ပြည်ပ တင်ပို့ရန်နှင့် နိုင်ငံတော် အရန်ဆန် ဝယ်ယူသည့် အစီအစဉ်ကြောင့် ဆန်ဝယ်လိုအား များနေရာ ဧရာဝတီတိုင်း ဒေသကြီး၌ နွေစပါးဈေးနှုန်းမှာ အမြင့်ဈေးသို့ ရောက်ရှိနေကြောင်း သတင်း ရရှိသည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် မိုးစပါးပေါ်ချိန်တွင် အကြမ်းစပါး ဈေးနှုန်းမှာ တင်း ၁၀၀ လျှင် အနိမ့်ဆုံး ၄ သိန်း ၅ သောင်းကျပ်မှ အမြင့်ဆုံး ၅ သိန်းကျပ် ဝန်းကျင်သာ ပေါက်ဈေးရှိခဲ့သော်လည်း လက်ရှိ နွေစပါး ရာသီတွင် စပါးဈေးမှာ အနိမ့်ဆုံး ၅ သိန်း ၇ သောင်းမှ ၆ သိန်း ၃ သောင်းအထိ မြင့်တက်ခဲ့ကြောင်း ဆန်စပါး ကုန်သည်များထံက သိရသည်။
မြောင်းမြမြို့နယ် ဆန်စက်ပိုင်ရှင်များအသင်း ဒု ဥက္ကဋ္ဌ အောင်ခေတ်မီ ဆန်စက်ပိုင်ရှင် ဦးရွှေထွန်းက“ဒီနှစ်က စစ်ကိုင်း တိုင်း ရွှေဘိုဘက်မှာ ရေကို စိုက်ပျိုးရေးအတွက် မပေးဘဲ လျှပ်စစ်အတွက်သုံးတော့ ရွှေဘိုနယ်ဘက်မှာ အများစုက နွေစပါး မစိုက်ဖြစ်ဘူး။ အဲဒီအတွက်ကြောင့် ဧရာဝတီတိုင်းက ထွက်တဲ့ နွေစပါးက ဝယ်လိုအား ပိုလာတယ်။ အရန်ဆန် ဝယ်တာကလည်း ရှိနေတဲ့အတွက် စပါးဈေးက မနှစ်ကထက်စာရင် ပိုမြောက်နေတာ ဖြစ်တယ်” ဟု ဧရာဝတီကို ပြော သည်။
လက်ရှိတွင် ဧရာဝတီတိုင်း၌ ဆန်ကြမ်းအုပ်စုဝင် သီးထပ်ရင် စပါးမှာ တင်း ၁၀၀ လျှင် ၅ သိန်း ၇ သောင်း၊ ပခန်း စပါးမှာ ၆ သိန်း ၁ သောင်းနှင့် ဆင်းသုခ စပါးမှာ ၆ သိန်း ၃ သောင်းဝန်းကျင် ပေါက်ဈေး ရှိနေကြောင်း သိရသည်။
ယမန်နှစ် နွေစပါးရာသီက တင်း ၁၀၀ လျှင် ငွေကျပ် ၄ သိန်း ၇ သောင်းဝန်းကျင်သာ ရှိခဲ့သဖြင့် လက်ရှိ ပေါက်ဈေးမှာ ယမန်နှစ်ထက် ကာလတူ ပေါက်ဈေးထက် အနည်းဆုံး ကျပ် ၁ သိန်း ပိုမိုဈေးမြင့်နေခြင်း ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်း စားနပ်ရိက္ခာ ဖူလုံမှုထက် ပိုလျှံသော ဆန်များကို ပြည်ပသို့ ပမာဏ အကန့်အသတ်ဖြင့် လစဉ်တင်ပို့နေပြီး လက်ရှိ ကမ္ဘာ့ဆန်ဈေးကွက်တွင် ဆန်ဝယ်လိုအားများနေသည့်အတွက် ဆန်ဈေးကောင်းနေကြောင်း၊ ယင်းအကျိုးဆက်အရ စပါးဈေးများ မြင့်တက်လာခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က ပြောသည်။
မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် အတွင်းရေးမှူး ဦးလူမော်မြင့်မောင်က “ကမ္ဘာမှာလည်း COVID – 19 ဖြစ်နေတော့ စား နပ်ရိက္ခာအတွက် အရေးကြီးတဲ့အတွက် အော်ဒါတွေ များတယ်၊ ကမ္ဘာ့ဝယ်လိုအားများတော့ ဆန်ဈေးကောင်း လာတယ်။ ဆန်ဈေးကောင်းလို့ စပါးဈေးလည်း ကောင်းလာတာ ဖြစ်ပါတယ်။ စပါးဈေး ကောင်းတော့ တောင်သူလယ်သမားတွေ ပိုပြီး အကျိုးဖြစ်ထွန်းတာ ဝမ်းသာပါတယ်” ဟု ပြောသည်။
