တပ်မတော်အတွင်း ပြီးခဲ့သည့် ရက်ပိုင်းက ရာထူးအပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ရာ မျိုးဆက်သစ်အရာရှိများဟု ဆိုရမည့် ဗိုလ်မှူးကြီး၊ ဗိုလ်မှူးချုပ်နှင့် ဗိုလ်ချုပ် အဆင့်ရှိ တပ်မတော် အရာရှိများ တဆင့်မြင့် ရာထူးတိုးမှုများ ရခဲ့ကြောင်း သတင်းရရှိသည်။
စစ်ထောက်ချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစော အငြိမ်းစားယူသွားသဖြင့် ၎င်းနေရာကို အသက် ၄၈နှစ်သာ ရှိသေး သည့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာလင်းမှ ဆက်ခံခဲ့ရာ သူသည်လည်း တပ်မတော်တွင် အသက်အငယ်ဆုံး ဒုတိယ ဗိုလ်ချုပ်ကြီးတဦး ဖြစ်လာသည်။
ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တက္ကသိုလ် အပတ်စဉ် ၃၅ မှဖြစ်ပြီး အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး(မန္တလေး) မဖြစ်မီ စစ်ဦးစီး အရာရှိ ဗိုလ်မှူးချုပ် တာဝန်ထမ်းဆောင်ခဲ့သူ တဦးဖြစ်သည်။
အငြိမ်းစားယူသွားသည့် ဒု ဗိုလ်ချုပ်ကြီး ညိုစောမှာ စစ်တက္ကသိုလ် အပတ်စဉ် ၂၃ မှ ဖြစ်ပြီး တပ်မတော် နည်းပညာ တက္ကသိုလ်နှင့် စစ်တက္ကသိုလ်တို့၌ ကျောင်းအုပ်ကြီး၊ အလယ်ပိုင်းတိုင်းနှင့် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်မှူး စသည့် တာဝန်များ ထမ်းဆောင်ခဲ့သူ တဦးဖြစ်ကာ တပ်မတော်ပိုင် မြန်မာ စီးပွားရေး ကော်ပိုးရေးရှင်း (MEC) ဥက္ကဌ အဖြစ် ပူးတွဲ တာ ဝန်ယူ ထားသူတဦးလည်း ဖြစ်ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုင်တိုင်က သဘောကျ ကြောင်း သိရသည်။
လစ်လပ်သွားသည့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး နေရာအတွက် နေပြည်တော်မှ စစ်ဦးစီး အရာရှိတာဝန် ထမ်းဆောင်နေသူ ဗိုလ်မှူးချုပ် ကိုကိုဦး ရောက်ရှိလာကြောင်း၊ ၎င်း၏ စစ်ဦးစီးအရာရှိနေရာသို့ ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ်မှ စစ်ဗျူဟာအဖွဲ့ (အခြေချ) ကော့သောင်း စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဝေလင်းကို တာဝန်ပေးလိုက် ကြောင်း သိရသည်။
ထို့ပြင် စစ်ဆင်ရေး ကွပ်ကဲမှူ ဌာနချုပ် (စကခ ၁၂)မှ ဗိုလ်မှူးချုပ် စောသန်းလှိုင်မှာ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာန ချုပ် တိုင်းမှူး ဖြစ်လာပြီး ၎င်းမှာ စစ်တက္ကသိုလ် အပတ်စဉ် ၃၇ ဆင်း ဖြစ်သည်။
ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သောင်းထိုက်ရွှေမှာ နေပြည်တော်တိုင်း စစ်ဌာနချုပ်သို့ တိုင်း မှူး အဖြစ် ရောက်ရှိလာပြီး ၎င်းသည် စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး အဖြစ် တာဝန်ထမ်းဆောင်ဖူးသူ တဦး ဖြစ်သည်။
