မေလ ၇ ရက် ည ၈ နာရီအချိန်မှာ စင်ကာပူနိုင်ငံရဲ့ အထင်ကရနေရာတွေဖြစ်တဲ့ Landmarks ၃၃ ခုမှာ အပြာရောင်မီးတွေ ထွန်းညှိပြီး COVID-19 ခုခံကာကွယ်ရေးအတွက် ပြယုဂ်တခုအနေနဲ့ ဖော်ထုတ်ပြသသွားမှာပါ။ ကြာသပတေး ည ၈ နာရီတိုင်း မှာ ပြုလုပ်မှာ ဖြစ်ပြီး၊ တစိတ်တပိုင်း အသွားအလာပိတ်ဆို့ထားတဲ့ကာလ ဇွန် ၁ ရက်နေ့ထိ ပြုလုပ် သွားမှာလည်း ဖြစ်ပါတယ်။
ဗြိတိန်ကနေ အစပြုခဲ့တဲ့ #MakeItBlue လို့ နာမည်ပေးထားတဲ့ လှုပ်ရှားမှုဟာ အခုခါမှာတော့ အမေရိကန်၊ ကနေဒါ၊ မက္ကဆီကို၊ စပိန်၊ ပြင်သစ်၊ အီတလီ၊ ဒိန်းမတ်၊ သြစတြေးလျ၊ ဂျပန်၊ တောင်ကိုရီးယား နဲ့ မလေးရှား အပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၁၇ နိုင်ငံမှာ ပြုလုပ်ပြီးဖြစ်ပြီး အခုတော့ စင်ကာပူနိုင်ငံပါ ပါဝင်လာခဲ့ပါပြီ။
အဲ့ဒီ လှုပ်ရှားမှုရဲ့ အဓိက ရည်ရွယ်ချက်ကတော့ အခုလို ကပ်ရောဂါကာလအတွင်း ရင်ဆိုင်နေရတဲ့ ကျန်းမာရေး ပြဿနာတွေထဲက အရေးကြီးဆုံးဖြစ်တဲ့ စိတ်ကျန်းမာရေးကို လူတွေ သတိထားမိ စေရန်နဲ့ ရှေ့တန်းကနေ ကာကွယ်ကုသပေးနေတဲ့ Frontliners တွေ အကုန်လုံးကို ကျေးဇူးတင်တဲ့အနေနဲ့ပါ ရည်ရွယ် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
#SeeItBlue လို့ နာမည်ပေးထားတဲ့ စင်ကာပူနိုင်ငံရဲ့ လှုပ်ရှားမှုမှာ အထင်ကရနေရာတွေဖြစ်တဲ့ ArtSicence Museum, Cavanagh Bridge, Esplanade, Fullerton Hotel, Gardens by the Bay, Helix Bridge, ION Orchard, Marina Bay Sands, National Gallery Singapore, Raffles Hotel Singapore, Sentosa, The Arts House, Victoria Theatre နဲ့ Victoria Concert Hall တွေကို အပြာရောင်မီးတွေ ထွန်းညှိထားမှာပါ။
“အိမ်မှာ နေတဲ့သူတွေအပြင် ကပ်ရောဂါကြီးကို ရှေ့တန်းကနေ ကာကွယ်ကုသပေးနေတဲ့ Frontliners တွေကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ နေ့စဉ် သူတို့ဘဝတွေကို စွန့်စွန့်စားစားနဲ့ ပေးဆပ်နေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေအပြင် COVID-19 ကပ်ရောဂါကြားက ကိုယ့်ကျန်းမာရေးထက် တခြားသူတွေကို ဝန်ဆောင်မှုပေး နေတဲ့ စားသောက်ဆိုင်၊ စတိုးဆိုင်၊ သန့်ရှင်းရေး ဝန်ထမ်းတွေ၊ ဘတ်စ်နဲ့ မီးရထားမောင်းသူတွေ၊ သယ်ယူပို့ ဆောင်ရေး ဝန်ထမ်းတွေ အားလုံးကိုပါ ကျေးဇူးတင်ပါတယ်” လို့ #MakeItBlue လှုပ်ရှားမှုကို ယူကေနိုင်ငံမှာ စတင်ခဲ့တဲ့ Gary White က ဆိုပါတယ်။
“အားလုံးထဲမှာမှ အရေးကြီးဆုံးအချက်ကတော့ လူတွေ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ကို သတိရစေချင်တယ်။ လူတိုင်းအတွက် စိတ်ကျန်းမာရေးဆိုတာ အရေးကြီးဆုံးပါပဲ။ တယောက်တည်း ကြိတ်ပြီး ခံစားမနေဘဲ အားတက်လာအောင် ကျနော်တို့က ကူညီပေးနိုင်ရမယ်” လို့ White က ဆိုပါတယ်။
နောက်အပတ်တွေမှာ #SeeItBlue လှုပ်ရှားမှုအတွက် အခုထက်ပိုပြီး နာမည်ကျော်နေရာတွေနဲ့ အဆောက်အဦတွေကို အပြာရောင်မီးတွေ ထွန်းညှိဖို့ တိုးချဲ့လုပ်ဆောင်သွားဖို့ရှိပါတယ်။
Ref: Channel News Asia Lifestyle
You may also like these stories:
နယူးဇီလန်မှာ ပထမဆုံးအကြိမ် COVID-19 ထပ်တိုးလူနာ မတွေ့ရှိ
ထိုင်းမှာ Lockdown ကာလအတွင်း သေကြောင်းကြံစည်မှု များလာ
ဂျာမနီရှိ ဆိုင်များအားလုံး ပြန်ဖွင့်တော့မည်