COVID -19 ရောဂါပိုးကြောင့် အခြေခံပညာကျောင်းများ လာမည့်ဇွန်လတွင် ဖွင့်လှစ်နိုင်ရန် မသေချာသေးဘဲ COVID -19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ညွှန်ကြားချက်များကို စောင့်ကြည့်၍ ဆက်လက် ဆောင်ရွက်သွားမည်ဟု အခြေခံပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ ထုတ်ပြန်ထားသည့် ရောဂါကာကွယ်ရေး တားမြစ်ချက်များကို မေ ၁၅ ရက်နေ့ထိ သက်တမ်းတိုးထားသဖြင့် လက်ရှိ ကျန်းမာရေးဆိုင်ရာ အခြေအနေများအပေါ်မူတည်ကာ ကျောင်းများပြန်ဖွင့်နိုင်ရေး ပညာရေး ဝန်ကြီးဌာနက ပြင်ဆင်လျက် ရှိသည်။
ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက“သတ်မှတ်ထားတဲ့ ကာလ ဇွန်မှာ ဖွင့်ဖို့အတွက် ကြိုတင်ပြင်ဆင်မှုတွေတော့ လုပ်နေ တာပေါ့။ ဒါပေမယ့် မသေချာသေးဘူးလေ၊ ၁၅ ရက်နေ့မတိုင်ခင်မှာ ကော်မတီရဲ့ သက်တမ်း လက်ရှိ ကန့်သတ်ချက်တွေကို သက်တမ်း တိုး၊ မတိုး ဆိုတာကို ကြည့်ရမယ်လေ။ ဆက်တိုက်လည်းပဲ ကူးစက်မှု မရှိတော့ဘူးဆိုရင်တော့ ဇွန်မှာ ဖွင့်ဖို့ လည်းပဲ ဖြစ်နိုင်ပါတယ်”ဟု ပြောသည်။
အခြေခံပညာကျောင်းများ ပြန်မဖွင့်နိုင်မီ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အဖြေလွှာ စစ်ရမည့်ကိစ္စရပ်များ၊ စတုထ္တတန်းနှင့် အဌမတန်းအပါအဝင် ကျောင်းတွင်းစစ် စာမေးပွဲ အောင်စာရင်း ထုတ်ပြန်မည့် ကိစ္စရပ်များကို ဦးစွာလုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။
“လုပ်ခွင့်ရပြီဆိုရင် အရင်ဆုံး ကျောင်းမဖွင့်ခင် အဲတာတွေ အရင်လုပ်ရမှာ။ ကျောင်းအရင်ဖွင့်ပြီး အဲဒါတွေ နောက်မှ လုပ်လို့ မရဘူး။ ကျောင်းတွင်းစစ်စာမေးပွဲတွေလည်း အောင်စာရင်း မထုတ်ရသေးဘူး”ဟု ဦးကိုလေးဝင်းက ပြောသည်။
ကျောင်းများပြန်ဖွင့်သည့်အခါတွင်လည်း နှာခေါင်းစည်းများ ပေးဝေနိုင်ရန် အစီအစဉ်များ ပြုလုပ်ထားပြီး ကိုယ်အပူချိန် တိုင်းခြင်း၊ လူအကွာအဝေးခြားနိုင်မည့် ကိစ္စရပ်များကို ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက် များအတိုင်း ဆောင်ရွက်မည်ဟု ဆိုသည်။
သို့သော် အခြေခံပညာကျောင်းသားများကို ကျောင်းတက်ချိန် တနေကုန် အချိန်ပြည့် နှာခေါင်းစည်းတပ်ခိုင်းရန်မှာ မဖြစ် နိုင်ကြောင်း၊ ကျောင်းသားဦးရေနှင့် စာသင်ခန်း အကျယ်အဝန်း အနေအထားအရလည်း ကျောင်းသားတဦးနှင့်တဦး ၃ ပေအကွာ၊ ၆ ပေအကွာထားရန်မှာလည်း အခက်အခဲများ ရှိကြောင်း ပဲခူးတိုင်းအနောက်ပိုင်း သာယာဝတီမြို့နယ်တွင် တာဝန်ထမ်းဆောင်နေသူ အမည်မဖော်လိုသော ကျောင်းဆရာမတဦးကပြောသည်။
“ကလေးတွေကို Mask တနေကုန် တပ်ခိုင်းမယ်ဆိုတာကြီးက မဖြစ်နိုင်ဘူး။ လူကြီးတောင် တနေကုန်တပ်မယ်ဆိုရင် မဖြစ် နိုင်တဲ့ကိစ္စကြီးလေ။ ကလေးဆိုတဲ့သဘောအရ သူတို့ချင်းလဲ တပ်တာတွေလုပ်နိုင်တယ်။ အဲဒါဆို ပိုပြီးတော့ အန္တရာယ် ဖြစ်နိုင်တယ်။ Mask ကို ကျောင်းတွေက အခမဲ့ မပေးနိုင်ဘူးဆိုရင် တနေ့ကို တခုနှုန်းအနေနဲ့ ကလေးမိဘတွေက ဘယ်လိုလို့ တတ်နိုင်မလဲ”ဟု ၎င်းက ပြောသည်။
