တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တို့၏ တ်ိုက်ပွဲများကြောင့် မြန်မာနှင့် အိန္ဒိယနှစ်နိုင်ငံ စာချုပ်ချုပ်ဆိုကာ ဆောင်ရွက်နေသည့် ကုလားတန် စီမံကိန်း၏ အခြေခံ အဆောက်အအုံများ သတ်မှတ်ချိန်အတွင်း အပြီးသတ် မဆောက်နိုင် ဘဲ ရပ်တန့်နေသည် ဟု သတင်း ရရှိသည်။
မြန်မာနှင့် အိန္ဒိယ၂ နိုင်ငံကြား ချုပ်ဆိုထားသည့် သဘောတူ စာချုပ်အရ ကုလားတန် စီမံကိန်းကို ၃ နှစ်အတွင်း အပြီး တည်ဆောက်ကြမည် ဟု ကတိကဝတ် ပြုထားပြီး စီမံကိန်းကို၂၀၁၇ ခုနှစ် ဇွန် ၁ ရက်က စတင်ခဲ့ခြင်း ဖြစ်သည်။
စာချုပ်ပါ ကတိကဝတ် အရ ၂၀၂၀ ဇွန်လတွင် အပြီးသတ် တည်ဆောက် ပြီးစီးရမည် ဖြစ်သော်လည်း တပ်မတော်နှင့် AA တို့၏ တိုက်ပွဲများကြောင့် ကြန့်ကြာနေခြင်း ဖြစ်သည်။
ချင်းပြည်နယ် အစိုးရအဖွဲ့မှ စည်ပင်ဝန်ကြီး ဦးစိုးထက်က “ကုလားတန် စီမံကိန်းလမ်းပိုင်းက ဇွန်မှာ မပြီးနိုင်ဘူး။ စာချုပ် သက်တမ်းကလည်း ဇွန်မှာ ကုန်မှာ ဖြစ်လို့ အခု ပြည်ထောင်စုအဆင့်က စာချုပ် MOU သက်တမ်း တိုးဖို့ ပြန်လုပ်နေပါတယ်” ဟု ပြောသည်။
ကုလားတန် စီမံကိန်းသည် အိန္ဒိယ၏ အရှေ့မျှော် မူဝါဒအရ ကုန်းတွင်းပိတ်ဖြစ်နေသည့် အိန္ဒိယ အရှေ့မြောက် ပြည် နယ်ကို ပင်လယ်ထွက်ပေါက် ရရန်၊ ဒေသတွင်း ကုန်ပစ္စည်းများကို အရှေ့တောင် အာရှဒေသသို့ ဖြန့်ကျက် ချိတ်ဆက်နိုင်ရန် ရည်ရွယ်ကာ ဆောင်ရွက်နေခြင်း ဖြစ်သည်။
အိန္ဒိယနိုင်ငံ၏ အခြားပြည်နယ်များနှင့် အရှေ့မြောက် ပြည်နယ်သည် ဒေသတွင်း အချင်းချင်း ဆက်သွယ်ရန်အတွက် ကြားတွင် နိုင်ငံရေးအရ မပြေလည်သည့် ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ ကြားမှ ဖြတ်သန်းသွားရမည့် ကျဉ်းမြောင်းသည့် လမ်းသွယ်တခုသာ ရှိသည်။
ထို့ကြောင့် မြန်မာနိုင်ငံ ချင်းပြည်နယ် တောင်ပိုင်း၊ ပလက်ဝမြို့သို့ ကုန်းလမ်းဖောက်ကာ ပလက်ဝဆိပ်ကမ်းမှ တဆင့် သင်္ဘောဖြင့် ကုလားတန်မြစ်ကြောင်းအတိုင်း ရခိုင်ပြည်နယ်၊ စစ်တွေ ဆိပ်ကမ်းသို့ ဆက်သွယ်မည် ဖြစ်သည်။