လက်ရှိ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်မှာ ဒုတိယ ဗိုလ်ချုပ်ကြီး ရာထူးသို့ တဆင့် တိုးမြင့် ရာထူးတိုး၍ သက်ပြည့် ပင်စင်ဖြင့် အငြိမ်းစား ယူသွားပြီး ဖြစ်သည်။
နေပြည်တော်တိုင်းမှူး ဗိုလ်ချုပ် မြင့်မော်သည် စစ်တက္ကသိုလ် အပတ်စဉ် ၂၇ မှာ ဖြစ်ပြီး ၂၀၁၇ ခုနှစ်၊ နေပြည်တော် တိုင်းမှူး မဖြစ်မီ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ တဦး ဖြစ်သည်။
တပ်မတော်၏ ယခုတကြိမ် ရာထူး အပြောင်းအရွေ့ များကို ကြည့်ရသည်မှာ Generation Skip ဟု ခေါ်သော မျိုး ဆက်ခုန်ကျော် တာဝန်ပေးခြင်း ဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နောင် ၅ နှစ် သက်တမ်း ၂ ခု အတွက် ၎င်းသြဇာ လွှမ်းမိုးနိုင်မည့် မျိုးဆစ်သစ် အရာရှိများကို ထိပ်ပိုင်းရာထူးမြှင့်တင်ပေးခြင်း ဖြစ်ကြောင်း နိုင်ငံရေး သုတေသီ တပ်မတော် အရာရှိဟောင်း ဒေါက်တာ အောင်မျိုးက သုံးသပ်သည်။

“အခုလို ခုန်ကျော်ပြီးတော့ အငယ်တွေကို ပေးခြင်းဟာ နောင်လာမယ့် ၅ နှစ် သက်တမ်း ၂ ကြိမ်စာလောက်ဟာ တပ် မတော်သည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ သြဇာလွှမ်းမိုးမှု ရှိမယ့် ခေါင်းဆောင်တယောက်ရဲ့ လက်ထဲမှာ ရှိနေ အောင် ဆိုပြီးတော့ အငယ်တွေကို ဆွဲတင်တာ။ အသက်အားဖြင့် ကိုးလိုးကန့်လန့် လူတွေကျတော့ ဖယ်ပစ်လိုက် တာပေါ့။ ဒီလမ်းကြောင်းကတော့ မထူးဆန်းပါဘူး”ဟု ဒေါက်တာ အောင်မျိုးက ပြောသည်။
မကြာမီ ကျင်းပမည့် ရွေးကောက်ပွဲအပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အသစ် ရွေးမည် ဆိုပါက သက်တမ်း နှစ်ကြိမ်ခန့် လုပ်နိုင်မည့်သူကို ရွေးချယ်နိုင်ကြောင်းလည်း ၎င်းက ခန့်မှန်းပြောဆိုသည်။
ဒေါက်တာ အောင်မျိုးက “ရွေးကောက်ပွဲ လာပြီးရင် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က အရင် ဦးသန်းရွှေလိုတော့ နေချင် သလောက် နေလို့ မရဘူး။ ဟိုတုန်းက သူတယောက်တည်း အာဏာပိုင်။ အခု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှာ ကျတော့ ထောက်ပြနေတဲ့သူတွေ၊ ပြောဆိုဝေဖန်နေတဲ့ သူတွေကလည်း ရှိတယ်”ဟု ပြောသည်။
၂၀၂၀ ရွေးကောက်ပွဲအပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အသစ် ရွေးချယ်ခဲ့မည် ဆိုပါက လက်ရှိ စစ်တက္ကသိုလ် အပတ်စဉ် ၃၀ မှ အသက် ၅၄ နှစ်ရှိ အမှတ် ၆ စစ်ဆင်ရေး အထူး အဖွဲ့ မှူး (ကစထမှူး) ဒုတိယ ဗိုလ်ချုပ်ကြီး မိုး မြင့်ထွန်းမှာ တပ်ချုပ် ဖြစ်လာနိုင်ပြီး ယခု ရာထူးတိုးလာသူ ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်စွာလင်းမှာ ဒုတပ်ချုပ် ဖြစ်လာ နိုင်ကြောင်း နေပြည်တော်မှ တပ်မတော်အရာရှိဟောင်းတဦးက သုံးသပ်သည်။
