သတင်း

ရန်ကုန်အခြေပြု အဝေးပြေးယာဉ်လိုင်း ၇၀ ကျော် ပြန်လည် ပြေးဆွဲ

Want create site? Find Free WordPress Themes and plugins.

COVID-19 ကူးစက်ရောဂါ ပျံ့ပွားနေမှုများကြောင့် အဝေးပြေးယာဉ်လိုင်း ပြေးဆွဲမှုများ ရပ်တန့်ထားရာ ယခုအချိန်တွင် တချို့တိုင်းနှင့် ပြည်နယ်များတွင် ဖြေလျှော့မှုများ ရှိလာသောကြောင့် ရန်ကုန်အခြေပြု အောင်မင်္ဂလာ အဝေးပြေး၌ ယာဉ် လိုင်း ၇၀ ကျော်မှာ ပြန်လည် ပြေးဆွဲနေပြီ ဖြစ်ကြောင်း သိရသည်။

အောင်မင်္ဂလာ အဝေးပြေး စည်ပင်သာယာ ဦးစီးဌာန၊ အခွန်ဌာန လက်ထောက် ဌာနမှူး ဦးရန်ငြိမ်းချမ်းက “အခုကတော့ မုံရွာ၊ ပြည်၊ ပဲခူး တို့ကို ပြေးဆွဲတာတွေ ရှိတယ်။ အရင်တုန်းကတော့ ယာဉ်လိုင်းပေါင်း ၂၀၀ ကျော် ပြေးဆွဲတာ အခုက တော့ ဆယ်ဂဏန်းလောက်ပဲ ရှိတယ်။ ဒါက အခု လဆန်းပိုင်းမှ စပြီး ပြေးဆွဲတာ ဖြစ်တယ်။ မေလ ၇ ရက်အထိ ဆိုရင် ယာဉ်လိုင်း ၇၀ ကျော်လောက် စတင် ပြေးဆွဲနေပြီ” ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိ အောင်မင်္ဂလာ အဝေးပြေးဝင်းမှ အခြေပြု ပြေးဆွဲနေသော ယာဉ်လိုင်း ၂၀၀ ကျော်ရှိကာ ယခု ပြန်လည် ပြေးဆွဲနေ သော ယာဉ်လိုင်းများမှာ ရန်ကုန်မြို့နှင့် သွားလာခွင့်ရသော တိုင်းနှင့် ပြည်နယ်များသို့ နေ့စဉ် ပြေးဆွဲမှုများရှိနေပြီ ဖြစ်ပြီး မန္တလေးတိုင်းနှင့် မကွေးတိုင်း စသည့် တိုင်း ၂ ခုသာလျှင် လုံးဝ သွားလာ ပြေးဆွဲခြင်း မရှိကြောင်း ၎င်းက ပြောပြသည်။

အောင်မင်္ဂလာ အဝေးပြေးဝင်းသည် ညွှန်ကြားချက်ကြောင့် ပိတ်ထားခြင်းမျိုး မဟုတ်ကြောင်း ဆက်စပ်ပြေးဆွဲပေးနေ သည့် တိုင်းနှင့် ပြည်နယ်အချို့တွင် COVID-19 ရောဂါပိုးကြောင့် အသွားအလာ ကန့်သတ်ထားခြင်း၊ Lockdown လုပ်ခြင်း များကြောင့် ယာဉ်လိုင်းပြေးဆွဲခြင်းများ ရပ်နားထားရခြင်း ဖြစ်ပြီး သွားလာခွင့်ရရှိထားသော ရန်ကုန်နှင့် ဆက်စပ် မြို့နယ် များသို့ ပြေးဆွဲပေးလျက် ကြောင်း သိရသည်။

