ကယားပြည်နယ်အတွင်း COVID-19 ကြိုတင်ကာကွယ်ရေးအတွက် ပြည်နယ်ပြင်ပ ဝင်/ထွက် သွားလာမည့်သူများ အနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ ခရီးသွားထောက်ခံချက်ဖြင့်သာ သွားလာရ မည်ဖြစ်ကြောင်း ကယားပြည်နယ်အစိုးရအဖွဲ့က မေလ ၁၀ ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။
ရောဂါပိုးရှိသူများနှင့် ထိတွေ့ခဲ့သူများအား အချိန်နှင့်တပြေးညီ ဆက်စပ်ဖော်ထုတ်နိုင်ရေးအတွက် ကယားပြည်နယ်၏ မြို့နယ် အဝင်/အထွက်ဂိတ်များတွင် ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ခရီးသွားထောက်ခံချက်များ ပါရှိခြင်း ရှိ၊ မရှိ တို့အား စစ်ဆေးဆောင်ရွက်နေသဖြင့် ခရီးသွားထောက်ခံချက်များ တပါတည်း ယူဆောင်လာရမည်ဟုလည်း အသိပေး ဖော်ပြထားသည်။
အဆိုပါ ခရီးသွားထောက်ခံချက်သည် ကယားပြည်နယ်အတွင်းရှိ မြို့နယ်ချင်း ကူးလူးသွားလာမည့်သူများအတွက် မလိုအပ်ကြောင်း၊ ယင်းထောက်ခံချက် ယူရာတွင် အခကြေးငွေ ပေးစရာမလိုကြောင်း၊ သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေး ပိုင်းမှလည်း လွယ်ကူစွာ ဆောင်ရွက်ပေးနိုင်ရန် ပြည်နယ်အစိုးရအဖွဲ့က ညွှန်ကြားထားပြီးဖြစ်ကြောင်း ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးက ဧရာဝတီကို ပြောသည်။
၎င်းက “ကျနော်တို့ ကယားပြည်နယ်ကို ဝင်တဲ့သူမှန်သမျှ ခရီးသွားထောက်ခံချက်နဲ့ ဝင်ရမယ်။ ပြည်နယ်ပြင်ပ သွားမယ့်သူက လည်း တညအိပ်သွားမယ်ဆို တညအိပ်။ ပြန်လာရင်လည်း ဒီလိုပဲ။ ဆရာဝန်ရဲ့ စစ်ဆေးချက်လည်း ယူသွားရတယ်။ ပြည်နယ်တွင်းက မလိုဘူး။ ပြည်နယ်ပြင်ပ အားလုံး လိုအပ်တယ်” ဟု ရှင်းပြသည်။
ကယားပြည်နယ်အစိုးရအဖွဲ့၏ တရားဝင် လူမှုကွန်ရက်စာမျက်နှာ၌ ဖော်ပြထားသည့် ထောက်ခံချက်ပုံစံတွင် မိမိနေ ထိုင်ရာဒေသမှ မည်သည့်ဒေသသို့ မည်သည့်ကိစ္စဖြင့် မည်သည့်နေ့ရက်တွင် သွားရောက်သည်မှာ မှန်ကန်ပြီး ပြည်ပ နိုင်ငံများနှင့် ပြည်တွင်းခရီးဝေးမှ ပြန်လာသူ မဟုတ်ကြောင်း၊ မည်သည့်နေ့ရက်တွင် လာရောက်သတင်းပို့၍ မည်သည့် ရက်တွင် ပြန်လည်ထွက်ခွာသွားသည်မှာ မှန်ကန်ကြောင်း ဟူ၍ ပါရှိသည်။
လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာအုပ်စု၊ ပီကင်း ကောခူကျေးရွာ ဒေသခံ ကိုမျိုးလှိုင်ဝင်း(ခ)ခွန်ပါစကွားလယ်က “အခု ခရီးသွားထောက်ခံချက် ယူရမယ့် ဒေသန္တရအမိန့်နဲ့ ပတ်သက်ပြီး တကယ့် အောက်ခြေအဆင့်မှာ ဘာမှ မသိ ရသေးဘူး။ လိုက်လံဆော်သြတာတွေလည်း မတွေ့ရသေးဘူး” ဟု ပြောသည်။
ပြည်နယ်အစိုးရအနေဖြင့် COVID-19 ဆိုင်ရာ၊ အသိပညာပေးခြင်း၊ ပိတ်ပင်တားမြစ်သည့် ဒေသန္တရအမိန့် ထုတ်ပြန် ခြင်းတို့ ပြုလုပ်မည်ဆိုပါက အောက်ခြေထိ လိုက်လံဆော်သြရန် လိုအပ်ကြောင်း၊ လူတိုင်း ဖေ့စ်ဘုတ်မသုံးသလို အ သုံးပြုသူတိုင်းလည်း သတင်းအရင်းအမြစ် ရယူမှု အားနည်းချက်များရှိရာ အစိုးရ၏ ဖေ့စ်ဘုတ်ပေ့ချ်တွင် တင်ရုံမျှနဲ့ မလုံလောက်ကြောင်း ၎င်းက ထောက်ပြသည်။
