မန္တလေးတိုင်း အတွင်းရှိ စက်ရုံ အလုပ်ရုံ ၆၀၀ ကျော် ပြန်လည် ဖွင့်လှစ် လုပ်ကိုင်နေကြပြီ ဖြစ်ကြောင်း တိုင်းအစိုးရ အဖွဲ့က သိရသည်။
မန္တလေးတိုင်း၌ စက်ရုံ အလုပ်ရုံပေါင်း ၈၁၃၁ ရုံ ရှိသည့်အနက် မေလ ၇ ရက်အထိ ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုများ ပြီးစီး၍ ပြန်လည် ဖွင့်လှစ်ခွင့်ရသည့် စက်ရုံ အရေအတွက်မှာ ၆၆၃ ရုံ ဖြစ်ပြီး ယင်းစက်ရုံများတွင် အလုပ်သမားပေါင်း ၂၃၄၇၀ ရှိသည်ဟု သိရသည်။
ထို့အတူ ဧပြီ ၂၅ ရက်မှ မေလ ၇ ရက်အထိ မန္တလေး စက်မှုဇုန် အပါအဝင် တိုင်းအတွင်းရှိ စက်ရုံ၊ အလုပ်ရုံ စုစုပေါင်း ၁၀၉၉ ရုံကို သက်ဆိုင်ရာ ကွင်းဆင်းစစ်ဆေးရေး အဖွ့ဲများက ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုများ ပြုလုပ်ပြီး ဖြစ်သည် ဟု တိုင်းအစိုးရ အဖွဲ့က သတင်း ထုတ်ပြန်ချက်အရ သိရသည်။
မန္တလေးတိုင်း အစိုးရ အဖွဲ့ဝင်ဝန်ကြီး ဦးစိုင်းပန်းဆိုင်က “မန္တလေးမှာ စက်ရုံလုပ်ငန်းတွေက တခြားတိုင်းနဲ့ ယှဉ်ရင် တော်တော်များတဲ့ အရေအတွက်လို့ ပြောရမယ်။ ဒါကြောင့် MOHS (ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာန)ရဲ့ စံချိန် စံညွှန်းတွေ အတိုင်းနဲ့ ချိန်ထိုးပြီး ကွင်းဆင်း စစ်ဆေးမှုတွေကိုလည်း မြန်မြန်ဆန်ဆန် လုပ်ဆောင်နေပါတယ်။ လော လောဆယ်တော့ သက်ဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့အတိုင်း စားသောက်ကုန်နဲ့ ဆေးဝါးစက်ရုံတွေကို ဦး စားပေး အရင်စစ်ပေး နေပါတယ်” ဟု ပြောသည်။
ဧပြီ ၁၉ ရက်က အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနက COVID-19 ရောဂါ ထိန်းချုပ် ကာကွယ်ရေးနှင့် ပတ်သက်၍ တနိုင်ငံလုံးရှိ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများအား စစ်ဆေးမှု ပြုလုပ်မည်ဖြစ်ပြီး သတ် မှတ်ချက်နှင့် ကိုက်ညီမှသာ ပြန်လည် ဖွင့်လှစ်ခွင့်ပြုမည်ဟု ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် ဆေးဝါး ထုတ်လုပ်ရေး၊ စားသောက်ကုန်၊ ကျန်းမာရေး လိုအပ်ချက်များနှင့် ကိုက်ညီပြီး ဖွင့် လှစ်ရန် အသင့် ဖြစ်နေသော စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများ၊ လုပ်သားဦးရေ ၁ ထောင်နှင့် အထက်ရှိသော စက်ရုံ များ၊ အခြား စက်ရုံ၊ အလုပ်ရုံနှင့် အလုပ်ဌာနများ အဖြစ် ဦးစားပေး အစီအစဉ်အတိုင်း စစ်ဆေးမှုများ ဆောင်ရွက်သွား မည် ဟု ပါရှိသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မန္တလေးတိုင်း အစိုးရအဖွဲ့က မြို့နယ်ပြည်သူ့ ကျန်းမာရေး၊ အထွေထွေအုပ်ချုပ်ရေး၊ မြို့ နယ် စည်ပင်၊ လွှတ်တော် ကိုယ်စားလှယ်များ စသည့် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ စက်မှုဇုန် ကော်မတီ တို့ ပါဝင် သော ကွင်းဆင်း စစ်ဆေးရေးအဖွဲ့အား ဧပြီ၂၀ ရက်က ဖွဲ့စည်းကာ တိုင်းအတွင်းရှိ စက်ရုံများအား အဖွဲ့လိုက် ကွင်း ဆင်း ဆောင်ရွက်မှုများ ပြုခဲ့သည်ဟု သိရသည်။