စစ်တွေဆိပ်ကမ်းမှ ဘင်္ဂလားပင်လယ်အော် ပင်လယ် ထွက်ပေါက်အတိုင်း အိန္ဒိယသင်္ဘောများက ဖြန့်ကျက်ကာ အိန္ဒိ ယနိုင်ငံ၊ ကာလကတ္တား ဆိပ်ကမ်းကို သွားနိုင်မည့် အပြင် အရှေ့တောင် အာရှဒေသတွင်းသို့လည်း ပင်လယ်ရေ ကြောင်းဖြင့် ချိတ်ဆက်နိုင်မည် ဖြစ်သည်။
ကုလားတန် စီမံကိန်းတွင် ပလက်ဝမြို့နယ်သည် အချက်အခြာကျပြီး စီမံကိန်းကို အဓိက ဆက်သွယ်ပေးမည့် ပင်မ နေရာတခု ဖြစ်ပြီး စီမံကိန်း တခုလုံးအတွက် အိန္ဒိယက အမေရိကန် ဒေါ်လာသန်း ၄၈၀ ခန့် ရင်းနှီးမြှုပ်နှံထားသည်။
ယခုအခါ စီမံကိန်းတွင်း ပါဝင်သည့် စစ်တွေ ဆိပ်ကမ်း၊ ပလက်ဝ ဆိပ်ကမ်း၊ ပလက်ဝ မြစ်ကူးတံတားတို့မှာ ပြီးစီးနေပြီ ဖြစ်ပြီး အိန္ဒိယနိုင်ငံနယ်စပ်မှ ပလက်ဝမြို့သို့ ဖောက်မည့် ကားလမ်းမှာ တိုက်ပွဲများကြောင့် မပြီးမစီး ဖြစ်နေခြင်း ဖြစ်သည်။
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောမှ ပလက်ဝမြို့အထိ ဖောက်မည့် ကားလမ်းတွင် အိန္ဒိယဘက်မှ ၎င်းတို့ နိုင်ငံ တွင်းလမ်းကို ဖောက်နေပြီ ဖြစ်ပြီး မြန်မာနိုင်ငံဘက်ခြမ်း၊ ပလက်ဝမြို့နယ်အတွင်းမှာ တိုက်ပွဲများကြောင့် နယ်မြေ မအေးချမ်းသဖြင့် ၄၀ ရာခိုင်နှုန်းခန့်သာ လမ်းဖောက်လုပ် နိုင်သေးသည်ဟု ဦးစိုးထက်က ပြောသည်။
ဦးစိုးထက်က “အဓိက ကတော့ ပလက်ဝနဲ့ ဇိုရမ်ပူကားလမ်းဖြစ်တဲ့ ၁၀၉ ကီလိုမီတာက မပြီးသေးတာ။ ပြီးဖို့အတွက်လည်း အိန္ဒိယနဲ့ မြန်မာက နှစ်နိုင်ငံ ချစ်ကြည်ရေးနဲ့ လုပ်တာဖြစ်လို့ နိုင်ငံတော် အကြီးအကဲတွေက တွန်းတွန်းတိုက်တိုက် လုပ်နေပါတယ်” ဟုလည်း ဆိုသည်။
AA က ကုလားတန် စီမံကိန်းအတွက် လမ်းဖောက်သည့် ဆုထူးစံ ကုမ္ပဏီ ဝန်ထမ်းများကို ဖမ်းဆီးခြင်း၊ စီမံကိန်း ဝန် ထမ်းများအတွက် ရိက္ခာ သယ်လာသည့် ကားများကို မီးရှို့ခြင်း၊ စီမံကိန်းကို လာလေ့လာသည့် အိန္ဒိယစီမံကိန်း အိန္ဒိ ယ နိုင်ငံသားများကို ခေတ္တ ဖမ်းဆီးခြင်း၊ စီမံကိန်းအတွက် ပစ္စည်းများ သယ်လာသည့် သင်္ဘောကို မီးရှို့ပစ်ခတ်ခြင်းနှင့် ပလက်ဝ ဆိပ်ကမ်း အတွင်း ဝင်ရောက် ပစ်ခတ်ကာ အိန္ဒိယနိုင်ငံသား အချို့ကို ခေတ္တ ဖမ်းဆီးခြင်းများ ပြုလုပ်ထားသည်။