“အစိုးရအနေနဲ့ အောက်ခြေအဆင့်ထိ လော်စပီကာနဲ့ လိုက်ဆော်သြဖို့ လိုအပ်တယ်။ ကယန်းရွာတွေမှာ ကယန်းဘာ သာစကားနဲ့ လိုက်အော်ပေး။ ကယောရွာတွေမှာ ကယောဘာသာစကားနဲ့ လိုက်အော်ပေး။ လော်စပီကာနဲ့ လိုက်အော် ပေးတာ အထိရောက်ဆုံးပဲ” ဟုလည်း ၎င်းဆိုသည်။
COVID-19 နှင့် ပတ်သက်၍ အစိုးရဆောင်ရွက်မှုများသည် မြို့ပေါ်များတွင်သာ လိုက်လံ ဆော်သြနိုင်ပြီး ရပ်ရွာများထိ အသိပညာ မပေးနိုင်ကြောင်း၊ အရပ်ဖက် အဖွဲ့အစည်းများဘက်က ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိသော်လည်း အစိုးရဘက်မှ ဖိတ်ခေါ်မှု၊ လက်ကမ်းကြိုဆိုမှု၊ ပူးပေါင်းဆောင်ရွက်မှု အားနည်းသည်ဟုလည်း ခွန်ပါစကွားလွယ်က မှတ်ချက်ပြုသည်။
COVID-19 ကူးစက်ခံရမှုများသည့် ပြည်နယ်/တိုင်းဒေသကြီးတို့မှ ပြန်လာသည့် နေရပ်ပြန် ဌာနဆိုင်ရာဝန်ထမ်းများ အပါအဝင် ကုမ္ဗဏီဝန်ထမ်း၊ အလုပ်သမားများသည် လုပ်ငန်းခွင်ဝင်ရောက်ခြင်း မပြုမီ Community Based Facility Quarantine ၂၁ ရက် ဝင်ရမည်ဖြစ်ကြောင်းလည်း ပြည်နယ်အစိုးရက ဧပြီ ၁၉ ရက်ကတည်းက ထုတ်ပြန်ထားသည်။
“တညအိပ်ခရီး လာမယ်။ ပြီး ပြန်သွားမယ်ဆိုရင်တော့ Quarantine ဝင်စရာ မလိုပါဘူး။ သက်ဆိုင်ရာ ဆရာဝန် ထောက်ခံချက်လည်း ပါပြီးသား ဆိုတော့လေ။ အိမ်မှာနေပြီးမှ ကယားပြည်နယ်ကို အလုပ်ကိစ္စနဲ့ လာမယ်ဆိုရင်တော့ Quarantine ဝင်စရာ မလိုပါဘူး” ဟု ဦးအောင်နိုင်ဦးက ရှင်းပြသည်။
ခရီးသွားထောက်ခံချက် ယူခြင်းသည် ကိုယ့်အတွက်သာမက အများအတွက်လည်း အကျိုးရှိသဖြင့် လုပ်သင့်လုပ် ထိုက်သည်ဟု ယူဆကြောင်း၊ ပင်ပန်းသည့်အရာ မဟုတ်သည့်အတွက် ပြည်သူများအနေဖြင့်လည်း လိုက်နာစေချင် သည်ဟု ၎င်းက ဆိုသည်။
ကယားပြည်နယ် အစိုးရအနေဖြင့် ကုန်စည်သယ်ယူပို့ဆောင်မှု ပြတ်တောက်မှု မရှိစေရေးနှင့် ကုန်စည်ပို့ဆောင်မည့် ယာဉ်များအား မောင်းနှင်သည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ကျန်းမာရေးစစ်ဆေးမှုများ စနစ်တကျ ပြု လုပ်နိုင်ရေးအတွက်လည်း ကယားပြည်နယ် ကုန်စည်သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုအဖွဲ့ကိုလည်း မေလ ၉ ရက် တွင် ဖွဲ့စည်းခဲ့သည်။
ကယားပြည်နယ်တွင် မေလ ၁၁ ရက် နံနက် ၇ နာရီခွဲ အချိန်ထိ COVID-19 ရောဂါပိုး အတည်ပြု ဓာတ်ခွဲလူနာ မရှိသေးဘဲ သံသယလူနာအဖြစ် ဆေးရုံ၌ စောင့်ကြပ်ကြည့်ရှုနေသူ ၁ ဦးနှင့် ဆေးစစ်ချက်အဖြေ စောင့်နေသူ ၁ ဦး ရှိ ကြောင်း ကယားပြည်နယ် အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတွင် မေလ ၁၀ ရက် ည ၈ နာရီ အချိန်ထိ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ ၁၈၀ ဦး၊ ရောဂါပိုး ကင်းစင် လာသူ ၇၂ ဦးအနက် ဆေးရုံမှ ဆင်းခွင့်ရသူ ၅၅ ဦး၊ သေဆုံးသူ ၆ ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
You may also like these stories:
Covid-19 စီးပွားရေးမှာ တရုတ် ရင်းနှီးမြှုပ်နှံမှုတွေ ဘယ်လိုပါဝင်နိုင်သလဲ
တရုတ် ရာဇဝတ်ဂိုဏ်းများကိစ္စ အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု စီမံကိန်း တာဝန်ရှိသူပြော
ကျောက်တော်တွင် ပေါက်ကွဲမှုဖြစ် ကျောင်းဆရာ ၁ ဦးနှင့် ကလေးငယ် ၁ ဦး ဒဏ်ရာရ