နိုင်ငံတွင်း ကမာ္ဘ့ကပ်ရောဂါ COVID-19 ကာကွယ်၊ ကုသရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများကို ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရန်အတွက် ဟုဆိုကာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ပြည်တွင်း တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် ၃ လကျော် အပစ်အခတ်ရပ်စဲမည်ဖြစ်ကြောင်း ကြေငြာချက် ထုတ်ပြန်လိုက်သည်။
အပစ်အခတ်ရပ်စဲရေးကာလကို မေ ၁၀ ရက်မှ သြဂုတ် ၃၁ ရက်အထိ ဖြစ်သည်ဟု မေလ ၉ ရက် စနေနေ့ည ၈ နာရီတွင် ကြေငြာလိုက်သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ အပစ်အခတ်ရပ်ဆိုင်းကြောင်း ကြေငြာချက်သည် ပြည်တွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ လှုပ်ရှားသည့် နယ်မြေအားလုံးတွင် သက်ဆိုင်သည်ဟု ဆိုထားသော်လည်း နိုင်ငံတော်မှ အကြမ်းဖက်အဖွဲ့အဖြစ် ကြေငြာထားသည့် တပ်ဖွဲ့ လှုပ်ရှားသည့် နယ်မြေတွင် အကျုံးမဝင်ကြောင်းကိုလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
အစိုးရနှင့် တပ်မတော်တို့သည် ပြည်တွင်းရှိ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အဆင့်ဆင့် ဆွေးနွေးနေသော်လည်း မတ် ၂၃ ရက်က ရက္ခိုင်စစ်တပ် (AA) ကို မတရားအသင်းအဖွဲ့ နှင့် အကြမ်းဖက်အဖွဲ့ဖြစ်ကြောင်း ကြေငြာထားပြီး ၂၀၁၇ ခုနှစ် ဩဂုတ်လက အာရကန် ရိုဟင်ဂျာ ကယ်တင်ရေး တပ်ဖွဲ့ (ARSA) ကိုလည်း အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသောကြောင့် လတ်တလာ ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝနယ်မြေများ ယခု တပ်မတော်ကြေညာချက်နှင့် အကျုံးမဝင်ဟု ဧရာဝတီက နားလည်သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ကြေငြာချက်တွင် COVID-19 ရောဂါကြောင့် ကမာ္ဘတဝန်းတွင် ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများ ရပ်တန့်ပေးကြရန် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် Antonio Guterres က ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၃ ရက်နေ့တွင် တိုက်တွန်းပြောကြားခဲ့ကြောင်းကို ထုတ်ပြန်ချက်တွင် ရည်ညွှန်း ထည့်သွင်းဖော်ပြထားသည်။
မြန်မာနိုင်ငံအနေဖြင့်လည်း COVID-19 ရောဂါ ကာကွယ်၊ ကုသရေးနှင့် ထိန်းချုပ်ရေးအတွက် နိုင်ငံတော်မှ အမျိုးသားအဆင့်ဗဟိုကော်မတီဖြင့် ကော်မတီအဆင့်ဆင့် ဖွဲ့စည်းနေကြောင်းနှင့် တပ်မတော်ကလည်း ပါဝင် ကူညီနေကြောင်းကို ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။
တပ်မတော်ဘက်မှ အပစ်ရပ်ထားသည့် ကာလတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ငြိမ်းချမ်းရေး မူဝါဒ ၆ ချက်ထဲတွင် ပါဝင်သည့် သဘောတူစာချုပ်များအတိုင်း ကတိတည်ရန်၊ ငြိမ်းချမ်းရေး သဘောတူညီချက်များအပေါ် အမြတ်မထုတ်ရန်၊ ဒေသခံပြည်သူများအပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန်၊ နိုင်ငံတော်က ထုတ်ပြန်ထားသည့် တည်ဆဲဥပဒေများကို လိုက်နာရန် ဟူသည့် အချက် ၄ ချက်ကို တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များဘက်မှ လိုက်နာရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းရေးသားထားသည်။
အဆိုပါ အချက် ၄ ချက်အပြင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ အချင်းချင်း မတိုက်ခိုက်ရန်၊ ဒေသခံ တိုင်းရင်းသားများအပေါ် အနိုင်ကျင့်ခြင်း မပြုလုပ်ရန်လည်း လိုအပ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးဘက်မှ ထုတ်ပြန်ထားသည့်အချက်များကို မလိုက်နာပါက တပ်မတော်ဘက်မှ လိုအပ်သလို အရေးယူပါမည်ဟု ရေးသားထားသည့်အပြင် ပြည်သူလူထုလက်သို့ ငြိမ်းချမ်းရေးအပ်မည်ဟူသည့် ကတိပေးထားသဖြင့် တပ်မတော်ဘက်မှ ကြိုးစားဆောင်ရွက်နေပါသည်ဟုလည်း ဖော်ပြထားသည်။
ထို့ပြင် COVID-19 ရောဂါ ကာကွယ်၊ ကုသရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများတွင်လည်း နိုင်ငံအရေး၊ အမျိုးသားအရေးအဖြစ် အင်တိုက်အားတိုက် ထိထိရောက်ရောက် ကူညီသွားပါမည်ဟူသည့် အချက်ဖြင့် ကြေငြာချက်ကို အဆုံးသတ်ထားသည်။
အစိုးရကလည်း နိုင်ငံတော်ပိုင်နက်နယ်မြေအတွင်း နေထိုင်သူ တဦးတယောက်ကိုမှ ချန်လှပ်မထားရေး မူဝါဒဖြင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၏ နယ်မြေများတွင် COVID-19 ရောဂါ ကာကွယ်၊ ကုသရေးနှင့် ထိန်းချုပ်ရေးများ လုပ်ဆောင်ရန် ကော်မတီတရပ်ကို ဧပြီ ၂၇ ရက်က ဖွဲ့စည်းကာ အပစ်ရပ်ထားသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မှုများ စတင် လုပ်ဆောင် နေပြီဖြစ်သည်။
အဆိုပါ ကော်မတီ၏ အမည်မှာ “COVID-19 ကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်း ပူးပေါင်းရေးကော်မတီ “ဟူ၍ဖြစ်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန(NRPC) ၊ ဒုဥက္ကဌ ဒေါက်တာတင်မျိုးဝင်းမှ ဥက္ကဌ အဖြစ် တာဝန်ယူထားသည်။
ဒေါက်တာတင်မျိုးဝင်းဦးဆောင်သည့် ကော်မတီက အပစ်ရပ်ဆိုင်းထားသည့် မရှိသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ၏ နယ်မြေများတွင်လည်း COVID-19 ရောဂါ ကာကွယ်၊ ကုသရေးနှင့် ထိန်းချုပ် ရေးကို ပူးပေါင်းကူညီမည်ဖြစ်ကြောင်း ပြောဆိုထားသည်။
အစိုးရ၏ Covid-19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များနှင့် ညှိနှိုင်း ပူးပေါင်းရေး ကော်တီသည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ရေးထိုးထားသော အပစ်ရပ် ၁၀ ဖွဲ့နှင့် မေလ ၈ ရက်နေ့က ဆွေးနွေးကြသည်။
You may also like these stories:
အစိုးရနှင့် အပစ်ရပ်များ COVID-19 ကာကွယ်ရေး အချက် ၇ ချက်သဘောတူ
အစိုးရနှင့် လက်နက်ကိုင်အဖွဲ့များ COVID-19 ကို ဘယ်လို ပူးပေါင်းဆောင်ရွက်နေကြလဲ
ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေး တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများလည်း အရေးပါသည်