COVID-19 ကာကွယ်ထိန်းချုပ် ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ညွှန်ကြားချက်အရ မြန်မာ- အိန္ဒိယနယ်စပ် ကုန်သွယ်ရေး ဂိတ်များဖြစ်သည့် တမူး- မိုးရေးဂိတ်နှင့် ချင်းပြည်နယ် ရိဒ်နယ်စပ်ဂိတ်တို့ိုကို မေလကုန်ထိ တိုးမြှင့် ပိတ်သွား မည် ဖြစ်ကြောင်း သိရသည်။
ကလေး -တမူးနယ်စပ်ကုန်သွယ်ရေးကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးလှမောင်က “ကော်မတီရဲ့ ညွှန်ကြားချက် အရ ပိတ် တာဖြစ်ပါတယ်။ အိန္ဒိယဘက်ကတော့ မေလ ၁၇ ရက်အထိ Lockdown လုပ်ထားတယ်။ သူတို့လည်း ဆက်လုပ်မယ်လို့ ထင်ပါတယ်။ ပြောလို့တော့ မရသေးဘူး။ မြန်မာဘက်က အခု ကိုဗစ် အခြေအနေကြောင့် ပိတ်လိုက်တာ”ဟု ဧရာဝတီသို့ ပြောသည်။
မြန်မာ-အိန္ဒိယနယ်စပ် ကုန်သွယ်ရေးဂိတ်သည် ယခင်က ၁ ရက်၊ ၂ ရက်သာ ပိတ်လေ့ရှိသော်လည်း ကိုဗစ်-၁၉ ကြောင့် မတ်လ ၁၀ ရက်မှ မေလ ၁၇ ရက်အထိ ပိတ်ထားရာမှ ယခု ပိတ်ရက် ထပ်မံတိုးမြှင့်ခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။
“အရင်တုန်းကလည်း ကျနော်တို့ နိုင်ငံဘက်ကသာ ဖွင့်ထားတာ။ ကျနော်တို့နဲ့ ဆက်စပ်တဲ့ မဏိပူရ်နဲ့ မိုးရေးနဲ့ အင်ပါးရှား မှာ သူတို့နိုင်ငံတွင်းမှာ ရှိတဲ့ ပါတီတွေက ခဏခဏ လမ်းပိတ်တာ ဆို့တာ ရက်ရှည် လုပ်ခဲ့တာတွေ ရှိတယ်။ အခုကတော့ ကိုဗစ်ကြောင့် ပိတ်တာ။ သူတို့နိုင်ငံရော ကျနော်တို့ နိုင်ငံရော။ လတ်တလောတော့ အလုပ်မဖြစ်ဘူးပေါ့”ဟု ဦးလှမောင်က ရှင်းပြသည်။
သို့သော်လက်ရှိ အိန္ဒိယဘက်မှ မေလ ၁၇ ရက်တွင် ပြန်ဖွင့်ပါက ဖွင့်သင့်၊ မဖွင့်သင့်ကို ကုန်သည်များမှ ဒေသဆိုင်ရာ တာဝန်ရှိသူများနှင့် ညိုနှိုင်းပြီး COVID-19 ကာကွယ်ထိန်းချုပ် ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီသို့ တင်ပြပြီး အချိန်ဆောလျင်စွာ ဖွင့်ရန် လိုအပ်ပါက ဖွင့်သွားမည် ဖြစ်ကြောင်း ဦးလှမောင်က ပြောသည်။
တမူး နယ်စပ်ကုန်သွယ်ရေးဇုန်သို့ ကလေး ဘက်မှလည်း ကုန်သွယ်မှု လုပ်ကြသည့်အတွက် နေ့စဉ် လူဦးရေ သောင်းဂဏန်းအထိ လာရောက် အလုပ်လုပ်ကိုင်ကြကြောင်း၊ မြန်မာဘက်မှ ကွမ်းသီးအဓိက တင်ပို့ပြီး အိန္ဒိယဘက်မှ လူသုံးကုန်၊ ပါတိတ် အစရှိသည်တို့ တင်သွင်းကြောင်း သိရသည်။