မန္တလေး စက်မှုဇုန်၏ စစ်ဆေးရေးအဖွဲ့ ဒုတိယ ခေါင်းဆောင် ပြည်ကြီးတံခွန်မြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးဇော်မောင်မောင်က “စက်ရုံတွေ ကိုယ်တိုင်က လာစစ်ပါလို့ တင်ပြပြီးမှ သွားစစ်တာ ဖြစ်တဲ့အတွက် အများစုကတော့ ပြီးပြည့်စုံအောင် လုပ်နိုင်တဲ့ အနေအထားတွေ တွေ့ရပါတယ်။ ကျနော်တို့ အနေနဲ့ကလည်း ပြည်သူ့ကျန်းမာရေးနဲ့ ဆက်စပ်တဲ့ ကိစ္စဖြစ်တဲ့အတွက် ပုဂ္ဂိုလ်ရေး မထားဘဲ လိုအပ်ချက် အနည်းငယ် ရှိရင်တောင် လက်သင့်မခံဘဲ ပြန်ပြင် ဆင်ခိုင်းတာမျိုး၊ ပြည့်စုံအောင်ပြန်လုပ်ခိုင်းပါတယ်” ဟု ဧရာဝတီကို ပြောသည်။
စက်ရုံများစုအား စစ်ဆေးရာတွင် A၊ B၊ C ဟူ၍ အဆင့် သတ်မှတ်ချက်ဖြင့် စစ်ဆေးပြီး A အဆင့်သည် လုံး၀ ပြည့်စုံပြီး ခွင့်ပြုသည့် အဆင့်၊ B မှာ လိုအပ်ချက် အနည်းငယ် ရှိသော်လည်း စက်ရုံ လည်ပတ်ရင်း ဆောင်ရွက် နိုင်သည့်အဆင့် နှင့် C မှာ အချိန်ယူ ပြင်ဆင်ရမည့် လိုအပ်ချက်များ ရှိသည့်အတွက် ခွင့်မပြုသေးသည့် အဆင့်တို့ဖြစ်သည်ဟု သိရ သည်။
မန္တလေး စက်မှုဇုန်ရှိ ဇလပ်ဝါ ဘီစကစ် စက်ရုံပိုင်ရှင် ဦးခင်မောင်လှက “လုပ်ငန်းရှင်ဘက်က လုပ်ငန်းလုပ်ချင်တာ မှန် ပေမယ့် ဒီရောဂါက စက်ရုံတွေမှာ ကူးစက်သွားရင် ထိန်းချုပ်မရ ဖြစ်မှာ လေ။ ဒါကြောင့် လိုအပ်တဲ့ စစ်ဆေးမှုမှာ အချိန်စောင့်ရတာမျိုး ရှိနိုင်ပေမယ့် လုပ်ငန်း အကျိုးလည်း မျှော်ကိုးသလို ကျန်းမာရေးကိုလည်း သတိပြုရမှာပေါ့” ဧရာ ဝတီကို ပြောသည်။
မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူး ချုပ် ကိုသက်နှင်းအောင်က “မန္တလေး အခြေအနေက ဆိုးဆိုးရွားရွား မဟုတ်ပေမယ့် အခုလို စက်ရုံတွေ ပိတ်ထားတဲ့ ကာလအတွင်းမှာ အလုပ်သမားတွေအတွက် ခံစားသင့်တဲ့ လုပ်ခလစာကို စက်ရုံတွေဘက်က ပေး မပေး ဆိုတဲ့ အပေါ် တော့ စိုးရိမ်စိတ်တွေ ရှိနေကြတယ်” ဟု ဧရာဝတီကို ပြောသည်။
ထိုသို့ မန္တလေး စက်ရုံ အလုပ်ရုံများကို ကွင်းဆင်းပြီး စစ်ဆေးတွေ့ရှိချက်များအား နေ့စဉ် တိုင်းအစိုးရထံ တင်ပြရ ကြောင်း၊ စစ်ဆေးရရှိမှု အခြေအနေ အားလုံးအပေါ် ခြုံငုံ၍ စက်ရုံများ ပြန်လည်ပတ်ခွင့်ပြု မပြုကိုမူ တိုင်းအစိုးရကသာ ဆုံးဖြတ်မည် ဖြစ်သည်ဟု တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးဇော်မောင်မောင်က ပြောဆိုသည်။
ဆက်စပ်ဖတ်ရှုရန်
မန္တလေးတိုင်း ဒေသန္တရအမိန့် မေလလယ်အထိ ရက်ထပ်တိုး
မန္တလေးတွင် COVID-19 ပိုးစစ်မည့်ဓာတ်ခွဲခန်း မေလကုန်ဖွင့်နိုင်မည်
ရန်ကုန်တိုင်း၌ စက်ရုံ အလုပ်ရုံ ၃ ထောင်နီးပါး စစ်ဆေးမှု ပြီးစီး