ရန်ကုန်၊ မန္တလေး မြို့ ကြီးများအပါဝင် မြို့နယ်တချို့တွင် ဖွင့်လှစ်ထားသည့် ရပ်ရွာအခြေပြု ဖျားနာဆေးကုခန်းများသည် COVID -19 ရောဂါပိုး ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများအတွက် ရှေ့တန်းစခန်းများ ဖြစ်လာနေကြောင်း ယင်းဆေး ကုခန်းများမှ စေတနာ့ဝန်ထမ်း ဆရာဝန်များက ပြောသည်။
ပြည်သူအများစုမှာ ဆေးရုံ၊ ဆေးခန်းများသို့ သွားရန် ကြောက်ရွံ့ သည့် အနေအထား ရှိသောကြောင့် ယခုလို ဆေးခန်းများ ကို ပိုမိုအားကိုး၍ လာရောက် ကုသကြကြောင်း သင်္ကန်းကျွန်းမြို့နယ်ရှိ ဖျားနာဆေးကုခန်း တခုတွင် စေတနာ့ ဝန်ထမ်း ဆရာဝန်အဖြစ် ဆောင်ရွက်သူ ဒေါက်တာကျော်စွာဦးက ပြောသည်။
ဒေါက်တာကျော်စွာဦးက“ကျနော်တို့က ရှေ့တန်းစခန်းရဲ့ ကင်းဝပ်တဲ့ ကင်းပုန်းလေးပေါ့။ ကင်းပုန်းနေရာကနေ တချို့ဟာကို ပထမဆုံး ရှာဖွေ့တွေ့ရှိလို့ ရတယ်ဆိုတဲ့ သဘောပေါ့နော်။ ဥပမာအားဖြင့် အင်းစိန်က နမူနာကောင်းပါပဲ။ တချို့ လိုက်လို့ ရတဲ့ အနေအထားဖြစ်သွားတော့ ဘာပဲဖြစ်ဖြစ် စောစာသိ စောစောရှာ စောစောကုပေါ့။ ပိုပြီး ထိရောက်တယ်” ဟု ပြော သည်။
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တွင် ဖွင့်လှစ်ထားသည့် ရပ်ရွာအခြေပြု ဖျားနာဆေးကုခန်းတွင် ဖျားနာသူများ လာရောက် ကုသရာမှ တဆင့် COVID-19 ရောဂါပိုးတွေ့ရှိသူ Case နံပါတ် ၃၄၊ ၃၅၊ ၃၆၊ ၃၇၊ နှင့် ၁၅၁ တို့ ၅ ဦးကို ရှာဖွေ ပေးနိုင်ခဲ့သည်။
COVID-19 ကာလတွင် ဖွင့်လှစ်ဆောင်ရွက်နေသည့် ဖျားနာဆေးကုခန်းများမှာ ရပ်ရွာအခြေပြု (Community Based Fever Clinic) နှင့် ဆေးရုံ အခြေပြု (Hospital Based Fever Clinic) ဟု နှစ်မျိုး ရှိပြီး ၎င်းတို့ နှစ်မျိုး စလုံးမှာ ကျန်း မာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်ကြရကြောင်း ယင်းဝန်ကြီးဌာနမှ ညွှန် ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ပြောသည်။
“အရမ်းကို အကျိုးရှိပါတယ်။ ဘာကြောင့်လည်းဆိုတော့ Fever Clinic ဆိုတာက ရှေ့တန်းကနေ ခွဲပြီးတော့ COVID ဖြစ် နိုင်မယ့် လူနာလား၊ သွေးလွန်တုတ်ကွေး လူနာလား၊ ဝမ်းလျော ဝမ်းပျက် ရိုးရိုးလား ဒါတွေက သူကနေပြီး ခွဲခြား လိုက် တဲ့အခါ လူနာတွေကုန်လုံးက ဆေးရုံမှာ စုပြုံမနေတော့ဘူး”ဟု ၎င်းက ပြောသည်။
မန္တလေးမြို့တွင်လည်း ဖျားနာဆေးကုခန်းများ ဖွင့်လှစ်ဆောင်ရွက်နေပြီး ယင်းဆေးခန်းများမှာ ချမ်းမြသာစည်နှင့် အောင်မြေသာဇံမြို့နယ်များတွင် ဖြစ်ပြီး ထပ်မံဖွင့်နိုင်ပါက ပြည်သူအတွက် ပိုမို အကျိုးရှိမည်ဟု မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဦးက ပြောသည်။