လက်ရှိတွင် ပြည်ပသို့ ဆန်တင်ပို့မှုများ ရှိနေသလို ပြည်တွင်း၌လည်း ပြည်ထောင်စု အစိုးရက နိုင်ငံတော် သမ္မတ၏ အရေး ပေါ် ရန်ပုံငွေ ၃၈ ဘီလီယံကျပ် အသုံးပြု၍ အရန်ဆန် (ဧည့်မထဆန် ၂၅ မှတ်) တန်ချိန် ၅၀၀၀၀ နှင့် စားအုန်းဆီ စားအုံး ဆီ တန်ချိန် ၁၂,၀၀၀ ကို ဧပြီလကုန်ပိုင်းမှ စတင်၍ ဝယ်ယူ သိုလှောင်နေကြောင်း သိရသည်။
ထိုသို့ အရန်ဆန် ဝယ်ယူရာတွင် ပြည်ပသို့ ပို့ကုန်လိုင်စင် လျှောက်ထားသည့် ဆန်လုပ်ငန်းရှင်များမှ ပြည်ပသို့ တင်ပို့ ရောင်းချမည့် ဆန်တန်ချိန် ပမာဏ၏ ၁၀ ရာခိုင်နှုန်းအား နိုင်ငံတော် အစိုးရထံ ပြန်လည်ပေးသွင်း ရောင်းချစေသည့် နည်းဖြင့် ဝယ်ယူနေခြင်း ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ယခုနှစ် နွေစပါးရာသီတွင် ဆန်ဝယ်လိုအားမှာ ပြည်တွင်းရော ပြည်ပကပါ မြင့်တက်နေသည့်အတွက် စပါးဈေးနှုန်းများလည်း မြင့်တက်ခဲ့ခြင်း ဖြစ်သည်။
ကန်ကြီးထောင့် မြို့နယ် သရက်ကွင်း ရေကျော်ကြီးကျေးရွာမှ လယ်သမား ဦးညိုအေးက“မနှစ်က နွေစပါးနဲ့ မိုးစပါးမှာ စပါးဈေးက ၅ သိန်းအောက်ဆိုတော့ ကျနော်အပါအဝင် လယ်သမားတွေ တော်တော် များများ ရှုံးကြတယ်။ အခုနှစ် စပါး ဈေးနှုန်းက ကျနော်တို့လယ်သမားတွေ အတွက် အရမ်း အဆင်ပြေတယ်။ ဒီနွစပါးမှ စပါးဈေးမကောင်းရင်လည်း လယ်သမားတွေ အကုန် မွဲပြီ။ ဒီလို စပါးဈေး ကောင်းအောင် နိုင်ငံတော် အစိုးရအနေနဲ့ အစဉ်တစိုက် ဆောင်ရွက်ပေးစေ ချင်တယ်” ဟု ပြောသည်။
ဧရာဝတီတိုင်း ဒေသကြီးတွင် လူဦးရေ ၆ ဒသမ ၃ သန်းကျော် ရှိသည့်အနက် ၇၀ ရာခိုင်နှုန်း ဝန်းကျင်ဖြစ်သည့် လူဦးရေ ၄ သန်းကျော်မှာ လယ်ယာ လုပ်ငန်းကို အဓိက အားထားလုပ်ကိုင်သည့် လယ်သမား မိသားစုများ ဖြစ်သည်။
တိုင်းဒေသကြီး အတွင်းရှိ ခရိုင် ၆ ခု၌ မိုးစပါး စိုက်ဧကပေါင်း ၃ ဒသမ ၇ သန်းကျော် ရှိပြီး နွေစပါး စိုက်ဧက ၁ ဒသမ ၄ သန်းခန့် ရှိကြောင်း ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး စာရင်းများအရ သိရသည်။
ဆက်စပ်ဖတ်ရှုရန်
COVID-19 ကြောင့် ကုန်သွယ်မှု ထိခိုက်သွားတယ်
မြန်မာ့စားနပ်ရိက္ခာ၊ စိုက်/မွေး စနစ် ဖွံ့ဖြိုးရေး ကမ္ဘာ့ဘဏ် သန်း၂၀၀ ထိတိုးမြှင့်ချေးရန် စီစဉ်