မြဝတီမြို့နယ်၊ နယ်ခြားစောင့်တပ်(BGF) ထိန်းချုပ်နယ်မြေရှိ ရွှေကုက္ကိုလ်မြို့သစ် စီမံကိန်းတွင်း တရုတ်ရာဇဝတ် ဂိုဏ်းများ ပတ်သက်မှုမရှိရေး အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း စီမံကိန်လုပ်ဆောင်နေသည့် ချစ်လင်းမြိုင်ကုမ္ပဏီ ဒါရိုက်တာ ဦးစောမင်းမင်းဦးက ဧရာဝတီသို့ပြောသည်။
ဦးစောမင်းမင်းဦးက “ကမ္ဘောဒီးယားဘက်က ပိတ်လိုက်တော့ အဲ့ဒီက တရုတ်တွေ ဒီဘက်ကိုရွေ့လာကြတယ်။ နယ်စပ်တလျောက် လုပ်လို့ရမယ့်နေရာတွေမှာ ဝင်ပြီးလုပ်လာကြတော့ ကျနော်တို့က ကနဦး စီမံကိန်းလုပ်တဲ့ သူဆိုတော့ ကျနော်တို့ ခေါင်းပေါ်ပဲ ကျကျလာတယ်။ ဒါနဲ့ပတ်သက်လို့ လုံခြုံရေးတာဝန်ယူထားတဲ့ ဗိုလ်ချစ်သူတို့ နယ်ခြားစောင့်တပ်ကနေ သေချာစိစစ်ကြပ်မတ်မှုတွေ လုပ်မယ်လို့ ထင်ပါတယ်။ သတင်းတွေထွက်နေသလို တိကျတဲ့ အထောက်အထားတွေရရင် အစိုးရအဖွဲ့နဲ့ လက်တွဲပြီးတော့ လုပ်မှာပါ။ ကျနော်တို့က ကိုယ့်ဟာကို တစင် ထောင်ပြီး လုပ်တာမျိုးမဟုတ်ပါဘူး”ဟု ပြောသည်။
ရွှေကုက္ကိုလ်မြို့သစ် စီမံကိန်းသည် တရုတ်လုပ်ငန်းစု Jiliin Yatai International လုပ်ငန်းစုနှင့် နယ်ခြားစောင့် တပ်(BGF)၏ ချစ်လင်းမြိုင်ကုမ္ပဏီတို့ ၂၀၁၇ ခုနှစ် သဘောတူလက်မှတ်ရေးထိုးကာ ဆောင်ရွက်နေခြင်းဖြစ်ပြီး ပြည်နယ်အစိုးရက မြေ ၆၂ ဧကခွင့်ပြုခဲ့သော်လည်း တိုးချဲ့တည် ဆောက်မှုများနှင့် တရုတ်များ အဝင်အထွက် များပြားလာသည့်အတွက် ဒေသခံများအကြား ကန့်ကွက်မှုများလည်းရှိခဲ့ပြီး လူအများ အာရုံစိုက်စောင့် ကြည့်ခံရသည့် စီမံကိန်းဖြစ်သည်။
ရွှေကုက္ကိုလ်မြို့သစ်စီမံကိန် အပြင် ဒေသတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် တရုတ်လုပ်ငန်းစုများ ပူးပေါင်းကာ ဆိုင်ရှိကန်း စက်မှုဇုံစီမံကိန်း(Saixigang Industrial Zone Project) နှင့် ဟွမ်ယား(Huanya) နိုင်ငံတကာမြို့တော်စီမံကိန်းတို့ ဆောင်ရွက်ရန်စီစဉ်လျှက်ရှိရာတွင် တရုတ် ရာဇဝတ်ဂိုဏ်းများ နောက်ကွယ်မှ ပတ်သက်မှုရှိနိုင်သည့်အတွက် စိုးရိမ်ကြောင်း အမေရိကန် ငြိမ်းချမ်းရေးအင်စတီကျု(USIP) က ဖော်ပြခဲ့သည်။
