COVID – 19 ရောဂါပိုး ကူးစက်ပျံ့နှံ့နေဆဲ အချိန်တွင် မထိန်းချုပ်နိုင်သေးမီ ပြည်သူများ မပေါ့ဆကြရန် ကျန်းမာရေး ဝန်ကြီးဌာန၊ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင် ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက သတိပေး ပြောဆိုသည်။
“ပေါ့လိုမရသေးပါဘူး။ ဘာကြောင့်လဲဆိုရင် မကြာခင်မှာ နိုင်ငံခြားကနေပြီးတော့ ရောဂါဖြစ်ပွားမှု များပြားတဲ့ ဒေသက နေပြီးတော့ လာကြတော့မယ်”ဟု ဒေါက်တာ သန်းနိုင်စိုးက ဧရာဝတီသို့ ပြောသည်။
ထို့ပြင် မကြာမီကာလအတွင်း စားဝတ်နေရေးအတွက် အိမ်တွင်မနေနိုင်ဘဲ မလွှဲမရှောင်သာ အပြင်ထွက် အလုပ်လုပ် ကိုင်မှုများရှိလာမည်ဖြစ်၍ ရောဂါကူးစက်မှုကို ကာကွယ်ရန် ကျန်းမာရေးဝန်ကြီးဌာနညွှန်ကြားချက်များကို လိုက်နာရန် လိုကြောင်း ၎င်းက သတိပေးသည်။
“တတ်နိုင်သမျှကတော့ Stay home ပေါ့နော်။ ထွက်လာရမယ်ဆိုရင်လည်း တစ်ဦးနဲ့တဦးထိတွေ့မှုနည်းဖို့ Physical distancing ပေါ့။ စိတ်ထဲကတော့ လူတွေကို ရင်းနှီးတယ်၊ ခင်တယ်။ ဒါပေမယ့် ကိုယ်တွေကတော့ ခပ်ခွာခွာ နေရမယ်။ လက်ကို မကြာခဏ ဆေးဖို့လိုတယ်။ အပြင်ထွက်တဲ့အခါ နှာခေါင်းစည်းတပ်ပါဆိုတဲ့ ညွှန်ကြားချက်တွေ ကျနော်တို့ ထုတ်ထားပါတယ်”ဟု ဒေါက်တာ သန်းနိုင်စိုးက ပြောသည်။
COVID ရောဂါပိုးရှိသူကို ပြည်တွင်း၌ စတင်စစ်ဆေးတွေ့ရှိချိန်တွင် ပြည်သူများက ကြောက်ရွံ့မှုကြောင့် စည်ကမ်း သတ် မှတ်ချက်များကို လိုက်နာခဲ့ကြသော်လည်း လက်ရှိ ကာလတွင် ပိုးတွေ့လူနာ နည်းပါလားခြင်းနှင့် ပြန်လည် ကောင်း မွန်သူများရှိလာခြင်းတို့ကြောင့် ကျန်းမာရေး ဆိုင်ရာ ညွှန်ကြားချက်များကို မလိုက်နာဘဲ ပေါ့ဆစွာ ပြုမှုနေထိုင် မှုများ နေရာအနှံ့အပြားတွင် ရှိလာသည်။
လူနေမှုထူထပ်သော ရန်ကုန်မြို့တွင် ယခင်က အိမ်တွင်းနေထိုင်သူ အများစုရှိသော်လည်း ယခုအခါ အပြင်ထွက်သွားလာ မှု များပြားလာကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်များကို လိုက်နာမှု အားနည်းသည်ကိုလည်း တွေ့ရှိရကြောင်း ရန်ကုန်တိုင်းဒေသကြီး အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်နော်စူစန်နာလှလှစိုးက ပြောသည်။
“Mask တပ်တာကတော့ အန်တီတွေ့တာကတော့လေ။ ၁၀ ယောက်မှာ ၅ ယောက်လောက်ကတော့ တပ်တယ်။ ကျန်တဲ့ ၅ ယောက်လောက်ကတော့ တပ်တာ မတွေ့ဘူးပေါ့နော်။ Mask ကပဲ အလွယ်တကူ မရလို့လား။ ဒါမှမဟုတ်ရင်လည်း တပ်ဖို့ မလိုဘူးလို့ပဲ မယူဆတော့လို့လား မသိဘူး”ဟု ၎င်းက ဆိုသည်။
ထို့ပြင် အစိုးရ ရုံးစိုက်ရာ နေပြည်တော်ရှိ ဇေယျာသီရိမြို့နယ်၊ လှေခွင်းတောင် ရေချိုးဆိပ်တွင် မေလ ၆ရက်၌ ပြည်သူ အများစု လာရောက် ရေကစားကာ လူစုလူဝေး ဖြစ်ပေါ်ခဲ့၍ လွှတ်တော်ကိုယ်စားလှယ်များ၊ အုပ်ချုပ်ရေး အာဏာပိုင်များက သွားရောက် သတိပေးကာ လူစုခွဲခဲ့ရကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဆွေက ပြောသည်။
