သတင်း

ကျောက်တော်တွင် ပေါက်ကွဲမှုဖြစ် ကျောင်းဆရာ ၁ ဦးနှင့် ကလေးငယ် ၁ ဦး ဒဏ်ရာရ

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် တောင်ဘွယ်ကျေးရွာအတွင်း မေလ ၈ ရက်နေ့ ညနေ က လက်နက်ကြီး ကျရောက် ပေါက်ကွဲသဖြင့် မူလတန်းပြ ဆရာ ၁ ဦးနှင့် မိန်းကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်း ရရှိသည်။

အဆိုပါ ဒဏ်ရာရရှိသူများမှာ မူလတန်းပြဆရာ အသက် ၂၇ နှစ်အရွယ် ဦးစိုးသိန်းနှင့် အသက် ၁၁ နှစ်အရွယ် ၆ တန်း ကျောင်းသူ မသော်တာဖြိုး တို့ ဖြစ်ကြောင်း ကာယ ကံရှင် မိသားစုဝင်များက ပြောသည်။

ဒဏ်ရာရရှိသူ ဦးစိုးသိန်း၏ ဖခင် ဦးစံသိန်း က “လက်နက်ကြီးက လူတွေ အိပ်နေကြတဲ့ အချိန်လာကျတာပါ။ ပထမ ကျနော်အိမ်အနား ဝန်းကျင်ကို ၁ လုံးလာကျတယ်။ အဲဒီ အချိန် ကျနော်သားက ကြောက်ပြီး အိမ်ပေါ်ကနေ အိမ်အောက်ကို ဆင်းပြီးတော့ သွားပုန်းဖို့ သွားတဲ့အခါ နောက်ထပ် တလုံး လာကျပြီးတော့ ထိမှန်တာပါ” ဟု ဧရာဝတီသို့ ပြောသည်။

တောင်ဘွယ်ကျေးရွာသားများနှင့် ဒဏ်ရာရရှိခဲ့သူ မိသားစုဝင်များကတော့ ယမန်နေ့က အဆိုပါ ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိကြောင်း၊ ၎င်းကျေးရွာ၏ အရှေ့ ဘက် မြစ်တဘက်ကမ်း မျောက်တောင်ကျေးရွာနှင့် မာလာ ကျေးရွာကြား ဘုရား တောင်ကုန်းပေါ် တင်တပ် မတော် စစ် ကြောင်းတခုက တပ်စွဲထားပြီး ယင်းနေ ရာကနေ ပစ်ခတ်ခြင်း ဖြစ်ကြောင်းပြောသည်။

တောင်ဘွယ်ကျေးရွာနေ ဦးအောင်သန်းဝင်း က “ကျနော်တို့ ရွာ အရှေ့ဘက်ကမ်း မျောက်တောင် ကျေးရွာအနီး ဘုရားတောင်ကုန်းပေါ်မှာ တပ်စွဲထားတာရှိတယ်။ အရင်နေ့ တွေကလည်း အဲဒီနေရာက နေ့တိုင်း ပစ်နေတာ ရှိတယ်။ သူတို့ ( တပ် )က ဘယ်ဖက်ကို လှည့်ပြီးတော့ ပစ်တယ်ဆိုတာတော့ ကျနော်တို့လည်း မသိဘူး။ မနေ့က ကျနော်ရွာထဲကို လက်နက်ကြီးလာကျတယ်။ ရွာထဲမှာရော ၊ မြစ်ကမ်းဘေးရော လက် နက်ကြီး ၄ လုံးလောက် လာကျတာ ရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ လက်နက်ကြီးကျည်ကျသည့် တောင်ဘွယ်ကျေးရွာမှာ ကုလားတန် မြစ်အနောက်ဘက်ခြင်းတွင် တည်ရှိပြီး တပ်မတော် တပ်စွဲထားသည့် မျောက်တော် ကျေးရွာ အနီးရှိ တောင်ကုန်းမှာ ကုလားတန်မြစ် အရှေ့ဘက် ခြမ်းတွင် တည်ရှိ ကြောင်းလည်း ဒေသခံ ကျေးရွာသားများက ပြောသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က “အဓိက ပြောချင်တာကတော့ တိုက်ပွဲတွေ ဖြစ်ပြီဆိုရင် တပ်မတော်က လက်နက်ကြီးနဲ့ ပစ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို AA နဲ့ AA အမာခံတွေက အစဉ်တစိုက် လုပ်နေတာဖြစ်တယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ တိုက်ပွဲ ဖြစ်ပွား မဖြစ်ပွား မသိသေးဘူး။ သူတို့ ရဲ့ စွပ်စွဲချက်ကတော့ အမြဲတမ်း လက်နက်ကြီးကျတယ် ဆိုတာလုပ်တယ်” ဟု ဧရာဝတီသို့ပြောသည်။

