သတင်း

လွှတ်တော်ကိုယ်စားလှယ်များတွင် COVID-19 ရောဂါပိုး ရှိ၊မရှိ မေ ၁၄ တွင် စတင်စစ်ဆေးမည်

Want create site? Find Free WordPress Themes and plugins.

COVID-19 ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း နေပြည်တော် လွှတ်တော်အစည်းအဝေးများသို့ တက်ရောက်လာမည့် လွှတ်တော်ကိုယ်စားလှယ်များကို ယခု မေလ ၁၄ရက်နှင့် ၁၅ ရက်နေ့များတွင် COVID -19 ရောဂါ ပိုး ရှိ၊ မရှိ စစ်ဆေးတော့မည် ဖြစ်ကြောင်း သတင်း ရရှိသည်။

ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော် အစည်းအဝေးများကို လာမည့် မေလ ၁၈ ရက် နေ့တွင် ကျင်းပတော့မည်ဖြစ်ရာ လွှတ်တော် ကိုယ်စားလှယ်များကို အစည်းအဝေး မကျင်းပခင် ၁၀ ရက်ခန့် အလို က တည်းက နေပြည်တော်သို့ လာရောက်ရန် ညွှန်ကြားထားပြီး ယခုကဲ့သို့ ကျန်းမာရေး စစ်ဆေးပေးရန် ပြင်ဆင်နေ ခြင်း ဖြစ်သည်။

နေပြည်တော်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုင်းဦးစီးဌာနမှူး ဒေါက်တာမြတ်ဝဏ္ဏစိုးက“ကိုယ်စားလှယ်တွေကို ၂ ရက်နဲ့ အပြီးလုပ်မှာပါ။ သူတို့ ရက်အလိုက် သတ်မှတ်တဲ့ နေရာတွေမှာ နှာခေါင်းတို့ဖတ် အာခေါင်တို့ဖတ် ယူပြီးတော့ ရန်ကုန်ပို့ပြီး စစ်မယ်။ ပြီးရင် အဖြေထွက်မယ်၊ အဲဒီအတိုင်းပဲ သွားပါမယ်”ဟု ပြောသည်။

နေပြည်တော် စည်ပင်ဧည့်ရိပ်သာ ၂ တွင် လွှတ်တော်ကိုယ်စားလှယ်များကို နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ် ရယူရန် အ ခန်း ၈ ခန်း စီစဉ်ထားပြီး၊ အခန်း ၁ ခန်းစီတွင် မိနစ်သုံးဆယ်လျှင် ၅ ဦးနှုန်းဖြင့် တို့ဖတ်နမူနာ ရယူမှုများကို ကျန်းမာရေး ဝန်ထမ်းများက ပြုလုပ်သွားမည်ဖြစ်ကြောင်း ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုးက ပြောသည်။

ပြည်ထောင်စု လွှတ်တော် ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးကလည်း“ကြိုတင်စီစဉ်ထားပြီးသား၊ အခုကြိုတင်ခေါ်တယ်။ ခေါ်ပြီးရင် စစ်ဆေးမယ်။ စစ်ဆေးပြီးရင် အစည်းအဝေးမစခင်မှာ ကိုယ်စားလှယ်တွေအတွက် အဖြေတွေ သိရမယ်” ဟု ပြောသည်။

လွှတ်တော်ကိုယ်စားလှယ်များအပြင် နေပြည်တော်သို့ အတူရောက်ရှိနေသာ ကိုယ်စားလှယ်များ၏ မိသားစုဝင်များ၊ ၎င်း တို့နှင့် ထိတွေ့ နိုင်သည့် စည်ပင်ဧည့်ရိပ်သာဝန်ထမ်းများ၊ သယ်ယူပို့ဆောင်ရေးအဖွဲ့များ၊ လွှတ်တော်ဝန်ထမ်းများ၊ လွှတ်တော်တွင်း ကျန်းမာရေး စောင့်ရှောက်မှု ပေးမည့်သူများ၊ အခြားဆက်စပ်ဝန်ထမ်းများ စသဖြင့် ထိတွေ့နိုင်သူ အားလုံးကို လာမည့် မေလ ၁၃ ရက်နေ့တွင် တို့ဖတ်နမူနာယူ စစ်ဆေးမှုများကို ပြုလုပ်သွားမည် ဖြစ်သည်။

လွှတ်တော်တွင် သတင်းလာရောက်ရယူမည့် သတင်းမီဒီယာသမားများကို COVID -19 ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးပေးရန် မရှိကြောင်း၊ သို့သော် ထုတ်ပြန်ထားသော စည်းကမ်းချက်များကို အတိအကျ လိုက်နာရန် လိုအပ်ကြောင်း ပြည်ထောင်စု လွှတ်တော်၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးက ပြောသည်။

