ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် ခိုလှုံနေသည့် စစ်ဘေးရှောင် ဒုက္ခသည်များအတွက် ဒုက္ခသည် စခန်း (IDPs Camp) ဆောက်ရန် ပြည်ထောင်စုအစိုးရ က သိန်း၂၄၀၀ ပံ့ပိုးထားသည်ဟု ချင်းပြည်နယ် အစိုးရအဖွဲ့၏ ပြောရေး ဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက် က ဧရာဝတီသို့ ပြောသည်။
လူဦးရေ ၁ သိန်းကျော်သာ ရှိသည့် ပလက်ဝမြို့နယ်တွင် တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တို့၏ တိုက်ပွဲများကြောင့် လူဦးရေ ၆ သောင်းခန့်သည် စစ်ဘေးသင့်နေသလို လူဦးရေ ၉၀၀၀ ကျော်သည်လည်း နေရပ်စွန့်ခွာ ထွက်ပြေးနေရကာ ပလက်ဝမြို့ပေါ် ဆမီးမြို့နှင့် မီးဇာကျေးရွာများရှိ စာသင်ကျောင်းများ၊ ဘာသာရေးကျောင်းများနှင့် နီးစပ်ရာ ဆွေမျိုးအိမ် များတွင် နေထိုင်ကြရသည်။
လက်ရှိတွင် စာသင်ကျောင်းများ ဖွင့်ရန် အချိန်ကာလရောက်ပြီဖြစ်သည့်အတွက် စစ်ရှောင်များအနေဖြင့် မဖြစ်မနေ ဖယ် ပေးရမည် ဖြစ်သလို မိုးတွင်းကာလ ရောက်လာပြီဖြစ်သည့် အတွက် စစ်ရှောင်များ အဆင်ပြေစွာ နေထိုင်နိုင်ရန် ယခုကဲ့သို့ စီစဉ်ဆောင်ရွက်ခြင်းဖြစ်သည်ဟု သိရသည်။
စည်ပင်ဝန်ကြီး ဦးစိုးထက်က “IDPs Camp တွေ ဆောက်ဖို့ ပြည်ထောင်စု အကူအညီနဲ့ သိန်း ၁၂၀၀ ၊ ပြည်နယ် သဘာဝ ဘေးဒဏ်က သိန်း ၁၂၀၀ စုစု ပေါင်းသိန်း၂၄၀၀ နဲ့ IDPs Camp အဆောက်အအုံ ၄၈ လုံးဆောက်ဖို့ ကျနော်တို့ ပြင်ဆင် နေတယ်။ ဆောက်လည်း ဆောက်နေပြီ။ အဲဒါက ပလက်ဝရယ်၊ ဆမီးရယ်၊ မီးဇာရယ်၊ နောက် စိမ့်စင်းဆိုတဲ့ရွာ၊ အဲဒီ ၄ နေ ရာမှာ ကျနော်တို့ စ ဆောက်နေပါပြီ” ဟု ပြောသည်။
IDPs Camp များကို ပုံစံက အလျားပေ ၁၀၀၊ အနံပေ ၃၀၊ အလယ်တွင် ကျောချင်း ကပ်ထားပြီး ရှေ့မျက်နှာစာ မှာ ၁၀ ပေ အခန်းများ ကန့်မည် ဖြစ်သည့်အတွက် ပေ ၁၀၀ အတွက် အခန်း ၁၀ ခု ရမည် ဖြစ်သည်။ ထို အဆောက်အအုံတခုတွင် အိမ်ထောင်စု ၂၀ ခန့် နေထိုင်နိုင်မည် ဖြစ်သည့်အတွက် အဆောက်အအုံ ၄၈ လုံးတွင် အိမ်ထောင်စု ၉၆၀ နေထိုင်နိုင်မည် ဖြစ်သည်။
ပလက်ဝမြို့ပေါ် ဆမီးမြို့နယ်၊ မီးဇာမြို့နယ်နှင့် စိမ့်စင်းကျေးရွာများတွင် စစ်ရှောင်နေရသည့် အိမ်ထောင်စု ပေါင်း ၁၈၀၀ ခန့် ရှိသော်လည်း အစိုးရ အနေဖြင့် အိမ်ထောင်စု ၉၆၀ အတွက်သာ လတ်တလော ကူညီနိုင်မည် ဖြစ်သည်။
ထို့ကြောင့် ချင်းစစ်ရှောင်များ အရေး လိုက်လံ ဆောင်ရွက်ပေးနေသည့် ချင်းတိုက်ပွဲ ရှောင်ပြည်သူများ ကူညီရေးနှင့် ပြန် လည် ထူထောင်ရေး ကော်မတ ီ(RRCCI)မှ ပြောရေးဆိုခွင့်ရှိသူ မိုင်နန်းဝေ က “အခုက မိုးတွင်း ကာလ ရောက်တော့မယ်ဆို တော့ ဒီလအတွင်း အပြီးဆောက်ပေးမှ ရမှာ ဖြစ်တဲ့အတွက် ကျမတို့ အလှူခံနေတယ်။ အစိုးရက ၉၀၀ ကျော် ဆောက်ပေး မယ်ဆိုရင် ကျမတို့က ကျန်တဲ့အပိုင်းတွေ လုပ်ပေးမှာပါ။ အခု ဆမီးဘက်မှာ နေအိမ်တလုံးကို ခန့်မှန်းကုန်ကျ စရိတ် ၂ သိန်းနဲ့ ဆောက်နေပြီ။ ချင်းပြည်နယ် အစိုးရအဖွဲ့က ဆောက်တာရှိသလို လှူဒါန်းတဲ့ငွေနဲ့ ဆောက်နေတာလည်း ရှိပါ တယ်”ဟု ပြောသည်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ညွှန်ကြားချက်အရ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ချင်းပြည်နယ် အစိုးရအဖွဲ့နှင့် ချင်းတိုက်ပွဲ ရှောင်များအရေး ကူညီပေးနေသည့် RRCCI မှ တာဝန်ခံများ တက်ရောက်ကာ ပလက်ဝအရေးနှင့် ပတ်သက်ပြီး မေ ၄ ရက် က အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် RRCCI မှ ပလက်ဝ မြို့နယ်ရှိ တိုက်ပွဲရှောင်များနှင့် ရခိုင်ပြည်နယ်ရှိ ချင်းစစ်ဘေးရှောင်များနှင့် ပတ်သက်ပြီး ကူညီဆောင်ရွက်ပေးရန် စသည့် အချက်များ ဆွေးနွေးပြီးနောက် ချင်းစစ်ရှောင်များအတွက် နေစရာ ဆောက် လုပ်ပေးရန် မူအားဖြင့် သဘောတူညီမှုရရှိခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် ပလက်ဝမြို့နယ်ရှိ စစ်ရှောင်တချို့တွင် ဆန်များ ပြတ်လပ်နေသည်မှာ ၁ လကျော် ၂ လနီးပါး ရှိနေပြီ ဖြစ် ကြောင်း၊ ဆန် တအိတ် ၃ သောင်းခွဲ ပေါက်ဈေး ရှိသည့်ဆန်ကို ပလက်ဝမြို့ပေါ်တွင် တအိတ် ၇ သောင်း၊ ၈ သောင်းပေး ဝယ်နေရသည်မှာ ၃ လကြာနေပြီ ဖြစ်တာကြောင့် အခက်အခဲ ဖြစ်နေရသည်ဟု မိုင်နန်းဝေက ဆိုသည်။
ပလက်ဝတွင် စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ပတ်သက်ပြီး စည်ပင်ဝန်ကြီး ဦးစိုးထက် က “လက်ရှိမှာ ဒုက္ခရောက်နေတဲ့ ပြဿနာက စားဖို့ပါ။ စားရေးရိက္ခာကို ပို့တဲ့ နေရာမှာ ကျနော်တို့ လုံခြုံရေး မကောင်းဘူး။ တိုက်ပွဲတွေလည်း ရှိနေတဲ့ အတွက် လမ်းမှာလည်း ပိတ်ဆို့တာတွေလည်း ရှိနေတဲ့အတွက် ရိက္ခာပို့လို့ မရဘူး။ ဒါပေမယ့် အခု မတူပီ-ဆမီး-ပလက်ဝ လမ်းကနေပို့တာ ပထမ ဆန်အိတ် ၈၃၀ ကျော် ရောက်သွားတယ်။ ဒုတိယ အကြိမ် ဆန်အိတ် ၂၀၀၀ က တပ်မတော် ကားတွေ အကူအညီနဲ့ ဆန်၊ ဆီ၊ ဆား ၊ ပဲပေါ့။ ရောက်သွားတယ်။ နောက် WFP က ဆန်အိတ် ၁၀၀၀ ကိုလည်း ပလက်ဝ ကို ရောက်အောင် ပို့၊ အဲဒါတွေနဲ့ တနယ်လုံး အဆင်ပြေအောင် ကျနော်တို့ လုပ်နေပါတယ်” ဟု ဆိုသည်။
ထို့ပြင် စစ်ရှောင်များအတွက် ဆေးကုသမှုနှင့် ဆေးဝါးများလည်း လိုအပ်နေသလို လူနာတင်ကား ဌားရမ်းရ ခက်ခဲပြီး စရိတ်ကြီးမြင့်မှုကြောင့် အရေးပေါ် လူနာတင်ကားများလည်း လိုအပ်နေသေးကြောင်း သိရသည်။
ပလက်ဝနှင့် ဆမီးမြို့သစ် စီမံကိန်းများတွင်လည်း စစ်ဘေးရှောင် ပြည်သူများအတွက် တန်ဖိုးနည်း အိမ်ရာများ ဆောက် လုပ်ပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းလည်း ချင်းပြည်နယ် အစိုးအဖွဲ့ထံက သိရသည်။
ဆက်စပ်ဖတ်ရှုရန်-
ပလက်ဝဒေသသို့ ပို့မည် ဆန်နှင့် ရိက္ခာများ ရေလမ်းကြောင်းမှ ပြောင်းပို့မည်
ရခိုင်တွင် အစိုးရ ခွင့်ပြုချက်မရဘဲ စစ်ရှောင်စခန်းများ မဆောက်ရန် အမိန့်ထုတ်
ပလက်ဝမှ စစ်ဘေးရှောင်များ ကျောက်တော် ဘက်သို့ ပြေးရ