၎င်းက ဆက်၍ “မြောက်ဦးဘက်မှာဆိုရင် မြို့မ ရဲစခန်းဘေးက လုံခြုံရေး ကင်းတဲမှာ ၆၀ မမ ဗုံးသီးတွေကို (AA အဖွဲ့ဝင်များက) အဝတ်ပတ်ပြီးတော့ မီးရှိူ့ ဖို့လုပ်နေတာမိခဲ့တယ်။ အဲလိုမျိုးလုပ်ဆောင်မှုလေးတွေ ရှိတယ် ပြောရမယ်ဆိုရင် အဲလို ဗုံးသီးတွေကို မီးရှိူ့လို့ ပေါက်ကွဲတဲ့ အခါမှာ (တပ်မတော်က) လက်နက်ကြီးနဲ့ ပစ်တယ်ဆိုတဲ့ ပုံစံမျိုး ဖန်တီးနေတာတွေရှိတယ်” ဟု ပြောသည်။

လက်ရှိ အချိန်တွင် မူလတန်းပြ ကျောင်းဆရာ ဦးစိုးသိန်းတွင် ရရှိခဲ့သော ဘယ် ဘက်ပေါင်နှင့် ဘယ်ဖက်လက် ဒဏ်ရာများမှာ ပြင်းထန်သည့်အတွက် ကျောက်တော်ဆေးရုံမှနေ တဆင့် စစ်တွေဆေးရုံသို့ ယူဆောင် လာကြောင်းလည်း သိရသည်။

ရခိုင်ပြည်နယ်၊ မြောက်ပိုင်းမြို့နယ်များတွင် တပ်မတော်နှင့် AA တို့သည် ၂၀၁၈ ခုနှစ် နိုဝင်ဘာလကုန်း ကတည်းက နှစ်ဘက်တိုက်ပွဲများ ပြင်းထန် စွာဖြစ် ပွားနေသည်မှာ ၂ နှစ်နီးပါး ကြာမြင့် လာမှုနှင့် စစ်ဘေးရှောင် အရေအတွက်မှာ သိန်းချီရှိကာ ဒေသခံပြည် သူများ မှာလည်း အသက်လု ထွက်ပြေးနေကြရသည်။

မိုင်းပေါက်ကွဲမှု အပါအဝင် လက်နက်ကြီး ၊ လက်နက်ငယ်များ ထိမှန်၍ အရပ်သားပြည် သူများမှာလည်း နေ့စဉ်နှင့်မျှ သေဆုံး၊ ဒဏ်ရာ ရရှိနေမှုနှင့် အတူ အရပ်သားများ ဖမ်း ဆီးခံရခြင်း၊ နေအိမ်များ မီးရှုှုံ့ခံရမှုများ လည်း များပြား လာနေသည့်အတွက် အရပ်သား အစိုးရ လက် ထက်တွင် အပြင်း ထန်ဆုံးနှင့် ထိခိုက်မှု အများဆုံး တိုက်ပွဲ လည်း ဖြစ် သည်။

You may also like these stories:

ပုဏ္ဏားကျွန်းတွင် လက်နက်ကြီးကျ ၇ ဦးသေ၊ ၈ ဦး ပြင်းထန်ဒဏ်ရာရ

WHO ကား ပစ်ခတ်ခံရမှု စုံစမ်းစစ်ဆေးရေး ကော်မတီဖွဲ့

Did you find apk for android? You can find new Free Android Games and apps.
Loading