ရှမ်းပြည်နယ်တွင် COVID-19 ရောဂါကူးစက်မှု ကာကွယ်ရေးအတွက် ရည်ရွယ်၍ ပါးစပ်၊ နှာခေါင်းစည်း တပ်ဆင် ရေးလှုပ်ရှားမှု (Mask Campaign) ကို ယနေ့ စတင် ပြုလုပ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
အဆိုပါ လှုပ်ရှားမှုကို ယနေ့ နံနက် ၇ နာရီမှ စတင်ကာ ရှမ်းပြည်နယ်တောင်ပိုင်းရှိ တောင်ကြီး၊ ညောင်ရွှေ၊ ရွှေညောင်၊ ဟိုပုံး၊ ဆီဆိုင် စသည့် မြို့နယ် ၂၁ မြို့နယ်တွင် တပြိုင်တည်း ပြုလုပ်ခဲ့ပြီး ပြည်နယ်နှင့် တိုင်းအားလုံးအနက် ရှမ်းပြည် နယ်က ပထမဆုံး စတင်ဆောင်ရွက်ခြင်းလည်း ဖြစ်သည်။
“Mask Culture (ပါးစပ်၊ နှာခေါင်းစည်းတပ်သည့် ယဉ်ကျေးမှု)ကို ကိုဗစ်ကာလရော၊ ကိုဗစ်အလွန် ကာလမှာပါ တည် ဆောက်သွားဖို့။ အဓိက နှစ်ပိုင်းပေါ့။ အခုအပိုင်းမှာတော့ မိမိမှာရှိတဲ့ ရောဂါကို တခြားသူကို မကူးစက်အောင် အဓိက ထိန်းချုပ်တဲ့ ရည်ရွယ်ချက်ပဲ” ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စီမံ/ဘဏ္ဍာဝန်ကြီး ဦးစိုးညွန့်လွင်က ဧရာဝတီကို ပြောသည်။
ကိုဗစ်သာမက ရာသီတုပ်ကွေး ဖြစ်ပွားချိန်၌လည်း မဖြစ်မနေ သွားလာရသည့်အခါ ကား၊ ရထား၊ လေယာဉ် စသည်တို့ ကို အသုံးပြုရာတွင် ကျင့်ဝတ်တခုအနေဖြင့် Mask တပ်သည့် ယဉ်ကျေးမှုကို တည်ဆောက်သွားနိုင်မည်ဆိုပါက နိုင်ငံ သူ/သားတို့၏ တကိုယ်ရည် ကျန်းမာရေးနှင့် အမျိုးသားကျန်းမာရေးအတွက် များစွာအထောက်အကူပြုရန် ရည်ရွယ် သည်ဟုလည်း ၎င်းက ရှင်းပြသည်။
Mask Campaign ကို တလအတွင်း အပတ်စဉ် လှုပ်ရှားရန် စီမံချက်ဆွဲထားပြီး တောင်ကြီး၊ လားရှိုး၊ မူဆယ်၊ တာချီ လိတ် တို့ကဲ့သို့ လူနေထူထပ်သည့် မြို့များတွင် အဓိကထား ဆောင်ရွက်သွားမည်ဖြစ်ပြီး လှုပ်ရှားမှုတွင် Mask နှင့် လက်ကမ်းစာစောင် ဝေခြင်း၊ Social Distancing အပါအဝင် ကိုဗစ်ဆိုင်ရာ အသိပညာပေးခြင်းနှင့် တချို့နေရာများ၌ လက်သန့်ဆေးရည်ဘူးသေးများ ဝေငှေပေးခြင်းတို့ ပါဝင်ကြောင်း သိရှိရသည်။
ဝန်ကြီး ဦးစိုးညွန့်လွင်က “လူတွေကတော့ စားဝတ်နေရေးအရ အပြင်ထွက်ကြမှာပဲ။ ရောဂါပိုး နည်းနည်းပါးပါး မတွေ့ ဘူး။ ဒီနေ့ Zero ဆို ဝုန်းဆို အပြင်ထွက်လာကြတယ်။ ဒီအပေါ်မှာ ကျနော်တို့ အစိုးရက အသိပညာပေးတာတွေ လုပ်ရမယ်။ ဒါ ရေရှည် ဆောင်ရွက်ရမယ့်ကိစ္စ ဖြစ်တယ်။ တရက်တည်းနဲ့တော့ မရဘူး။ အစိုးရကလည်း စိတ်ရှည် ရမယ်။ ပြည်သူကလည်း ပူးပေါင်းပါဝင်ရမယ်” ဟု ဆိုသည်။