တပ်မတော်နှင့် တိုက်ပွဲ ဖြစ်ပွားနေသည့် AA သည် ၂၀၁၅ ခုနှစ် မတိုင်ခင်ကတည်းက ဘင်္ဂလားဒေ့ရှ် နယ်စပ်မှ ပလက်ဝမြို့နယ်အတွင်း ဝင်ရောက်ကာ ပလက်ဝမှ တဆင့် ရခိုင်ပြည်နယ် မြောက်ပိုင်းအတွင်းသို့ ဝင်ရောက် အခြေချနေသည်။
၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက တပ်မတော်နှင့် AA ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး၂၀၁၇ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ် နယ်စပ်၊ ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲများ ဖြစ်သဖြင့် ဒေသခံ ၁ ထောင်ကျော် နေရပ်စွန့်ခွာပြီး စစ်ဘေးရှောင် ဒုက္ခသည်အဖြစ် ထွက်ပြေးနေရသည်မှာ ယနေ့ထိ ဖြစ်သည်။
၂၀၁၈ ခုနှစ် နိုဝင်ဘာတွင် စစ်ရှိန် ပိုမြင့်လာခဲ့ပြီး ယနေ့ထိ တိုက်ပွဲများ ရပ်တန့်ခြင်း မရှိပါ။
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ကုလားတန်စီမံကိန်း တည်ဆောက်နေသည့် ဒေသတကြောမှာ ၎င်း၏ တပ်ဖွဲ့များ လှုပ်ရှားသည့် နေရာဖြစ်သဖြင့် AA ၏ သြဇာအာဏာ သက်ရောက်မှုကို အိန္ဒိယက အသိအမှတ်ပြုရမည် ဟု ၂၀၁၉ ခုနှစ် အတွင်းက ပြောဆိုထားသည်။
အိန္ဒိယက AA ကို အသိအမှတ်ပြုရန် လိုပြီး ညှိနှိုင်းမှသာ စီမံကိန်း အောင်မြင်မည်ဟု ပြောသည့်အပြင် စီမံကိန်း စတင် လည်ပတ်ပါက လမ်းကြောင်းတလျှောက် ဖြတ်သန်းကာ ကုန်သွယ်ကြမည့် အိန္ဒိယ ကုမ္ပဏီများနှင့် ပြည်တွင်းမှ စီးပွားရေး သမားများက AA ကို ငွေကြေး အခွန်ပေးဆောင်ရမည် ဟုလည်း ၂၀၁၉ ခုနှစ် အတွင်းက ဧရာဝတီကို ပြောဆိုထားသည်။
ကုလားတန် စီမံကိန်းအတွက် တည်ဆောက်ထားသည့် ပလက်ဝ ဆိပ်ကမ်းကို တပ်မတော်ဘက်မှ ဝင်ရောက် နေရာယူပြီး စစ်ဆင်ရေးအတွက် အသုံးပြုနေသည်ဟု AA ဘက်မှ ပြောဆို နေသည်။
တပ်မတော်က စစ်ဆင်ရေးတွင် ကုလားတန် စီမံကိန်းပါ ဆိပ်ကမ်းကို အသုံးပြုခြင်း မရှိပါဟု တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ငြင်းဆိုသည်။
သို့သော် ကုလားတန် စီမံကိန်းနှင့် ပတ်သက်၍ လိုအပ်ပါက လုံခြုံရေး ယူပေးသည်များ ရှိပါသည်ဟု ပြောသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ လုံခြုံရေးအနေနဲ့ ဆိုရင်တော့ လိုအပ်လာတဲ့ နေရာတွေမှာ တပ်မတော်က ဆောင်ရွက်ပေးမှာပဲ။ သို့သော် အခုလိုမျိုး လုပ် နေတဲ့ နေရာတွေမှာ ၁၀၀ ရာခိုင်နှုန်း လုံခြုံရေးဆိုတာ မရှိဘူး။ ဒါကြောင့်လည်း စီမံကိန်းက ရပ်ဆိုင်းထားတာ ဖြစ်လိမ့်မယ်” ဟု ပြောသည်။
