ထပ်ပြီးတော့ စာချုပ်ချုပ်ထားတဲ့ စက်တွေ ဝင်နေပါပြီ။ အဲဒီကိစ္စ မရှိပါဘူးလို့ တာဝန်ယူပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံ ဓာတ်အားစနစ်သည် ရေအားလျှပ်စစ်ကို အဓိက အခြေပြုထားသဖြင့် နွေရာသီတွင် ဓာတ်အားထုတ်လုပ်မှု အနည်းငယ် လျော့ကျသဖြင့် ဓာတ်အားထုတ်လုပ်နိုင်မှုနှင့် ဓာတ်အားသုံးစွဲမှု ဟန်ချက်ညီစေရန် ဓာတ်အားစနစ် တည်ငြိမ်စေရန် System Breakdown မဖြစ်စေရန်အတွက် Load Shed (ဝန်အားလျော့ချခြင်း) ကို ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း သိရသည်။
သို့သော်လည်း ယခုရက်ပိုင်း မီးပြတ်ရသည့် အကြောင်းရင်းမှာ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ လုပ်ကိုင်နေခြင်း၊ လျှပ်ကာပါသော ဓာတ်အားလိုင်းကြိုး အသစ်များဖြင့် လဲလှယ်ခြင်းလုပ်ငန်းများနှင့် ဓာတ်အားပြတ်တောက်မှု လျော့နည်း ကျဆင်းစေရေးအတွက် သစ်ပင်/သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေခြင်းကြောင့် ဖြစ်ကြောင်း YESC မှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးရှိ မြောက်ဉက္ကလာပ၊ သင်္ဃန်းကျွန်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း/ တောင်ပိုင်း/ အရှေ့ပိုင်း/ ဆိပ်ကမ်း)၊ ဗိုလ်တထောင်၊ တောင်ဉက္ကလာပ၊ ရန်ကင်း၊ ဒေါပုံ၊ သာကေတ၊ ပုဇွန်တောင်၊ မင်္ဂလာတောင်ညွန့်၊ တာမွေ၊ အလုံ၊ စမ်းချောင်း၊ လမ်းမတော်၊ ကမာရွတ်၊ လှိုင်၊မရမ်းကုန်း၊ ဗဟန်း နှင့် ကြည့်မြင်တိုင် စသည့် မြို့နယ်များ၏ ရပ်ကွက်အချို့တွင် မေလ ၅ ရက်နေ့နှင့် ၇ ရက်နေ့တွင် နံနက် ၉ နာရီမှ ၁၂ နာရီအကြား ယာယီ လျှပ်စစ်မီးပြတ်တောက်မှုများ ရှိမည်ဖြစ်ကြောင်း YESC မှ သိရသည်။
အဆိုပါမြို့နယ်များ အပြင် သန်လျင်၊ သုံးခွ၊ ကွမ်းခြံကုန်း၊ ကော့မှူး၊ ဆိပ်ကြီးခနောင်တို၊ တွံတေး၊ အင်းစိန်၊ လှိုင်သာယာ ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ မှော်ဘီ၊ လှည်းကူး၊ ဥက္ကံ၊ တိုက်ကြီး နှင့် ဒလမြို့နယ်ရှိ ရပ်ကွက်အချို့တွင်လည်း မေလ ၅ ရက်နေ့နှင့် ၇ ရက်နေ့တွင် နံနက် ၉ နာရီမှ ၁၂ နာရီအကြား ယာယီ လျှပ်စစ်မီးပြတ်တောက်မှုများ ရှိမည်ဖြစ်သည်။
ထိုကဲ့သို့ ပြုပြင်ထိန်းသိမ်း ရှင်းလင်းရေး လုပ်ငန်းများမှာ ယခု မေလကုန်အထိသာ အများဆုံးရှိမည်ဖြစ်ပြီး အချိန်တိုအတွင်း အမြန်ပြီးစီးအောင် လုပ်ဆောင်နေကြောင်း ဦးကျော်သူက ဆိုသည်။
၎င်းက ဆက်၍ “ဒီလကုန်အထိ အလွန်အကျွံပါပဲ အဲဒီထက် မပိုပါဘူး။ ဆယ်တန်းစာမေးပွဲပြီးတော့ သင်္ကြန်မတိုင် မီလေး ရှင်းမယ်ဆိုတော့ ကိုဗစ်နဲ့ တွဲလာတော့ မရှင်းဖြစ် မရှင်းဖြစ်နဲ့ နေလိုက်တာ။ အနေအထားက ဘယ်လိုမှ မရတော့ လို့ ဒီရက်ပိုင်းက စိပ်သွားတာပါ။ တဖက်က ကိုဗစ် တဖက် မုန်တိုင်း အဲဒီ ၂ ခုကြားထဲမှာတော့ အချိန်လုရတော့ တအားကြီး ကို ပိတ်သွားသလို ဖြစ်နေတာပေါ့ ”ဟု ပြောသည်။
တောင်ဒဂုံမြို့နယ်နေ ဒေါ်သန်းသန်းဆွေက “မီးပြတ်မယ်လို့ ကြေညာထားပြီး ပြတ်တာဆိုတော့ အချိန်လေး သိထား ရတော့ ကောင်းတာပေါ့နော်။ တခုကတော့ အဲဒီကြေညာထားတဲ့ အချိန်အတိုင်းဖြတ်၊ ပြီးရင်တော့ အချိန်တိတိကျကျ ပြန်ပေးနိုင်အောင် လုပ်မယ်ဆိုရင် ပိုကောင်းတာပေါ့။ အခုက ပြန်လာမယ့်အချိန်ကို မျှော်တလင့်လင့်နဲ့” ဟု ဆိုသည်။
ပြီးခဲ့သည့်နှစ် ဧပြီလမှ စတင်ကာ ဇွန်လအထိ လျှပ်စစ် ဝန်အား လုံလောက်မှု မရှိသည့် အတွက် ရန်ကုန်တိုင်းရှိ မြို့နယ် အသီးသီး၌ အပိုင်း လေးပိုင်း ခွဲကာ ၁ ကြိမ် ဖြတ်လျှင်၂ နာရီနှုန်းဖြင့် အများဆုံး ၃ ကြိမ် အလှည့်ကျ မီးပေးဝေခဲ့သည်။
ဆက်စပ်လင့်-
ဝန်ထမ်းမသမာမှုများကြောင့် ဓာတ်အားခ ဆုံံးရှုံးမှုများရှိဟု YESC ဥက္ကဋ္ဌ ပြော
လျှပ်စစ်သုံးစွဲမှု ယူနစ်သန်းချီ လျော့သွားပြီး၊ မီတာခငွေကျပ် ၃၆ ဘီလီယံ ပိုမို ရရှိဟုဆို
မီတာခ ပေးဆောင်ရန် တန်းစီစဉ် မူးလဲသွားသူ ကွယ်လွန်