နောက်ပိုင်းလှုပ်ရှားမှုများတွင် တခါသုံး mask အသုံးပြုခြင်းထက် အိမ်ရှိ အဝတ်အထည်များကို လျှော်ဖွတ် ပိုးသတ်ပြီး ပြန်လည်အသုံးပြုနိုင်သည့် mask များ ချုပ်လုပ်အသုံးပြုရန် ဆော်သြသွားမည်ဟုလည်း ၎င်းက ပြောသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည်သူများအနေဖြင့် ကိုယ်တိုင် mask ချုပ်လုပ်ရန် တိုက်တွန်းထားပြီး ၎င်းကိုယ်တိုင်လည်း ပိတ်စဖြင့် စမ်းသပ်ချုပ်လုပ် ပြထားသည်။
ယမန်နေ့ကလည်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် “ရောဂါမကူးစက်စေဖို့ ထိရောက်တဲ့နည်း တခုကတော့ Mask ကို စနစ်တကျ တပ်ဆင်ခြင်းပါပဲ။ Mask တပ်တဲ့ အလေ့အထကို အားပေးဖို့ Mask ပြိုင်ပွဲလေးတခု လုပ်မလား စဉ်း စားနေပါတယ်” ဟု ရေးသားဖော်ပြခဲ့သည်။
ထိုသို့ ရေးသားဖော်ပြအပြီး ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်၌ Mask Campaign စတင်ပြုလုပ်ခြင်းဖြစ်၍ ဧရာဝတီ က မေးမြန်းကြည့်ရာ “ဆက်စပ်ပါတယ်။ ခေါင်းဆောင်က ဘာကိုရည်ရွယ်လိုက်လဲဆိုတာနဲ့ နောက်လိုက်ကောင်း ဆိုတာ ချက်ချင်း ဖော်ဆောင်နိုင်တဲ့ စွမ်းရည်ရှိဖို့ လိုတယ်” ဟု ဝန်ကြီး ဦးစိုးညွှန့်က ပြန်လည်ဖြေကြားသည်။
ယနေ့ နံနက်ပိုင်းက တောင်ကြီးတွင် စတင်ပြုလုပ်သည့် ပြည်နယ်အစိုးရ၏ Mask Campaign တွင် လူစုလူဝေး ဖြစ်ခဲ့ မှုအပေါ် လူမှုကွန်ရက်စာမျက်နှာတွင် ဝေဖန်မှုများ ထွက်နေသည့်အပေါ်လည်း ဝန်ကြီးက ပထမဆုံးအကြိမ် လှုပ်ရှားမှု ဖြစ်ခြင်းကြောင့် ပါဝင်ချင်သည့် ပရဟိတသမားများ၊ ကျောင်းသူလူငယ်များနှင့် အသင်းအဖွဲ့များ များပြားလာသည့်အခါ လူစုလူဝေးပုံစံ ဖြစ်သွားရသည်ဟု ရှင်းပြသည်။
“ကျနော်ကိုယ်တိုင် မိုက်နဲ့အော်တယ်။ Mask ဝေတဲ့အခါမှာ ကျနော်တို့က ပညာပေးတဲ့အခါမှာ ကိုယ်တိုင်က Social Distancing ကို လိုက်နာဖို့ လိုအပ်တယ်။ ဒါကြောင့် လူတွေဟာ အနည်းဆုံး ၄ ပေ၊ ၅ ပေ၊ ၆ ပေတော့ ခွာပေးပါ။ Mask ဝေတဲ့အခါ ရည်ရွယ်ချက်လည်း ပြောပေးပါလို့ ပြောတာပဲ။
သို့သော်လည်း ပါဝင်ချင်တဲ့သူတွေက အရမ်းများ လာတော့ နည်းနည်းတော့ လူစုလူဝေး ပုံစံဖြစ်သွားတယ်။ အဲဒါကို ကျနော်တို့လည်း သိလိုက်တယ်” ဟု ၎င်းက ပြောသည်။
ထို့အတွက်ကြောင့် နောက်ထပ်လှုပ်ရှားမှုများတွင် ပါဝင်မည့်သူများအနေဖြင့် Social Distancing ကို လိုက်နာဆောင် ရွက်ရန် စာကပ်ခြင်း၊ လူစုကွဲစေမည့် အစီအမံများ စီမံခန့်ခွဲခြင်းတို့ ဆောင်ရွက်သွားမည်ဟု ဝန်ကြီးက ဆိုသည်။