မြန်မာ-အိန္ဒိယနယ်စပ် ဂိတ်ကို အိန္ဒိယဘက်မှ မတ်လ ၁၀ ရက်က စတင်ပိတ်သော်လည်း မြန်မာနိုင်ငံဘက်က ဧပြီ ၁၄ ရက်မှသာ တရားဝင် စတင်ပိတ်ထားခဲ့ပြီး လက်ရှိ ကိုဗစ် ရောဂါအခြေအများကြောင့် မေလအကုန်အထိ ဆက်လက်ပိတ် ထားခြင်းဖြစ်သည်။
စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန လက်ထောက် အမြဲတမ်းအတွင်းဝန် ဦးခင်မောင်လွင်က “တမူးနယ်စပ် ကုန်သွယ်ရေးဂိတ် နေ့စဉ်ပျမ်းမျှ ကုန်သွယ်မှုက အမေရိကန် ဒေါ်လာ ၁ သိန်းလောက်ရှိတယ်။ တမူး နယ်စပ်ကတော့ ပို့ကုန် အဓိကထားပြီး သွင်းကုန်က နည်းတယ်။ မြန်မာက စားတော်ပဲ၊ သကြား စတာတွေ ပို့ပြီး သွင်းကုန်အနေနဲ့က ဓာတ်မြေသြဇာတို့၊ အချိုရည်တို့ကတော့ နေ့စဉ်ဒေါ်လာ ထောင်ဂဏန်းလောက်ပဲ ရှိတယ်”ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိတွင် ကုန်သွယ်ရေးဂိတ် ပိတ်ထားသည်မှာ ၂ လ နီးပါးရှိနေသည့်အတွက် ကုန်သွယ်မှု ပမာဏမှာ ပျမ်းမျှ အမေရိကန် ဒေါ်လာ ၅ သန်းကျော် ဆုံးရူံးမှုရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စာရင်းများအရ သိရသည်။
တမူးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းအောင်က “တရားဝင်ဂိတ် ၂ ခုက ဒီလကုန်တဲ့အထိ ပိတ်ထားတယ်။ ကုန်သွယ်မှုက မရှိတော့ဘူး။ ဒါကြောင့် လက်လုပ်လက်စားတွေအတွက် စားနပ်ရိက္ခာ ၅ မျိုး ထောက်ပံ့တာတွေလည်း ဆောာင်ရွက် ပါတယ်။ အစိုးရက ထောက်ပံ့တာရော အရပ်ဘက်က အလှူခံလို့ ရတာနဲ့ရော ထောက်ပံ့ပါတယ်”ဟု ဧရာဝတီ သို့ ပြောသည်။
တမူးမြို့တွင် မြန်မာ-အိန္ဒိယနယ်စပ်မှာ အမှတ် ၁ ဂိတ်နှင့် အမှတ် ၂ ဂိတ်ဟူ၍ ဂိတ်နှစ်ဂိတ်ရှိပြီး နယ်စပ်ဂိတ်များ တရားဝင်ပိတ်အောင် ဒေသခံများနှင့် တာဝန်ရှိသူများ ညိုနှိုင်း ဆုံးဖြတ်ခဲ့ကြပြီး နယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်ရန် အိန္ဒိယဘက်က အခြေအနေများ စောင့်ကြည့်၍ ကော်မတီသို့ တင်ပြဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဆက်စပ်လင့်
COVID-19 ကြောင့် အိန္ဒိယတွင် ပိတ်မိနေသည့် မြန်မာနိုင်ငံသား ၂၀၀ နီးပါးရှိနေ
ကိုရိုနာဗိုင်းရပ်စ်ကြောင့် မြန်မာ – အိန္ဒိယ နယ်စပ်ဂိတ်များ ရက်အကန့်အသတ်မရှိ ပိတ်
နာဂနယ်စပ်ဂိတ် ပိတ်ရက်ရှည်ပါက ဒေသခံများ ကျန်းမာရေးအတွက် အခက်တွေ့နိုင်