ဇေယျာရွှေပြည် ယာဉ်လိုင်း ပိုင်ရှင် ဒေါ်ခိုင်ခိုင်က “ကျမတို့အနေနဲ့ ရန်ကုန်-မန္တလေး ပြေးဆွဲတာ ဖြစ်လို့ ထွက်လို့ မရသေး ပါဘူး။ အသိအမှတ်ပြုပြီး စာတွေ ထွက်ပေးတဲ့ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ မုံရွာ တို့တော့ ပြေးဆွဲနေကြပါ တယ်။ စစ်တိုင်းကတော့ ကျော်ဖြတ်ခွင့် ရတယ်။ ရန်ကုန်မှာ စက်ရုံတွေ ဖွင့်တော့မယ်ဆိုတဲ့ အနေအထားအရ ပြန်လာချင် တဲ့ ဝန်ထမ်းတွေက တော်တော် များတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ဆက်လက်၍ ၎င်းက “တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အသီးသီးက တပြေးညီ ခွင့်ပြုလိုက်တယ် ဆိုရင်တော့ ကျမတို့ အောင်မင်္ဂလာ အဝေးပြေးက ခြုံပြီး လှုပ်ရှားလို့ ရတယ်။ အခုက မတူဘူး။ ကရင်ပြည်နယ်ဆိုရင် မော်လမြိုင်တို့ ဘာတို့က သွားလို့ရတယ်။ အခုက ရန်ကုန်ဘက်က ဘယ်လောက်ပဲ ကားလွှတ်ပေးပေး ဟိုဘက်က တိုင်းက ခရီးသည် လွှတ်လို့ မရ ဘူးဆိုတော့ ကျမတို့က ကားထွက်လို့ မရတော့ဘူး ဖြစ်တာ” ဟု လက်ရှိအခြေနေကို ရှင်းပြသည်။

တိုင်းနှင့် ပြည်နယ်များအနေနှင့် တပြေးညီ တူညီသော ထုတ်ပြန်ချက် ထုတ်ပြန်ပြီး ယခုကဲ့သို့ ပိတ်ထားခြင်းများ မပြု လုပ်ဘဲ အများပြည်သူ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများတွင် စည်းကမ်းများ သတ်မှတ်၍ မလိုက်နာသည့် ယာဉ်ပိုင် ရှင်များကို အရေးယူ ဆောင်ရွက်ခြင်း တို့ကို လုပ်ဆောင်၍ ဖွင့်ပေးစေချင်ကြောင်း ၎င်းက ဆိုသည်။

ယာဉ်လောကတွင် ကားဆွဲ မကောင်း ၆ လ၊ ကောင်း ၆ လ ရှိကြောင်း ယခု ကားဆွဲကောင်းမည့် ၆ လအတွင်း ယခုလို ရောဂါဖြစ်ပွားရခြင်းကြောင့် ယာဉ်လုပ်ငန်းများအတွက် အခက်အခဲဖြစ်စေကြောင်းလည်း ဒေါ်ခိုင်ခိုင်က ပြောသည်။

အောင်မင်္ဂလာ အဝေးပြေးဝင်းမှနေ မေလအတွင်း ပြန်လည်ပြေးဆွဲနေသည့် ယာဉ်လိုင်းတချို့ (ဓာတ်ပုံ-Aungmingalar/Facebook)

ပြည်ထောင်စု အစိုးရမှ Lock Down ကာလနှင့် Home Stay ကာလများကို ယခင်က ဧပြီလ ၃၀ ရက်အထိ သတ်မှတ် ထားရာမှ ယခု မေလ ၁၅ ရက်အထိ တိုးမြှင့်လိုက်ခြင်းနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဧပြီလ ၁၈ ရက်မှ စကာ ညမထွက်ရ အမိန့်ကို သတ်တမ်း၂ လ တိုးမြှင့် ထားသောကြောင့် ခရီးသည် စီးနင်းမှု မရှိ၍ အဝေးပြေးယာဉ်လိုင်းများ ပြေးဆွဲ မှု မရှိခြင်း ဖြစ်ကြောင်း သိရသည်။

COVID-19 နှင့် ပတ်သက်၍ အဝေးပြေးယာဉ်လိုင်းများတွင် ကျန်းမာရေး လုပ်နေသည်နှင့် လမ်းညွှန်ထားမှု အခြေအနေ များကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ကုန်းလမ်း ညွှန်ကြားမှုဦးစီးဌာန နေပြည်တော်မှ တာဝန်ရှိသူ တဦးက “ကျနော်တို့က ကျန်းမာရေးဝန်ကြီး ဌာန မဟုတ်တော့ အဲဒီအဖြေကို ဖြေလို့ မရဘူး။ ကျနော်တို့ သိထားတာက သက်ဆိုင် ရာ တိုင်းနဲ့ ပြည်နယ်တွေမှာ အရေးပေါ် ထိန်းချုပ်ရေးနှင့် တုံ့ပြန်ရေး ကော်မတီ ဖွဲ့ထားတယ်။ သူ့ ပြည်နယ်နဲ့ တိုင်းအတွင်း ဧရိယာတွေမှာ ကျန်းမာရေးအတွက် စစ်တာတွေ ဆေးတာတွေ လုပ်နေကြတယ်။ ဒါက မြေပြင်ရဲ့ အခြေအနေ” ဟု ပြော ကြားသည်။

