ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် ၁၉ ဖြစ်ပွားနေသည့်အတွက် ထိုင်းနိုင်ငံတွင် ပိတ်မိနေသော မြန်မာနိုင်ငံသား ၁၅၀ ကျော်ကို Myanmar Airways International (MAI) က အခမဲ့ပြန်လည်ခေါ်ယူပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံအစိုးရအနေဖြင့်လည်း Covid-19 ဖြစ်ပွားနေသည့်အတွက် အခြားနိုင်ငံများမှ မြန်မာနိုင်ငံသို့ ပြန်လာရန် အခက်အခဲရှိနေသော မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ယူပေးရေး အစီအစဉ်များကို ခွင့်ပြုပေးခဲ့သည်။
ထို့နောက် ထိုင်းနိုင်ငံဘန်ကောက်ရှိ မြန်မာနိုင်ငံသား ၁၅၀ ကျော်ကို အခမဲ့ပြန်ခေါ်ယူပေးရန် စီစဉ် ခဲ့ခြင်းဖြစ်ကြောင်း MAI ၏ Head of Administration Department ဖြစ်သူ ဦးတင်မောင်သန်းက ပြောသည်။
၎င်းက “ထိုင်းနိုင်ငံမှာ အကြောင်း အမျိုးမျိုးကြောင့် ပိတ်မိနေတဲ့ မြန်မာနိုင်ငံသား တိုင်းရင်းသား ၁၅၅ ယောက် ပေါ့။ ဒီမှာကလည်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ Quarantine ပေးနိုင်တဲ့ လူအရေအတွက်ကို ချိန်ဆပြီး ပြန်ခေါ် ယူရေး အစီအစဉ်ကို လုပ်ဆောင်နေရတယ်” ဟု ဆိုသည်။
ယခုခရီးစဉ်တွင် ပြန်လည်လိုက်ပါလာမည့် သူများထဲတွင် အများစုသည် ထိုင်းနိုင်ငံသို့ ဆေးသွား ရောက်ကု သနေသူများဖြစ်ပြီး ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် သူများလည်း ပါဝင်မည်ဖြစ်ကြောင်း MAI ထံမှ သိရသည်။
MAI အနေဖြင့် ယခုအကြိမ် ရန်ကုန်- ဘန်ကောက် – ရန်ကုန် အခမဲ့ပြေးဆွဲပေးသွား မည်ဖြစ်သော်လည်း နောက်လာမည့် အကြိမ်များတွင် လိုက်ပါမည့် ခရီးသည်များအတွက် လေယာဉ်လက်မှတ်နှုန်း ထားကိုလည်း အလွန်သက်သာသည့် နှုန်းထားတခုဖြင့် ကောက်ခံသွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
လက်ရှိအချိန်တွင် MAI လေကြောင်းလိုင်းသည် ရန်ကုန်- ဆိုးလ်၊ ရန်ကုန်-ဘန်ကောက်၊ ရန်ကုန်-ဒါကာ နှင့် ရန်ကုန်-ကွာလာလမ်ပူ ခရီးစဉ်များကို relief flight ကူညီကယ်ဆယ်ရေး ခရီးစဉ်များဖြင့် ကို ဧပြီလကုန်ပိုင်းမှ စတင်ကာ ပျံသန်းပြေးဆွဲလျက်ရှိသည်။
You may also like these stories:
Covid-19 ကာလ နိုင်ငံ့စီးပွားကုစားရေး အစီအစဉ် အစိုးရ ထုတ်ပြန်
လေယာဉ်ဝန်ထမ်းများအတွက် ပိုးမွှားကာကွယ်ရေး ဝတ်စုံသစ် AirAsia ပြသ
ရန်ကုန်တိုင်း၌ စက်ရုံ အလုပ်ရုံ ၃ ထောင်နီးပါး စစ်ဆေးမှု ပြီးစီး