ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ဆားပြင်ကျေးရွာမှ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် ဖမ်းဆီးခံထားရသော ဒေသခံ ၅ ဦးကို ယနေ့ မေလ ၇ ရက်နေ့က အထောက်အထား မခိုင်လုံ၍ မြို့နယ်တရားရုံးက ပြန်လွှတ် ပေးခဲ့ သော်လည်း ထပ်မံ ပြန်အဖမ်းခံလိုက်ရကြောင်း သတင်း ရရှိသည်။
အဆိုပါ တောင်ကုတ်မြို့နယ်၊ ဆားပြင်ကျေးရွာမှ ဒေသခံ ၅ ဦးကို ဧပြီလ ၅ ရက်နေ့က တပ်မတော်သားများ အပါအဝင် ၊ ရဲတပ်ဖွဲ့ဝင်များက စစ်ဆေး စရာရှိသည်ဟုဆိုကာ ခေါ်ယူခဲ့ပြီးနောက် ရက္ခိုင် စစ်တပ် (AA) နှင့်ပတ်သက် ဆက်နွယ်မှုရှိ သည်ဟုဆိုကာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် ဖမ်းဆီး ချုပ်နှောင်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ အကြမ်းဖက် ဥပဒေဖြင့် အမှုဖွင့်ကာ ဖမ်းဆီး စစ်ဆေးခဲ့ပြီး ယနေ့တွင် ချုပ်ရမန် သက်တမ်းစေ့သည့်အတွက် တောင်ကုတ်မြို့နယ် တရားရုံသို့ တရားစွဲတင်ရာတွင် အထောက်အထား ခိုင်လုံမှုမရှိသဖြင့် တရားရုံးမှ ပြန်လွှတ် ပေးခဲ့သော်လည်း နောက်ထပ် ဗုံးဖောက်ခွဲမှု တခုဖြင့် ထပ်မံ ဖမ်းဆီး ထိန်းသိမ်းခဲ့ရလိုက်ရခြင်း ဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။
ဖမ်းဆီးခံ ဦးပြုံးချို၏ ညီမဖြစ်သူ မဆန်းဆန်းတင့် က “ဒီနေ့ပဲ အစ်ကို တို့ကို အထောက်အထားတွေ မခိုင်လုံလို့ တရားရုံးက ပြန်လွတ်ပေး လိုက်ပါတယ်။ ကျမတို့ကလည်း ရဲတွေ ခဏ လုပ်စရာရှိ တာတွေ လုပ်ပြီး ပြန်လွှတ် ပေးမယ်လို့ ထင်ပြီး စောင့်နေတာ။ စုံစမ်းကြည့်တော့ နောက်တမှုနဲ့ ထပ်ရမန်ယူပြီးတော့ ဖမ်းထားတယ်လို့ ပြောပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ယင်းဖမ်းဆီးခံထားရသူ ဆားပြင်ကျေးရွာသား ၅ ဦးမှာ ဦးပြုံးချို၊ ဦးသန်းနိုင်၊ ဦးလှဖြူ၊ ဦးအောင်ထူူး၊ ဦးအောင်မြင့်တို့ ဖြစ်ပြီး ၎င်းထဲမှ ဦးပြုံးချိုမှာ ရခိုင်အမျိုးသားပါတီ (ANP) ဝင် တဦးဖြစ်ကြောင်း သိရသည်။
