မြန်မာ့ စားနပ်ရိက္ခာနှင့် စိုက်ပျိုး မွေးမြူရေး စနစ်ဖွံ့ဖြိုးရေး စီမံကိန်း Myanmar National Food and Agriculture System Project (NFASP) အတွက် ကမ္ဘာ့ဘဏ်က အမေရိကန် ဒေါ်လာသန်း ၂၀၀ အထိ တိုးမြှင့်ထုတ်ချေးရန် စီစဉ်လျက်ရှိ ကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ ၇ ရက်၌ ကမ္ဘာ့ဘဏ်၏ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံတို့၏ Country Director ဖြစ်သူ Ms. Mariam J. Sheman က မြန်မာနိုင်ငံ COVID- 19 ရောဂါ တုံ့ပြန်ရေး ကိစ္စရပ်များ၊ စီးပွားရေး လုပ်ငန်းများအပေါ် ထိခိုက်မှု လျော့ပါးစေရေးအတွက် မြန်မာနိုင်ငံနှင့် ကမ္ဘာ့ဘဏ်တို့ကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ကိစ္စများကို ဆွေးနွေးရာ တွင် ယင်းသို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ချေးငွေကို ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့ (IDA) မှ ထုတ်ချေးပေးရန် စီစဉ်နေခြင်း ဖြစ်သည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ စီမံကိန်း ဦးစီးဌာန၏ ညွှန်ကြားရေးမှူး ဒေါ်ခင်မာဦး က “NFASP က အရင်က ရေးဆွဲထားပြီးသား အစီအစဉ်ပါ။ ကိုဗစ် ရိုက်ခတ်မှုကို ကုစားရေး အစီအစဉ် (CERP) ထဲမှာ ပါတဲ့ ကျမတို့ ဝန် ကြီးဌာနနဲ့ တိုက်ရိုက် သက်ဆိုင်နေတဲ့ အမြန် လုပ်ပေးရမယ့် အစီအစဉ်တွေကို အရင် ရေးဆွဲတဲ့ NFASP ထဲမှာ ထပ်ရေး ဆွဲပြီး ထည့်လိုက်မှာပါ။ အဲဒီတော့ အရင်တွက်ထားတဲ့ ချေးငွေပမာဏထက် ပိုများသွားမယ့် အခြေအနေပေါ့” ဟု ဧရာ ဝတီသို့ ပြောသည်။
ယခု ထပ်မံ ထည့်သွင်း ရေးဆွဲမည့် လုပ်ငန်းစဉ်များတွင် တောင်သူများကို ချေးငွေထုတ်ချေးခြင်းနှင့် ငွေကြေး ထောက်ပံ့ ခြင်း၊ နည်းပညာ အကူအညီများ၊ အကျိုးတူ ကန်ထရိုက်လယ်ယာ စနစ် (Contract framing) အပါအဝင် တောင်သူများ လတ်တလော ဖြစ်ပေါ်နေသော အခက်အခဲများကို ဖြေရှင်းနိုင်မည့် နည်းလမ်းများ ပါဝင်ကြောင်း ၎င်းက ဆိုသည်။
၂၀၁၈ ခုနှစ်အရ ရေးဆွဲထားသော NFASP အစီအစဉ်အရ ကမ္ဘာ့ဘဏ်ထံမှ ချေးငွေ အမေရိကန်ဒေါ်လာ ၈၅ သန်း လို အပ်မည်ဟု ခန့်မှန်း တွက်ချက်ထားပြီး ယခုတွင် ထပ်တိုး အစီအစဉ်များကို ပြန်လည် ပြင်ဆင်ရေးဆွဲနေသည့် ကာလဖြစ် သည့်အတွက် ချေးငွေမည်မျှ အထိ ချေးယူရန် လိုအပ်မည်ကိုမူ လတ်တလောတွင် ပြောကြား၍ မရသေးကြောင်း ဒေါ်ခင် မာဦးက ရှင်ပြသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ဒု အမြဲတမ်း အတွင်းဝန် ဦးမျိုးတင့်ထွန်း က “ဒီကိစ္စက ညှိနှိုင်းဆဲ အဆင့်ပဲ ရှိပါသေးတယ်။ ကျနော်တို့ နှစ်ဖက် သဘောတူညီမှုတွေ ဘာတွေတော့ မလုပ်ရသေး စီစဉ်နေဆဲ အခြေအနေ လောက်ပဲ ပြောလို့ရသေးတယ်” ဟု ဆိုသည်။
အစိုးရ၏ COVID-19 စီးပွားရေးကုစားမှု အစီအစဉ် (CERP) အရ လယ်ယာစိုက်ပျိုး ကဏ္ဍအတွက် ချက်ချင်း တုံံ့ပြန် လုပ်ဆောင်ပေးရန်လိုအပ်သော လုပ်ငန်းစဉ်များကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးက ၂၀၂၀ မကုန်ခင် အတွင်း အပြီးသတ် အကောင်အထည်ဖော်သွားမည် ဖြစ်သည်။
အစိုးရ အနေဖြင့်လည်း ကိုဗစ် ၁၉ ရိုက်ခတ်မှုကြောင့် မြန်မာ့ စီးပွားရေး ကျဆင်းမှုကို ပြန်လည် ကုစားရန်အတွက် ဖွံ့ဖြိုး နောက်ကျနေဆဲ ဖြစ်သည့် လယ်ယာ စိုက်ပျိုးကဏ္ဍကို မြှင့်တင် ဆောင်ရွက်မည့် အစီအစဉ်အများကို CERP တွင် ထည့် သွင်း ရေးဆွဲထားသည်။
ဆက်စပ်ဖတ်ရှုရန်
လုပ်ငန်း ၁၁၁ ခုကို တတိယ အသုတ်အဖြစ် အစိုးရ ချေးငွေ ထုတ်ပေး
ထုတ်လုပ်မှုများ ရပ်ဆိုင်းနေသဖြင့် စားသောက်ကုန် အမှာစာများ လျော့ကျ
Covid-19 ကာလ နိုင်ငံ့စီးပွားကုစားရေး အစီအစဉ် အစိုးရ ထုတ်ပြန်