ကျောင်းများပြန်ဖွင့်လာပါက ကျောင်းတက်ကျောင်းဆင်းချိန်၌ မိဘများက ကြိုပို့လုပ်ရာတွင် လူစုလူဝေး များ ဖြစ်လာနိုင် ကြောင်း၊ ကလေးများအတွက် စာသင်ခန်းအတွင်း ပြွတ်သိပ်စွာ နေထိုင်ရမှု မရှိစေရန် အခန်းခွဲရန် လိုအပ်ကြောင်း နှင့် ကျောင်းသားများ စုဝေးမှု နည်းစေရန် အချိန် နှစ်ချိန်ခွဲခြား သတ်မှတ်ခြင်းမျိုး လုပ်ပေးစေလိုကြောင်း ပြည်မြို့မှ စတုထ္တတန်း ကျောင်းသူ၏ မိခင် ဒေါ်မိုးမိုးက ပြောသည်။
“စိတ်ချရမှ ပြန်ဖွင့်စေချင်တယ်။ တကယ်လို့ တက်လိုက်လို့ ပေါ့ဆပြီးတော့ တစုံတယောက်က စဖြစ်ခဲ့လိုရှိရင် ကလေး အ များကြီးမှာလည်း အန္တရာယ်ရှိတယ်။ အခြေအနေလေး တည်ငြိမ်သွားတဲ့အခါမှပဲ ပြန်ဖွင့်စေချင်တယ်။ တကယ်တန်း ဖွင့် ခဲ့ရင်တောင်မှပဲ ကိုယ့်ကလေးကို မပို့ချင်သေးဘူး။ ကျောင်းဖွင့်ချိန်တော့ နောက်ဆုတ်စေချင်သေးတယ်”ဟု ၎င်းက ပြောသည်။
စာသင်ကျောင်းများ ပြန်ဖွင့်မည်ဆိုပါက COVID-19 ကိုထိန်းချုပ်နိုင်သည့် တရုတ်၊ ကိုရီးယား၊ ဗီယက်နမ် ကဲ့သို့နိုင်ငံများကို နမူနာယူ လုပ်ဆောင်သင့်ကြောင်း၊ လူချင်း ပူးကပ်မှုမရှိစေရန် စာသင်ဆောင်များ တိုးချဲ့ ခြင်း၊ အများပိုင် အဆောက်အဦ များကို အသုံးပြုခြင်းနှင့် စေတနာ့ ဝန်ထမ်း ဆရာ၊ဆရာမများပါ ခန့်ထားလုပ်ဆောင်ရန် လိုအပ်ကြောင်း ရန်ကုန်မြို့မှ ပညာရေးသုတေသီ ဒေါက်တာ စိုးဝင်းဦးက သုံးသပ်သည်။
“ထိခိုက်မှု အများဆုံးခံသွားရနိုင်တဲ့ အငယ်ဆုံး ကလေးတွေပေါ့။ ဥပမာ မူလတန်းအဆင့်ပေါ့၊ တပြိုင်တည်း ဖွင့်မယ့်အစား တဆင့်ချင်းဖွင့်တဲ့ စနစ်က ကောင်းတယ်။ တက္ကသိုလ်ဆင့်တွေ အရင်ဖွင့်မယ် ပြီးရင် အထက်တန်း ဖွင့်ကြည့်မယ်။ ပြီးမှ အလယ်တန်း၊ မူလတန်းပေါ့။ တပြိုင်နက်တည်းဆိုတာ အဆင်မပြေဘူး။ လုပ်ရကိုင်ရ ထိန်းချုပ်ရခက်နိုင်တယ်”ဟု ၎င်းကပြောသည်။
မြန်မာတနိုင်ငံလုံးတွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများသို့ တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူ ဦးရေ ၁၀ သန်းခန့်နှင့် ဆရာ၊ ဆရာမ ဦးရေ ၄ သိန်း နီးပါးရှိကြောင်း ပညာရေး ဝန်ကြီးဌာနမှ ရရှိသည့် အချက်အလက်များအရ သိရသည်။
အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ COVID-19 ကိုကမ္ကာလုံးဆိုင်ရာကပ်ရောဂါ (Pandemic) အဖြစ် ကမ္ကာ့ကျန်းမာရေးအဖွဲ့ (WHO)က ၂၀၂၀ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် စတင်ကြေငြာခဲ့သည်။
ထို့ကြောင့် အစိုးရက ဇန်နဝါရီလ ၃၀ ရက်နေ့က ဖွဲ့စည်းထားသော COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟို ကော် မတီကို မတ်လ ၁၃ ရက်နေ့တွင် အမျိုးသားအဆင့် ဗဟိုကော်မတီအဖြစ် တိုးမြှင့်ဖွဲ့စည်းခဲ့ပြီး ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိရာ လူစုလူဝေးမှုများကို ကန့်သတ်လိုက်သဖြင့် ပညာရေးဆိုင်ရာ ကျောင်းများလည်း ဆက်လက် ပိတ်ထားခဲ့ရသည်။
မြန်မာနိုင်ငံတွင် မေလ ၇ ရက် မနက်ပိုင်းအထိ COVID -19 အတည်ပြုလူနာ ၁၆၂ ဦး၊ သေဆုံးသူ ၆ ဦး၊ ပြန်လည်သက် သာလာသူ ၅၀ ဦးနှင့် ဆေးရုံဆင်းသူ ၂၉ ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားသည်။