တောင်ကုတ်မြို့နယ် ANP ပါတီမှ ဒုဥက္ကဋ္ဌ ဦးဖေကြွယ် က “ပထမ ဖမ်းတုန်းတော့ သူတို့ကို စည်းရုံး ဟောပြောတယ်။ ငွေကြေး ကောက်ခံတယ်။ ရိက္ခာပို့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ဖမ်းတာ။ ဒီနေ့ သက်သေ အထောက်အထား မခိုင်လုံလို့ တရားရုံးက လွတ်ပေးလိုက်ပြီး နာရီဝက်လောက်အကြာမှာ နောက်ထပ် ဗုံးဖောက်ခွဲမှုနဲ့ ထပ်ဖွင့်ပြီးတော့ ချုပ်ရမန် ယူသွားတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဗုံးခွဲမှုဖြင့် ရဲတပ်ဖွဲ့မှ ချုပ်ရမန်တောင်းခဲ့ရာတွင် တောင်ကုတ်မြို့နယ် တရားရုံးမှ မေလ ၁၁ ရက်နေ့အထိ ချုပ်ရမန် ၄ ရက်သာ ပေးလိုက်ကြောင်းလည်း သိရသည်။
တောင်ကုတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းနိုင်ကတော့ ၎င်းဆားပြင်ကျေး ရွာသား ၅ ဦး၏ အမှုကို တပ်မတော်က တရားလိုလုပ် တိုင်တန်းထားခြင်းဖြစ်ပြီး တောင်းကုတ်မြို့နယ်အတွင်း ဗုံးဖောက်ခွဲသည့် ဖြစ်စဉ်များ ရှိသည့် အတွက် ဆက်စပ်မှု ရှိမရှိဆိုသည်ကို စစ်ဆေးရန် ထပ်မံ အမှုဖွင့် စစ်ဆေး နေခြင်းသာ ဖြစ်ကြောင်း ပြောသည်။
ရဲမှူး သန်းနိုင် က “ကျနော်တို့ တောင်ကုတ်မြို့နယ်မှာ ဗုံးပေါက်ကွဲတဲ့ ဖြစ်စဉ်တွေ ရှိတယ်။ အဲဒါနဲ့ ဆက်စပ်မှု ရှိမရှိ ဆိုတာကို ကျနော်တို့ စစ်ဆေးမေးမြန်းတဲ့ သဘောပါ။ ပထမ အမှုဖွင့်တုန်းလည်း အကြမ်းဖက်နဲ့ ဖွင့်တာပါ။ အခုလည်း အကြမ်းဖက်နဲ့ဖွင့်တာ။ ပုဒ်မတွေတော့ ပြောလို့ မရဘူး။ ကျနော်တို့က ဥပဒေ အကြံတောင်းပြီး ဥပဒေက ခွင့်ပြုပေးတဲ့ ပုဒ်မတွေနဲ့ပဲ စွဲရမှာလေ” ဟု ဧရာဝတီသို့ပြောသည်။
ဧပြီလ ၆ ရက်နေ့က တပ်မတော် သတင်းထုတ်ပြန်ချက်တွင် အမ်းမြို့နယ် အတွင်းမှ AA တပ်ဖွဲ့ဝင် ၄ ဦးကို ဖမ်းဆီးမိရာမှ ဆပ်စပ်ဖော်ထုတ် စစ်ဆေးမှုအရ တောင်ကုတ်မြို့နယ်၊ ဆားပြားကျေးရွာမှ AA နှင့်ပတ်သတ် ဆက်နွယ်သူ ၅ ဦးကို ထပ်မံ ဖမ်းဆီးရမိသည့်အတွက် လုပ်ထုံး၊ လုပ်နည်း နှင့်အညီ ရဲတပ်ဖွဲ့သို့ လွှဲပေးထားကြောင်း ဖော်ပြထားသည်။
လက်ရှိအချိန်တွင် တောင်ကုတ်မြို့နယ် အတွင်း နိုင်ငံရေး ပါတီများ အကြားတွင် ရှုပ်ထွေးမှုများ ဖြစ်ပေါ်နေသည့် အတွက် မြို့လုံခြုံရေးကို တင်းကြပ်ထား ကြောင်းလည်း ဒေသခံများထံမှ သိရသည်။
ဆက်စပ်လင့်
ရခိုင်တောင်ပိုင်းတွင် AA တပ်ဖွဲ့ ဝင် ၄ ဦး ဖမ်းထားဟု တပ်မတော် ထုတ်ပြန်