လွတ်တော်ကိုယ်စားလှယ်များကို မေလ ၉ ရက်နေ့ကတည်းက နေပြည်တော်အရောက် ခေါ်ယူခဲ့သော်လည်း ၎င်းတို့ နေ ထိုင်သည့် စည်ပင်ဧည့်ရိပ်သာဝန်းတွင် အသွားအလာ ကန့်သတ်ခြင်းများ မရှိဘဲ ကိုယ်စားလှယ်များနှင့် အပြင်လူများ ပှံမှန် အတိုင်း ဝင်ထွက်သွားလာနေပြီး အပူချိန်တိုင်းတာ စစ်ဆေးမှုမျိုးလည်း မရှိကြောင်း မင်္ဂလာဒုံမြို့နယ် ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ပြောသည်။

“ပထမ ကျနော်တို့ နားလည်ထားတာက စားရေးသောက်ရေးတွေပါ စီစဉ်ပေးပြီးတော့ တပတ် စောင့်ကြည့်မယ် ထင်ထား တာ။ အခု ပုံမှန် လှုပ်ရှားသွားလာ နေကြတယ်။ ဒီကိုလာပြီးတော့ ဘာမှ မဟုတ်သလို ဖြစ်နေတယ်။ ကျနော်တို့မှာ ဘာမှကို တိတိကျကျ မရှိကြဘူး။ မလိုအပ်ဘဲ ကြိုခေါ်သလို ဖြစ်နေတာပေါ့”ဟု ၎င်းက ပြောသည်။

ရှမ်းပြည်နယ် မိုင်းရှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းအေးကလည်း“ကျန်မားရေးဌာနကတော့ ဘာမှ လာမပြောသေးဘူး။ လွှတ်တော်ကိုယ်စားလှယ်တွေကိုတော့ ရောဂါပိုးရှိ၊ မရှိ စစ်ဆေးပေးမယ်လို့တော့ သိရတယ်။ လွှတ်တော်ဘက်ကတော့ ဒီနေ့တော့ ဥပဒေကြမ်းကော်မတီအစည်းအဝေး သွားတက်တယ်။ နေရာထိုင်ခင်းကတော့ ခပ်ခွာခွာလေး သူတို့ပြင်ဆင်ထားတာတော့ တွေ့တယ်”ဟု ပြောသည်။

ယခု ပြန်လည်ခေါ်ယူတော့မည့် လွှတ်တော်အစည်းအဝေးတွင် ၂၀၁၉ -၂၀ ဘဏ္ဍာနှစ် အတွက် ပြည်ထောင်စု၏ နောက် ထပ် ဘဏ္ဏာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းအပါအဝင် COVID-19 ကပ်ရောဂါတိုက်ဖျက်ရေး ကမ္ဘာ့ဘဏ်၏ ချေးငွေများကို အတည်ပြုခြင်း စသည့် မဖြစ်မနေဆောင်ရွက်ရမည့် ကိစ္စရပ်များ ရှိနေကြောင်း သိရသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်း တင်သွင်းထားသည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ နှင့် အထောက်အကူပြု အဖွဲ့များ စုစုပေါင်း ၂၁၉ ဦးကို နေပြည်တော် ကုတင် ၁၀၀၀ တပ်မတော်ဆေးရုံကြီးတွင် COVID -19 ရောဂါပိုးရှိ၊ မရှိ စစ်ဆေးခဲ့ရာ ပိုးမတွေ့ (Negative) အဖြေထွက်ခဲ့ကြောင်း တပ်မတော်က မေလ ၈ ရက်နေ့က သတင်း ထုတ်ပြန်ပြီး ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်တွင် NLD ကိုယ်စားလှယ် ၅၉ ရာခိုင်နှုန်း၊ တိုင်းရင်းသားပါတီအသီးသီးမှ ကိုယ်စားလှယ် ၁၁ ရာ ခိုင်နှုန်း၊ ကြံ့ခိုင်ရေးပါတီမှ ကိုယ်စားလှယ် ၅ ရာခိုင်နှုန်းနှင့် တပ်မတော်မှ ၂၅ ရာခိုင်နှုန်း အသီးသီးပါဝင်ပြီး စုစုပေါင်း တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်ဦးရေ ၆၅၄ ဦး ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် မေလ ၁၁ ရက်နေ့မနက်ပိုင်းထိ COVID-19 အတည်ပြုလူနာ ၁၈၀ ဦး၊ သေဆုံး ၆ ဦးနှင့် ပြန်လည်သက်သာလာသူ ၇၂ ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

You may also like these stories:

ရာသီတုပ်ကွေး လာရင် တော်တော် ရှုပ်ထွေး ခက်ခဲမယ်

တိုက်ပိတ်ခံ တန်ဖိုးကို COVID-19 ကာလအတွင်း ပြန်ပြောင်းသတိရခြင်း

COVID-19 စီးပွားရေး စီမံမည့် မြန်မာကို BRI စီမံကိန်းများအတွက် တရုတ်က တွန်းလာနေ

Did you find apk for android? You can find new Free Android Games and apps.
Loading