“COVID-19 ပိုးရှိ၊ မရှိ နဖူးပေါ်မှာ စာရေးထားတာ မဟုတ်တဲ့အတွက် မသိနိုင်ဘူး။ အဲဒီတော့ ဖျားတဲ့သူတွေကို တနေရာ တည်း စုလိုက်တဲ့သဘောပဲ။ စုလိုက်ချင်းအားဖြင် ရပ်ကွက်ထဲမှာ ပြန့်နေတဲ့ဆေးခန်းတွေမှာ လိုက်ကုတာနဲ့စာရင် တနေ ရာထဲမှာ စုလိုက်ခြင်းအားဖြင့် သူနဲ့ထိတွေ့တဲ့ လူနာအရေအတွက်ကလည်း တော်တော်လေးနည်းသွားမှာ”ဟု ၎င်း က ပြောသည်။
မန္တလေးရှိ ဖျားနာဆေးကုခန်းများမှာ မြန်မာနိုင်ငံဆရာဝန်အသင်း(မန္တလေး)က ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး တတ်သိ ပညာ ရှင်များ၊ အထူးကု သမားတော်များ၊ အစိုးရ ဆရာဝန်၊ ပြင်ပဆရာများကပါ စေတနာ့ဝန်ထမ်းများအဖြစ် လုပ်ဆောင်ပေး နေကြပြီး ဖျားနာ ဆေးကုခန်းများတွင်လည်း ထိတွေ့ကူးစက်နိုင်မှု အနည်းဆုံးဖြစ်အောင် စနစ်တကျဖွဲ့စည်း တည်ဆောက် ထားသည်ဟု ဆိုသည်။
COVID-19 ရောဂါဖြစ်ပွားမှု အများဆုံးဖြစ်သော ရန်ကုန်မြို့ တွင် ဖျားနာဆေးကုခန်း ၁၀ ခု ထက်မနည်းရှိပြီး အင်းစိန်၊ မင်္ဂလာတောင်ညွှန့်၊ တာမွေ၊ ဗိုလ်တထောင်၊ တောင်ဒဂုံ၊ တောင်ဥက္ကလာပ၊ ရွှေပြည်သာ၊ လှိုင်သာယာ စသည့် မြို့နယ်များ တွင် ဖွင့်လှစ်ထားပြီး ရန်ကင်း၊ သာကေတ စသည်မြို့နယ်များတွင်လည်း ဖွင့်ရန်ပြင်ဆင်နေကြကြောင်း သိရသည်။
သံလျင်မြို့နယ်နှင့် မြောက်ဥက္ကလာပတို့တွင် ဖွင့်လှစ်ထားသော ဖျားနာဆေးကုခန်းများမှာ ဆေးရုံကိုအခြေခံ ဖွင့်လှစ်ထား သည့် (Hospital Based Fever Clinic) ဖျားနာဆေးကုခန်းများ ဖြစ်ကြောင်း သိရသည်။
ဖျားနာဆေးကုခန်းများ ရှိခြင်းအားဖြင့် ဆေးရုံသို့ တကယ်လိုအပ်သည့် လူသာရောက်သွားမည်ဖြစ်ပြီး ထိုသို့ရှေ့တန်းတွင် တဆင့်ခံ မထားပါက လူနာများ ဆေးရုံသို့ စုပြုံရောက်ပြီး ကျန်းမာရေးဝန်ထမ်းများအတွက် ဝန်ထုပ်ဝန်ပိုး ပိုမိုဖြစ် ပွားစေခြင်း၊ ဆေးရုံတွင် လူနာများစုပြုံနေပါက ကူးစက်နိုင်ခြေများခြင်း အခြေနေများကိုပါ ကြုံတွေရနိုင်သည်ဟု Save Mandalay From COVID-19 (SMC-19) အဖွဲ့လုပ်ငန်းကော်မတီဝင်လည်းဖြစ်သူ ဒေါက်တာကျော်ဦးက ပြောသည်။
“Fever Clinic ရှိခြင်းအားဖြင့် ဆေးရုံဆေးခန်းမှာ ရှိတဲ့လူနာကို တဖက်တလမ်းကနေ ခြားထားပြီးသားလည်း ဖြစ်သလို Community မှာ COVID-19 ကူးစက်နိုင်ခြေကိုလည်း လျှော့ချပြီးသား ဖြစ်တယ်။ ဘာနဲ့တူလည်းဆိုတော့ အသွား နှစ် ဘက်ပါတဲ့ ဓါးနဲ့ပဲ တချက်တည်းနဲ့ နှစ်နေရာအတွက် ကျနော်တို့က အကောင်းဖြစ်စေတာပေါ့”ဟု ၎င်းကပြောသည်။