စီမံကိန်းလုပ်ငန်းဆောင်မည့် တရုတ်လုပ်ငန်းစုများနောက်ကွယ်မှ ပတ်သက်သူအချို့သည် ကမ္ဘောဒီးယားနိုင်ငံတွင် လောင်းကစားနှင့် ရာဇဝတ်ကျူးလွန်းမှုများ ပြုလုပ်မှုကြောင့် တရုတ်အကူအညီဖြင့် မောင်းထုတ်ခဲ့ရသူများ ဖြစ်ကြောင်း ထောက်ပြထားပြီး မြန်မာအစိုးရအနေဖြင့်လည်း သတင်းကြိုရထားသည့်အတွက် အသိပေးထား ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။
ဦးဇော်ဌေးက “ USIP က ဒီကိစ္စနဲ့ပတ်သက်တဲ့ China Expert ပေါ့၊ မြေပုံ တွေ၊ ဒီလူတွေရဲ့ အချက်အလက်တွေ ပေါ့နော်၊ ကမ္ဘောဒီးယားမှာ ကာစီနိုလုပ်ခဲ့တယ်၊ ပြီးရင် criminal နဲ့နေလို့မရ တော့ မြန်မာနိုင်ငံမှာ တချို့လက် နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ဆက်စပ်ပြီးတော့ လာလုပ်တာဖြစ်တယ်။ အဲ့ဒါကို information အစောကြီးကတည်းကနေ ကျနော်တို့ရထားတာ”ဟု ပြောသည်။
အဆိုပါ တရုတ်မြို့သစ်စီမံကိန်းများသည် ဒေသအခြေစိုက် တိုင်းရင်သားလက်နက်ကိုင်အဖွဲ့အချို့နှင့် တပ်မတော် လက်အောက်ရှိ နယ်ခြားစောင့်တပ်(BGF) တို့နှင့် ဆက်စပ်မှုရှိနိုင်သည့်အတွက် အသိပေးအကြောင်းကြားမှု ပြုလုပ်ထားကြောင်းလည်း ၎င်းက ပြောသည်။
ဟွမ်ယားနိုင်ငံတကာ မြို့သစ်စီမံကိန်းနှင့် ပတ်သက်ပြီး KNU က လတ်တလောတွင် ငြင်းဆိုပြောထားသော်လည်း စီမံကိန်းလက်မှတ်ရေးထိုးသည့် အစီအစဉ်တခုတွင် KNU ကာကွယ်ရေးဌာ တာဝန်ခံ စောရော်ဂျာခင် ပါဝင်ခဲ့သည် ကို ဓာတ်ပုံအထောက်အထားများအရ တွေ့ရသည်။
KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူး က “ တရုတ်ကုမ္ပဏီတွေနဲ့ KNU နဲ့ ပူးပေါင်းပြီး မြဝတီမှာ ဟွမ်ယား နိုင်ငံတကာမြို့တော် တည်ဆောက်တဲ့ကိစ္စက မဟုတ်ပါဘူး၊ နားလည်မှုလွဲမှားတဲ့ အပိုင်းလို့ထင်ပါတယ်။ ဒါကို ကျနော်တို့ပြန်ပြီးတော့ စိစစ်ပြီးတော့ သင့်တော်သလို ဆောင်ရွက်ပြီး ပြန်ပြီးသတင်းထုတ်ပြန်သွားပါမယ်။ လောလောဆယ်တော့ ဒီလောက်ပဲဖြေလို့ရပါတယ်”ဟု ဧရာဝတီသို့ပြောသည်။
နယ်ခြားစောင့်တပ်(BGF) ထိန်းချုပ်နယ်မြေရှိ ရွှေကုက္ကိုလ်မြို့သစ် စီမံကိန်းနှင့်ပတ်သက်၍ အစိုးရ၏ တရားဝင် ခွင့်ပြုချက်ရရှိမှသာ ဆက်လက်ဆောင်ရွက်ရန် တပ်မတော်ဘက်က သတိပေးထားပြီး လတ်တလောတွင် စီမံကိန်းတိုးချဲ့ ဆောက်လုပ်မှုများ ရပ်ထားကြောင်း ချစ်လင်းမြိုင်ကုမ္ပဏီထံက သိရသည်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “တပ်မတော်အနေနဲ့က ထိန်းချုပ်နိုင်ပါတယ်။ တချို့က BGF တော့ မဟုတ်ဘူး။ ကောင်းခါးပြည်သူ့ စစ်လိုဟာမျိုးကလည်း တပ်မတော်ရဲ့ အောက်မှာ ရှိတာပဲ။ ကောင်းခါးပြည်သူ့စစ်လိုဟာမျိုးလည်း တချို့သူတို့ လျှို့ဝှက်ပြီး လုပ်နေတဲ့ဟာတွေကျတော့ မသိနိုင်ဘူး။ ခုန ပြောသလို မြို့သစ်တို့ဘာတို့ ထောင်တာတွေကျတော့ အုပ်ချုပ်ရေးလိုင်းဘက်က သွားတဲ့ဟာတွေပေါ့။ တပ်မ တော်အနေနဲ့ ပြောနိုင်တာကတော့ တရားဥပဒေနဲ့ မညီတဲ့အလုပ်တွေနဲ့ ပတ်သက်လာတဲ့အခါကျတော့ ဥပဒေအတိုင်းပဲ ဆောင်ရွက်လျှက် ရှိပါတယ်”ဟု ပြောသည်။
လက်ရှိတွင် ရွှေကုက္ကိုလ်မြို့သစ် စီမံကိန်းအတွင်း တည်ဆောက်ပြီး ဟိုတယ် ၁ လုံးနှင့် တည်ဆောက်ဆဲ ဟိုတယ် ၂ လုံးတို့အတွက် မြေ ၁၁.၈၇ ဧကအား ပြည်နယ်အစိုးရက ထပ်မံခွင့်ပြုပေးခဲ့ပြီဖြစ်ကြောင်းလည်း သိရသည်။
ဦးစောမင်းမင်းဦးက “ဟိုတယ်/ခရီးသွားဘက်ကလည်း ဟိုတယ်ဆောက်တာ မှန်ပါတယ်၊ ဒါကိုခွင့်ပြုရင် ရနိုင်ပါတယ်ဆိုပြီး တင်ပြတော့ အဲ့ဒီဟိုတယ် ၃ လုံးရဲ့ မြေနေရာကို ပြည်နယ်အစိုးရက ထပ်ချပေးတယ်။ ဟိုတယ်တလုံးကို ၃ ဧက ကျော်ကျော်တွေဆိုတော့ အားလုံး ၁၁.၈၇ ဧကရှိတယ်၊ အရင်က ခွင့်ပြုထားတာက ၆၂ ဧကရှိတယ်၊ ထပ်ပြီးတော့ လျှောက်ထားတဲ့ ၂၀၁ ကတော့ ခွင့်ပြုချက် မရသေးပါဘူး ” ဟု ပြောသည်။
လတ်တလော စီမံကိန်းအတွင်း တရုတ်လူမျိုး ၂၀၀၀ ကျော်ရှိနေပြီး ရာဇဝတ်ဂိုဏ်းများ ပါဝင်မှု မရှိသေးသော်လည်း စိစစ်မှုများအား ပိုမိုပြုလုပ်မည်ဖြစ်ကြောင်းနှင့် ပါဝင်လာပါက လက်ခံမည်မဟုတ်ကြောင်းလည်း ၎င်းက ပြောသည်။
ဆိုင်ရှိကန်း စက်မှုဇုံစီမံကိန်း (Saixigang Industrial Zone Project) နှင့် ဟွမ်ယား(Huanya) နိုင်ငံတကာ မြို့ တော်စီမံကိန်းတို့သည် ရွှေကုက္ကိုလ်မြို့သစ် စီမံကိန်းကဲ့သို့ မြေပြင်ထင်ရှားသည့် အကောင်အထည်ဖော်မှုများ မရှိသေးသော်လည်း ၎င်းတို့ စီမံကိန်းအတွက် ရင်းနှီးမြုပ်နှံသူများအား အကျိုးအမြတ် တွက်ချက်မှုများဖြင့် ဖိတ်ခေါ်လျှက်ရှိပြီး ဆိုင်ရှိကန်း စက်မှုဇုံစီမံကိန်း မိတ်ဆက်ပွဲတခုအား မလေးရှားနိုင်ငံ ကွာလာလန်ပူမြို့တွင် မတ်လအတွင်းက ပြုလုပ်ခဲ့သည်။
ဆက်စပ်လင့်
တရုတ်ရာဇဝတ်ဂိုဏ်းများနှင့် မြန်မာလက်နက်ကိုင်များ လုပ်ဖော်ကိုင်ဘက်တွေ ဖြစ်လာနေသည်
တရုတ်ပစ်မှတ် ဖြစ်လာသည့် ကရင်လက်နက်ကိုင် လှုပ်ရှားနယ်မြေများ