ဝန်ကြီး ဦးစိုးထက်ကလည်း ကုလားတန် စီမံကိန်းပါ ပလက်ဝ ဆိပ်ကမ်းမှာ ပလက်ဝမြို့ကို လုံခြုံရေး ပေးထားသည့် တပ်မတော်၏ ခလရ ၂၈၉ တပ်စခန်းနှင့်၂ ဖာလုံကျော်သာ ကွာဝေးပြီး ပလက်ဝမြို့ ပတ်ပတ်လည်တွင်လည်း AA စစ်သားများ ထောင်နှင့်ချီ ဝိုင်းထားသဖြင့် လုံခြုံရေးအရ စီမံကိန်း အဆောက်အအုံများတွင်လည်း တပ်မတော် စစ်ကြောင်းများ ဝင်နေရာယူ ပေးထားသည်များ ရှိပါသည်ဟု ပြောသည်။
တပ်မတော်က AA ကို အမြစ်ပြတ်ချေမှုန်းမည်ဟု ပြောဆိုထားပြီး နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က မတ်၂၃ ရက်တွင် AA ကို မတရားအသင်းအဖြစ် ကြေညာလိုက်သည်။ ပြည်ထဲရေး ဝန်ကြီးဌာနကလည်း အကြမ်းဖက်အဖွဲ့ အဖြစ် ကြေညာကာ AA နှင့် ဆက်စပ်သူ၊ ဆက်သွယ်သူ အားလုံးကို တရားစွဲမည် ဖြစ်ကြောင်းလည်း ပြောဆိုထားသည်။
၂၀၂၀ ဖေဖော်ဝါရီကလည်း ကုလားတန် မြစ်ရိုးတလျှောက်ရှိ နယ်မြေ စိုးမိုးနိုင်သည့် တပ်မတော်၏ တပ်စခန်းများကို AA က ထိုးစစ်ဆင် တိုက်ခိုက်သဖြင့် ၁ လကျော်ကြာ တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့သည်။
ပလက်ဝ ဒေသသည် အိန္ဒိယနိုင်ငံနှင့်လည်း ကုန်သွယ်မှု မရှိသဖြင့် လက်ရှိတွင် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှ အခြေခံ စားသောက်ကုန်၊ လူသုံးကုန်များကို အဓိက မှီခိုနေရသည့် ဒေသဖြစ်သဖြင့် တိုက်ပွဲများကြောင့် ရေလမ်း၊ ကုန်းလမ်း ပိတ်ပါက အရပ်သားများလည်း စားနပ်ရိက္ခာ အခက်အခဲ ဖြစ်ကြရသည်။
ပလက်ဝမြို့နယ်တွင်း လူဦးရေ ၁ သိန်းကျော် နေထိုင်ပြီး ထိုထဲမှ ၆ သောင်းခန့်မှာ စစ်ဘေးဒဏ် သင့်နေကြသည်ဟု ချင်းပြည်နယ် အစိုးရအဖွဲ့၏ မှတ်တမ်းများ အရ သိရသည်။
You may also like these stories:
ပလက်ဝကို စစ်တလင်း ဆက်မလုပ်ကြပါနဲ့တော့
ယုံကြည်မှုတွေ ပျက်သုဉ်းသွားတဲ့ ပလက်ဝ (၁)
ယုံကြည်မှုတွေ ပျက်သုဉ်းသွားတဲ့ ပလက်ဝ (၂)