ရန်ကုန်မြို့နှင့် ဆက်သွယ် သွားလာမှု များပြားသည့် မန္တလေးတိုင်း ဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် COVID-19 ကူးစက်မှု ကာကွယ်ထိန်းချုပ်ရေးအရ Lockdown ချထားသည့်ကာလမှာ မေ ၁၅ ရက် အထိ ဖြစ်သည်။

လက်ရှိအချိန်တွင် ရန်ကုန်မြို့သို့ အဝေးပြေးယာဉ်လိုင်းအားလုံး ပြန်လည်ပြေးဆွဲမှု မရှိသေးသည့်အတွက် တချို့ နယ်များမှ လုပ်ငန်းခွင်ပြန်လည် ဝင်ရောက်ရန် လာရောက်ပါက လူစု၍ ကားစင်းလုံးငှားဖြင့်လည်းကောင်း၊ ရထားဖြင့်လည်းကောင်း လာရောက်နေရကြောင်း သိရသည်။

ရန်ကုန်ကနေ ဧရာဝတီတိုင်း ကျိုက်လတ်မြို့ကို ပြန်သည့် ခရီးသည်တဦးက “အရင်က တယောက်ကို ကျပ် ၄၀၀၀ လက် မှတ် တစောင်ကို ပေးရတယ်။ အခုက နှစ်ယောက် ထိုင်ခုံကို တယောက်စာ ကျပ် ၁ သောင်းပေးရတယ်။ လမ်းမှာတော့ မစစ်ဘူး။ အဝင်၊ အထွက် တိုးဂတ်မှာ စစ်တယ်။ ဒါပေမယ့် တချို့ လင်မယားတွေ၊ သမီးရည်းစားတွေဆိုရင် ဒီတိုင်း ထိုင် တာပဲ။ လက်မှတ်ခ ပိုပေးရတာပဲ ရှိတယ်။ သေချာဘယ်သူမှ ထိုင်ခုံနဲ့ ပတ်သက်ပြီး ခွဲထိုင်တာ မရှိဘူး။ ပိုပေးရတာပဲ ရှိ တယ်” ဟု ဧရာဝတီသို့ ပြောသည်။

ရန်ကုန်တိုင်း ဒေသကြီး အခြေပြု အောင်မင်္ဂလာ အဝေးပြေးဝင်းနှင့် ဒဂုံဧရာ အဝေးပြေးဝင်းတို့မှ မြန်မာတနိုင်ငံလုံးသို့ ပြေးဆွဲ ပေးနေသော ယာဉ်လိုင်းပေါင်းမှာ ၃၈၇ လိုင်း၊ ယာဉ်အစီးရေ ၃၇၀၀ ကျော်နှင့် နေ့စဉ် အဝေးပြေး ခရီးသွား ၂ သောင်းနီးပါးကို သယ်ယူ ပို့ဆောင်ပေးနေခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) ၏ ကိုဗစ်-၁၉ ကာလ မတိုင်မီ စာရင်းများအရ သိရသည်။

You may also like these stories:

COVID-19 ကြောင့် လာမည့် ဇွန်လတွင် စာသင်ကျောင်းများ ပြန်ဖွင့်ရန် မသေချာ

ရှမ်းပြည်နယ်တွင် နှာခေါင်းစည်းတပ်ဆင်ရေး လှုပ်ရှားမှု စတင်

ထိုင်းတွင် ပိတ်မိနေသော နိုင်ငံသား ၁၅၀ ကျော်ကို MAI လေကြောင်းက အခမဲ့ပြန်ခေါ်ပေးမည်

Did you find apk for android? You can find new Free Android Games and apps.
Loading