၎င်းတို့ ၂ ဦးသည် ရခိုင်ပြည်နယ်ဘက်တွင် အထက်အောက် တပ်မတော် အရာရှိများအဖြစ် ပူးတွဲ တာဝန်ထမ်းဆောင် ဖူးသည်ဟုလည်း သိရသည်။
“အခုက ကိုကျော်စွာလင်းကိုက သူ့ထက် စီနီယာ တိုင်းမှူးတွေကို ကျော်ပြီး နေရာပေးလိုက်တာ။ စစ်ထောက်ချုပ်က ဘာမှ မဟုတ်ပေမယ့် ဒုတိယ ဗိုလ်ချုပ်ကြီးဆိုတာ တကယ့် ရာထူးပဲ”ဟု ယင်းတပ်မတော် အရာရှိဟောင်းတဦးက ပြောသည်။
ဦးသိန်းစိန်၏ အရပ်သား အစိုးရ မတိုင်မီတွင် ထိုစဉ်က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သည် တပ်မတော်တွင် ရာထူး ပြုပြင် ပြောင်းလဲမှုများ ဆောင်ရွက်ခဲ့စဉ်က ဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် ဒုတိယ ဗိုလ်ချုပ်ကြီးများကို အရပ်ဘက်သို့ ပို့လိုက်ပြီးနောက် စစ်တိုင်းမှူးများကို ရာထူး တဆင့် တိုးပေး ခဲ့သည်။
ထိုစဉ်က ဒုတိယ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူး ရာထူးဖြင့် ဗိုလ်ချုပ်ကြီး အဖြစ် တိုးပေးခဲ့သလို မြစ်ကြီးနားသို့ တိုင်းမှူးအဖြစ် ရောက်ရှိနေသူ ဗိုလ်ချုပ် စိုးဝင်းကို ဒုတိယ ဗိုလ်ချုပ်ကြီးသို့ တိုးမြင့်ပေးခဲ့သည်။
ဦးသိန်းစိန် သမ္မတအဖြစ် အရပ်သား အစိုးရ တက်လာသည့်အခါ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်မှာ တပ်မတော် ကာ ကွယ်ရေး ဦးစီးချုပ် ဖြစ်လာပြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဝင်းမှာ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဖြစ်လာ သည်။
ထိုစဉ်က ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၏ အသက်မှာ ၅၅ နှစ်သာ ရှိသေးပြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဝင်း၏ အသက်မှာ ၅၀ နှစ်ခန့်သာ ရှိသေးသည်ဟု သိရသည်။
လက်ရှိတွင် အသက် ၆၄ နှစ် အရွယ် ရှိပြီ ဖြစ်သည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၁၆ ခုနှစ်တွင် အသက် ၆၀ ပြည့်ခဲ့ပြီး ပင်စင် မယူသေးဘဲ တပ်မတော် ဥပဒေအများအရ ၎င်း၏ ရာထူး သက်တမ်းကို ထပ်တိုးထားခဲ့သည်။
ထို့ပြင် ၎င်း၏ ရာထူးသက်တမ်း တိုးမှုကို အရပ်သား NLD အစိုးရက အတည်ပြုချက် ပေး၊ မပေး ရှင်းရှင်းလင်းလင်း မသိရသလို၊ နောက်ထပ် သက်တမ်းတိုးနိုင်ချေ ရှိမရှိမှာလည်း မသိရသေးပေ။
You may also like these stories:
လုပ်ငန်း ၁၁၁ ခုကို တတိယ အသုတ်အဖြစ် အစိုးရ ချေးငွေ ထုတ်ပေး
ပလက်ဝ စစ်ရှောင်များအတွက် အဆောက်အအုံများ ဆောက်ရန် အစိုးရ သိန်း ၂၄၀၀ ပံ့ပိုး
မန္တလေးရှိ တတိယမြောက် ကိုဗစ်လူနာ ရောဂါပိုးကင်းစင်၍ ဆေးရုံမှဆင်းခွင့်ရ