“ပွဲတော်ကြီးလို ဖြစ်သွားတယ်။ တော်တော် စိတ်မကောင်း ဖြစ်ရပါတယ်။ သက်ဆိုင်ရာနဲ့အတူ ဥပဒေကြောင်းအရ လူစုခွဲခဲ့ တယ်။ ပြန်ကြပါ မေတ္တာရပ်ခံတယ်။ ဆိုင်တွေကိုလည်း ဥပဒေချိုးဖောက်မှုတွေ မလုပ်ဖို့ ပြောခဲ့တယ်။ အခုတော့ ကမ်းခြေ ကို လူတွေလာရင် မလာကြဖို့ ပြန်လွှတ်နေပါတယ်”ဟု နေပြည်တော် COVID-19 စေတနာ့ဝန်ထမ်းအဖွဲ့ ၏ နာယကလည်း ဖြစ်သူ ၎င်းက ပြောသည်။
COVID -19 ရောဂါကို ဆေးပညာရှင်များအနေဖြင့် စမ်းသပ်နေသည့်အဆင့်တွင်ပင် ရှိနေပြီး အလုံးစုံ ကာကွယ် ကုသပေး နိုင်သော ဆေးဝါးထုတ်လုပ်နိုင်သည့် အခြေအနေသို့ မရောက်သေးသဖြင့် ပေါ့ဆစွာ ပြုမူနေထိုင်မှုမျိုး မလုပ်သင့်ကြောင်း နေပြည်တော်စည်ပင်ရိပ်သာရှိ Quarantine Center တွင် တာဝန်ထမ်းဆောင်နေသူ ကျန်းမာရေးဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဝင်းမာလာကြင်က ပြောသည်။
“နေကောင်းနေတဲ့သူတွေသည် Healthy Carrier ခေါ်တဲ့ ကျန်းမာနေသော်လည်း ရောဂါပိုးသယ်ဆောင်တဲ့သူဖြစ်နေရင် လူစုလူဝေးမှာ သွားလာခြင်းအားဖြင့် ဆက်စပ် ပြန့်ပွားတာမျိုး ဖြစ်မှာပါ။ အဲဒီတော့ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန် ချက်တွေကို သတိကြီးကြီးထားပြီး မပေါ့ဆဘဲ ဆက်ပြီး လိုက်နာပါ”ဟု ၎င်းက ဆိုသည်။
ပြည်သူတချို့ မှာလည်း နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်ခြင်း မပြုဘဲ နှာခေါင်းဖော်ထားခြင်း၊ မေးစေ့ သို့မဟုတ် နား တဖက်တည်းတွင် ချိတ်ဆွဲထားသည်ကို တွေ့ရသလို လုံးဝတပ်ဆင်ခြင်းမပြုဘဲ စည်းကမ်းမဲ့သွားလာနေသူများကိုလည်း တွေ့ရကြောင်း ပျဉ်းမနားမြို့ရှိ COVID-19 စေတနာ့ဝန်ထမ်းဆောင်ရွက်နေသူ ပရဟိတအသင်း တာဝန်ရှိသူများက ဆိုသည်။
“ဒီနေ့ ဇီးရိုး၊ အသစ်မတွေ့ဘူး။ ဒီနေ့ ဘယ်နှစ်ယောက်ဆင်းသွားပြီ။ အဲဒီအပေါ်မှာ စိတ်လှုပ်ရှားပြီး ယုံကြည်မှုလွဲမှားစွာ Mask မတပ်ဆင်လာတာကို ကျနော်တို့က ပညာပေးရုံမက ဥပဒေနဲ့ပေါ့။ အများကြီးမဟုတ်တောင် စိတ်ထဲမှာ သတိထား မိနိုင်တဲ့ပမာဏမျိုးနဲ့ ဒဏ်တပ်တာမျိုးဆို အဆင်ပြေမယ်”ဟု ပျဉ်းမနားမြို့နယ် COVID-19 ကာကွယ်ထိန်းချုပ် ကုသရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ပေါ်မြင့်ဦးက ပြောသည်။
လက်ရှိတွင်လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သော Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး အမျိုး သား အဆင့်ဗဟိုကော်မတီအပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ကျွမ်းကျင်သူများ၊ အနုပညာရှင်များနှင့် အဖွဲ့ အစည်း၊ အသင်းအဖွဲ့များက လူမှုကွန်ရက်အပါအဝင် သတင်းမီဒီယာများမှတဆင့် စနစ်တကျနေထိုင်ကြရန် အသိပညာပေး၊ သတိပေးမှုများ ပြုလုပ်နေရသည်။
ကျန်းမာရေးဝန်ကြီးဌာန၏ မေလ ၈ ရက်နေ့ နံနက်ပိုင်း ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် COVID-19 ပိုးတွေ့သူ ၁၇၆ ဦးရှိပြီး သေဆုံးသူ ၆ ဦး၊ ဆေးရုံတွင် ကုသမှုခံယူနေသူ ၁၂၇ဦး၊ ပြန်လည်သက်သာ၍ ဆေးရုံဆင်းသူ ၄၃ ဦး ရှိကြောင်း သိရသည်။