သီပေါမြို့နယ် နယ်စည်းမခြားပရဟိတအဖွဲ့မှ ကိုမျိုးက Mask campaign လုပ်သည်မှာ ကောင်းသော်လည်း တခါသုံး တခုတည်းပေးပြီး တရက်တာ အသိပညာပေးရုံဖြင့် မလုံလောက်ကြောင်း၊ လက်ရှိ Mask ဈေးနှုန်းဖြင့်ဆိုလျှင် Mask တခု ၅၀၀ ကျပ်၊ မိသားစု ၅ ယောက်စာအတွက် ၅ ခု၊ ၂၅၀၀ ကျပ်ဖိုး ကုန်ကျမည်ဖြစ်ရာ စားဝတ်နေရေးအတွက် ခက် ခဲရုံသာမက Mask အတွက်ပါ အတော်လေး ရုန်းကန်ရမည်ဖြစ်ကြောင်း မှတ်ချက်ပြုသည်။
“Mask campaign လုပ်တာကို ကြိုဆိုပါတယ်။ သို့သော် အစိုးရကနေ လုံလုံလောက်လောက်နဲ့ ပြည်သူလူထု သုံးစွဲ နိုင်လောက်တဲ့ တန်ဖိုးနဲ့ ဖြန့်ဝေပေးနိုင်ရင် ပိုထိရောက်မယ်။ တခု ၅၀၀ လောက်ပေးရတယ်ဆို နေ့တိုင်း ဝယ်သုံးဖို့ ခက်မှာပါ။ ဈေးနှုန်းအသက်သာဆုံးနဲ့ ပြည်သူ ဝယ်သုံးနိုင်အောင် ဆောင်ရွက်ပေးရင် ရောဂါကို ထိထိရောက်ရောက် ကာကွယ်နိုင်မယ် ထင်ပါတယ်” ဟု ၎င်းက ဆိုသည်။
ပြည်သူလူထုအနေဖြင့် ယခုနောက်ပိုင်း ပေါ့လျော့လာကြသည်ကို တွေ့ရခြင်းသည် အန္တရာယ်များသည့် ကိစ္စတခု ဖြစ်ကြောင်း၊ နိုင်ငံတွင် ထိန်းချုပ်နိုင်သည့် အနေအထား မရောက်သေးသည့်အတွက် ပြည်သူလူထုအား ထိရောက် သည့် အသိပညာပေးမှုများ ဆောင်ရွက်ရန် လိုသလို ဥပဒေနှင့်ပတ်သက်၍လည်း ထိထိရောက်ရောက် ကိုင်တွယ်စေ ချင်ကြောင်း ၎င်းက ဖြည့်စွက်ပြောဆိုသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ မေလ ၇ ရက် နံနက် ၇ နာရီထိ သတင်းထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ၌ ကိုဗစ် ဓာတ်ခွဲအတည်ပြုလူနာ ၁၆၂ ဦး ရှိပြီဖြစ်ပြီး ဓာတ်ခွဲနမူနာများတွင် ၂ ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ ၅၀ ဦး ရှိ ကာ ဓာတ်ခွဲအတည်ပြု လူနာများအနက် သေဆုံးသူ ၆ ဦး ရှိကြောင်း ဖော်ပြထားသည်။
ဓာတ်ခွဲအတည်ပြုလူနာ ၁၆၂ ဦးအနက် ရှမ်းပြည်နယ်မှ ၅ ဦး ပါဝင်ပြီး ရှမ်းပြည်နယ်တွင် ရောဂါလက္ခဏာ စောင့် ကြည့်ထားသူ ၄၄ ဦးနှင့် ဆေးရုံတွင် အသွားအလာ ကန့်သတ်ထားရှိသူ ၄၀ ဦးရှိကြောင်း သိရသည်။
You may also like these stories:
COVID – 19 ပြင်းထန်ချိန် နေပြည်တော်တွင် လွှတ်တော် ပြန်စ၊ စိုးရိမ်မှု တချို့ ရှိ
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရန် မန္တလေးတိုင်းအတွင်း ပြင်ဆင်မှုပြုလုပ်ထားဟုဆို