မန္တလေးတွင် ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းမိခဲ့ပြီး ရက္ခိုင်စစ်တပ် (AA) နှင့် ဆက်နွယ်နေသူ ဆိုသည့် ၆ ဦး အမှုကို ယခုလ ၁၈ ရက်နေ့တွင် အမိန့်ချမည်ဖြစ်ကြောင်း စွပ်စွဲခံ ထားရသူ တဦးဖက်မှ လိုက်ပါဆောင်ရွက် ပေးနေသော တရားလွှတ်တော် ရှေ့နေ ဦးမျိုးမင်းဇော်က ဧရာဝတီကို ပြောသည်။
ရှေ့နေ ဦးမျိုးမင်းဇော်က “သူတို့ကိုစွဲချက်အမိန့်ချဖို့အတွက် တာဝန်ရှိတဲ့တရားသူကြီးက အပြောင်း အရွေ့ဖြစ်တယ်။ အဲဒါကြောင့် အသစ်ရောက်မဲ့တရားသူကြီးကို မလာသေးတဲ့အတွက် ဒီနေ့ရုံးချိန်းကို ရက်ရွေ့လိုက်တာဖြစ်ပါတယ်” ဟု မေလ ၅ ရက်နေ့က ရုံးချိန်းရွေ့လိုက်ရသည့် အပေါ် ရှင်းပြသည်။
မန္တလေးခရိုင် ချမ်းမြသာစည်မြို့နယ်အတွင်း ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းဆီးခဲ့သော အဆိုပါ ၆ ဦးအား အကြမ်းဖက်မှုတိုက်ဖျက် ရေးဥပဒေပုဒ်မ ၅၁ (ဂ)၊ ၅၂ (က) တို့ဖြင့် တရားစွဲဆိုထားပြီး လက်ရှိတွင် မန္တလေးအိုးဘိုအကျဉ်းထောင်၌ ဖမ်းဆီးထိန်းသိမ်းထားသည်ဟု သိရသည်။
ထိုအမှုနှင့်ပတ်သတ်၍ အောက်တိုဘာ ၈ ရက်မှ စတင်ကာ မန္တလေးခရိုင်တရားရုံးတွင် ရုံးထုတ် စစ်ဆေးခဲ့ပြီး ယနေ့အထိ စုစုပေါင်း ရုံးချိန်း ၁၈ ခုရှိပြီးဖြစ်ပြီး တရားလိုပြသက်သေအားလုံး စစ်ဆေးပြီး စွဲချက် အမိန့်ချမှတ်ရန် စောင့်ဆိုင်းနေသည့်အခြေအနေ ဖြစ်သည်။
၂၀၁၉ ခုနှစ် စက်တင်ဘာက ချမ်းမြသာစည်မြို့နယ် မြို့သစ် ၅ ရပ်ကွက်ရှိ နေအိမ်မှ ယမ်းတုံးဟု ယူဆရသော အထုပ် ၂၈ ထုပ်၊ ဒီတိုနီတာ ၁၀၀ ထုပ်ပါ ၁၀ ခု၊ ဖယောင်းချောင်း ၃၅ ချောင်း၊ စက္ကူဖြူ ၁၅ လိပ်၊ စက္ကူညို ၁ ထုပ်၊ ယမ်းဖြူဟု ယူဆရသော ဆာလာအိတ် ၅ အိတ်၊ ဂြိုဟ်တုဖုန်းအသစ် အလုံး ၄၀၊ ရုရှားထုတ်မှန်ပြောင်း ၃၀ ခု တို့ကို AA လက်နက်ကိုင်တပ်ဖွဲ့ဝင် ၃ ဦးနှင့်အတူ တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
အဆိုပါ ဖမ်းဆီးမိသူများထဲတွင် AA တပ်ဖွဲ့ဝင် ဒုအရာခံဗိုလ် အောင်လင်းထက် (ခ) လင်းထက် (ခ) ကျော်သူရ၊ ဒုတပ်ကြပ် ချမ်းငြိမ်း၊ ဒုတပ်ကြပ် မြတ်ခိုင် တို့ဖြစ်ကြောင်း တခြားသောသူများမှာ ကျောက် အရောင်းအဝယ် လုပ်ကိုင်သည့် မိုးကျော် (ခ) ဦးမိုးကျော်၊ ဦးဝင်းသိန်း၊ ကားဂိတ်မှ ဂိတ်မှူး ကျော်ကျော်ဖြိုး (ခ) ကိုဖြိုး တို့ဖြစ်ကြောင်း သိရသည်။
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၁ (ဂ) သည် ပုဒ်မ ၃၉ ပုဒ်မခွဲ(ဂ)ပါ အကြမ်းဖက်ဗုံးခွဲတိုက်ခိက်မှု ကျုးလွန်ရန် (သို့မဟုတ်) အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်မှုကျုးလွန်ရာတွင် အားပေးကူညီရန် ပေါက်ကွဲစေတတ် သော ဝတ္ထုပစ္စည်း၊ ဗုံး (သို့) လက်နက်ကို ထုတ်လုပ်မှု၊ ဖြန့်ဖြူးမှု၊ ရောင်းချမှု၊ ပေးကမ်းမှု (သို့) လက်ဝယ် ထားရှိပါက အနည်းဆုံး ထောင်ဒဏ် ငါးနှစ်မှ ဆယ်နှစ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဌာန်းထားသည်။
အလားတူ ဥပဒေပုဒ်မ ၅၂ (က) အရ ပြစ်မှုထင်ရှားပါက အနည်းဆုံး ထောင်ဒဏ် ၃ နှစ်မှ အများဆုံး ထောင်ဒဏ် ခုနှစ်နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ဥပဒေတွင် ပြဌာန်းထားသည်။
You may also like these stories:
ပစ္စည်းပို့ဝန်ထမ်း ထံမှ လုယက်သူ ၄ ဦးကို ဖမ်းမိ
ဧရာဝတီတိုင်း၌ ညမထွက်ရအမိန့် ချိုးဖောက်သူ ၂၀၀ ကျော် ထောင်ဒဏ်ချမှတ်ခံရ