ဖျားနာဆေးကုခန်းများက အမှန်တကယ် ဖျားနာသူများအပြင် သွေးတိုး၊ ဆီးချို၊ ရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင်များနှင့် ကလေးများကပါ လာရောက်ပြသမှုများရှိနေပြီး အကယ်၍ ပိုးရှိသူ ဖျားနာ ဆေးကုခန်းသို့ လာရောက်လျှင် ထိုသူများကိုပါ ကူးစက်နိုင်သည့် အခြေအနေများ ရှိသူကြောင့် အမှန်တကယ် ဖျားနာသူများကိုသာ ယင်းနေရာများသို့ လာရောက်စေလိုကြောင်း ဒေါက်တာကျော်စွာဦးက ပြောသည်။
“ကျနော်က ဘာတခုကြောက်လည်းဆိုတော့ ရောဂါပိုးသယ်ဆောင်လာတဲ့သူနဲ့ ဆေးခန်းလာတဲ့သူတွေ နီးစပ်မှုနဲ့ ကူးသွား မှာလည်း စိတ်ပူပါတယ်။ ကျနော်တို့ကတော့ မကုပေးချင်လို့ မဟုတ်ပါဘူး။ လူတိုင်းကိုတော့ ကုပေးချင်တယ်။ သို့သော် လည်းပဲ Fever Clinic ဆိုတဲ့ အတိုင်းပဲ တကယ့် ဖျားနာနဲ့ ကိုဗစ် သံသယကိုပဲ အဓိကလုပ်ချင်တယ်”ဟု ၎င်းက ပြော သည်။
ဒေါက်တာ ကျော်စွာဦးသည် ယခုနှစ်၊ ဧပြီလအတွင်း သင်္ကန်းကျွန်းမြို့နယ် အ.ထ.က (၄) ကျောင်းကျန်းမာရေး ဆေးပေး ခန်းကို ရပ်ရွာအခြေပြု ဖျားနာဆေးကုခန်း (Community Based Fever Clinic) အဖြစ် ပြောင်းလဲဖွင့်လှစ် ဆေးကုသမှု များ ပြုလုပ်ပေးနေစဉ် ကာလအတွင်း စေတနာ့ဝန်ထမ်း ဆရာဝန်အဖြစ် ဆောင်ရွက်ပေးခဲ့ပြီး ယင်းဆေးခန်းတွင် COVID-19 အတည်ပြုလူနာ တဦးတွေ့ရှိခဲ့ပြီးနောက် သီးခြားစောင့်ကြည့် (Quarantine)ဝင်ခဲ့ရသူ ဖြစ်သည်။
မြန်မာနိုင်ငံတွင် မေလ ၈ ရက်နေ့ မနက်ပိုင်းထိ COVID-19 အတည်ပြုလူနာ ၁၇၆ ဦး၊ သေဆုံး ၆ ဦး၊ ပြန်လည် သက်သာ လာသူ ၆၂ ဦးရှိပြီ ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
COVID-19 အတည်ပြုလူနာ ၁၇၆ ဦးတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ပိုးတွေ့ရှိသူ ၁၄၂ ဦးပါဝင်ပြီး အင်းစိန်မြို့နယ်မှာ ၄၂ ဦးဖြင့် ကူးစက်ခံရသူ များဆုံးတွေ့ရှိထားသည်။
အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ COVID-19 ကိုကမ္ကာလုံးဆိုင်ရာကပ်ရောဂါ (Pandemic) အဖြစ် ကမ္ကာ့ကျန်းမာရေး အဖွဲ့ (WHO)က ၂၀၂၀ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် စတင်ကြေငြာခဲ့သည်။
ထိုသို့ကြေငြာပြီးနောက် အစိုးရက ယခင်ဖွဲ့စည်းထားသည့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ ကို မတ်လ ၁၃ ရက်နေ့တွင် အမျိုးသားအဆင့် ဗဟိုကော်မတီအဖြစ် တိုးမြှင့်ဖွဲ့စည်းခဲ့ပြီး ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိသည်။
ဆက်စပ်လင့်
အစိုးရညွှန်ကြားချက် မလိုက်နာသည့် စက်ရုံများကို ချက်ချင်း စစ်ဆေးမည်ဟု နိုင်ငံတော်အတိုင်ပင်ခံပြော
COVID-19 ကြောင့် ကုန်သွယ်မှု ထိခိုက်သွားတယ်
ရွှေ့ပြောင်းလုပ်သားများ နေရပ်ပြန်နိုင်ရေး ထိုင်းအစိုးရနှင့် ညှိနှိုင်းနေ