ကရင်ပြည်နယ် ၊ ဖာပွန်ခရိုင် ၊ ဒွဲလုံမြို့နယ်တွင် တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) အကြား မေလ ၆ ရက်က အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
COVID – 19 ဗိုင်းရပ်စ်ပိုး ရှိမရှိ ကိုယ်အပူချိန်တိုင်းတာခြင်းများဆောင်ရွက်ရန် KNU ဘက်က ဖွင့်ထားသော စစ်ဆေးရေးဂိတ် နှစ်ခုကို ဖယ်ရှားပေးရန် လုပ်ဆောင်ရာမှ ပစ်ခတ်မှုဖြစ်ပွားခြင်း ဖြစ်ကြောင်း KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစော ကလယ်ဒိုးက ပြောသည်။
ဗိုလ်မှူး စောကလယ်ဒိုး က “သူတို့ (တပ်မတော်) က (Covid-19) စစ်ဆေးတဲ့ တဲတလုံးကို မီးရှို့ဖျက်ဆီး လိုက်တယ်။ တလုံးကတော့ သူတို့ဖြိုချလိုက်တော့ လုံခြုံရေးယူပေးထားတဲ့ ကျနော်တို့ရဲ့ ၁၀၂ တပ်ရင်းနဲ့ ကျတော့ တင်းမာမှုတွေ ဖြစ်သွားတယ်။ နောက်ပိုင်းမှာ ပစ်ခတ်မှုဖြစ်တဲ့အထိဖြစ်တာပေါ့” ဟု ပြောသည်။
တပ်မတော်၏ စစ်စစ်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ၈ လက်အောက်ခံ ခမရ (၄၀၅) ၊ (၄၄၀) တပ်ရင်းများနှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ၏ တပ်မဟာ ၅ လက်အောက်ခံ တပ်ဖွဲ့များ အကြား ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နှစ်ဖက် ထိခိုက်မှုမရှိကြောင်း ဟုဆိုသည်။
လက်ရှိတွင် တိုက်ပွဲဖြစ်ပွားမှုမရှိတော့သော်လည်း စစ်ရေးတင်းမာနေပြီး KNU တပ်မဟာ ၅ က ဗိုင်းရပ်စ် အန္တရာယ် ကာကွယ်ရေးဆောင်ရွက်နေသော စစ်ဆေးရေးဂိတ် ၂ ခုကို ယာယီရွှေ့ပြောင်းထားကြောင်း သိရသည်။
တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ကမူ KNU တပ်မဟာ ၅ နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်မှာ မှန်ကန်ကြောင်း အတည်ပြုသော်လည်း KNU ၏ ဗိုင်းရပ်စ်စစ်ဆေးရေး ဂိတ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း မဟုတ်ကြောင်း ဧရာဝတီသို့ပြောသည်။
၎င်းက “စစ်ဆေးရေးဂိတ်နဲ့ တိုက်ပွဲဖြစ်တဲ့နေရာနဲ့ အဝေးကြီးပါ။ ကျနော်သိရသလောက်တော့ ဝါသိုးခိုရဲ့ အရှေ့မြောက်ဘက်လို့ ပြောတယ်။ အဲဒီဘက်မှာ ကျနော်တို့ဘက်က နယ်မြေလုံခြုံရေးလုပ်နေတဲ့ အဖွဲ့နဲ့ KNU တပ်မဟာ ၅ နဲ့ ဖြစ်တယ်။ ၅ မိနစ်လောက်ပဲကြာတယ်။ သူတို့ဘက်က စပစ်တာပဲ။ ပြီးတော့ ပြန်လည် ဆုတ်ခွာသွားတယ်” ဟု ဆိုသည်။
ဖာပွန်ခရိုင်ရှိ ခရိုင်တီး ဒေသတွင်လည်း အလားတူ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
KNU နှင့် တိုက်ပွဲဖြစ်ပွားသည့် ကိစ္စကို ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) နှင့် ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S) တို့မှ တဆင့် ညှိနှိုင်းဖြေရှင်းသွားမည်ဟုလည်း ၎င်းက ဆက်ပြောသည်။
ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာ အင်စတီကျု (MIPS) အမှုဆောင် ဒါရိုက်တာ ဒေါက်တာ မင်းဇော်ဦး ကမူ KNU နှင့် တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခြင်းမှာ နှစ်ဖက်တပ်ဖွဲ့များအကြား တိကျသည့် နယ်မြေပိုင်းခြား သတ်မှတ်ထားမှု ဆိုင်ရာ သဘောတူညီချက် မရရှိသေးသဖြင့် ဖြစ်ကြောင်း မှတ်ချက်ပေးသည်။
၎င်းက “နှစ်ဖက်ညှိနှိုင်းပြီး လုပ်တာမဟုတ်တဲ့အခါမှာ နယ်မြေပြဿနာတွေ တက်လာတယ်ပေါ့။ ကိုယ့်နေရာမှာ ကိုယ့်ဖွင့်တဲ့ ကိစ္စဆိုရင်တော့ ပြဿနာမရှိဘူးပေါ့။ သထုံဘက်မှာက ကိစ္စကလည်း နယ်မြေပြဿနာပဲ” ဟု ဆိုသည်။
ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်ကလည်း မွန်ပြည်နယ်၊ သထုံခရိုင်ရှိ KNU တပ်မဟာ (၁) စစ်ဆေးရေးဂိတ်ကို ဖယ်ရှားပေးရန် တပ်မတော်ဘက်က လာရောက်တားမြစ်ရာမှ စစ်ရေးတင်းမာမှု ဖြစ်ပွားခဲ့သေးသည်။
တိကျသည့် နယ်မြေပိုင်းခြားသတ်မှတ်မှုဆိုင်ရာ သဘောတူညီမှုမရှိသဖြင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်းမှာ ဖြစ်လေ့ဖြစ်ထရှိကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ်တွင် ကြီးမားသည့် သက်ရောက်မှု မရှိကြောင်း ဒေါက်တာ မင်းဇော်ဦးက သုံးသပ်သည်။
တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်းစိုးကတော့ တပ်မတော်နှင့် KNU တို့ တိုက်ပွဲ ဖြစ်ပွားသည့် ကိစ္စကိုကြည့်ခြင်းဖြင့် ကိုဗစ်ကာကွယ်ရေးအတွက် နိုင်ငံတော်သမ္မတ အမိန့်အရ ဖွဲ့ထားသော အစိုးရနှင့် EAO များအကြား ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီသည် အောက်ခြေအဆင့်အထိ ပူးပေါင်း ဆောင်ရွက်ရေးကို အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးသည်ကို သိနိုင်ကြောင်းဆိုသည်။
၎င်းက “ဒီလိုကိစ္စမျိုးက အပေါ်က COVID – 19 ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ ကော်မတီနဲ့ အပေါ်ပိုင်းပဲ ပူးပေါင်းဆောင်ရွက်မှာလား။ အောက်ခြေမှာရော ပူးပေါင်းဆောင်ရွက်မှာလားဆိုတာက အတော်ပြောရခက်တယ်” ဟု မှတ်ချက်ပေးသည်။
KNU တပ်မဟာ (၅) နှင့် တပ်မတော်တို့သည် ဖာပွန်ခရိုင်တွင် တပ်မတော်ဘက်က လမ်းဖောက်လုပ်ရန် ကြိုးပမ်းမှုကြောင့် ကိုရိုနာဗိုင်းရပ်စ် အကြပ်အတည်းမဖြစ်ပွားခင် ကာလ ကတည်းကပင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုသို့ဖြစ်ပွားမှုကို ယနေ့အထိ မဖြေရှင်းနိုင်ခြင်းမှာ JMC အစည်းအဝေးပြန်မလုပ်နိုင်၍ ဖြစ်နိုင်ကြောင်း ဦးမောင်မောင်စိုးက ဆိုသည်။
၎င်းက “၂၀၁၈ ခုနှစ်နှစ်ကုန်ထဲက JMC မထိုင်နိုင်တာ ဒီနေ့အထိပဲ။ တနှစ်ကျော်ဖြစ်သွားပြီ။ NCA စာချုပ် အတိုင်းသွားနေပါတယ်ဆိုရင် NCA စာချုပ်ပါ JMC အသက်ဝင်အောင်လုပ်နိုင်မှသာလျှင် နယ်မြေ ပိုင်းခြား သတ်မှတ်မှုနဲ့ အပစ်အခတ်ရပ်စဲမှု တကယ်လုပ်နိုင်မယ်ထင်ပါတယ်” ဟု ပြောသည်။
တပ်မတော်နှင့် EAO များအကြား တိကျသည့် နယ်မြေပိုင်းခြားသတ်မှတ်မှု သဘောတူညီချက်ရရှိရန် မဆောင်ရွက်နိုင်ပါက တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေမည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
KNU အဖွဲ့သည် အစိုးရနှင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ် ရေးထိုးထားသည့် လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး လက်ရှိတွင် အစိုးရနှင့် လက်တွဲကာ ဗိုင်းရပ်စ်ကာကွယ်ရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းဖြစ်သည်။
ထို့ပြင် KNU သည် ဧပြီလ ၂၇ ရက်က နိုင်ငံတော်သမ္မတ အမိန့်ဖြင့် ဖွဲ့စည်းထားသော COVID-19 ကာကွယ် ထိန်းချုပ်ရေး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်း ပူးပေါင်းရေး ကော်မတီ နှင့် ချိတ်ဆက်ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တခုလည်းဖြစ်သည်။