ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ပေါ်တွင် နေထိုင်သူ နိုင်ငံရေးပါတီဝင် ၁ ဦးနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းမှ မြို့ခံ ၃ ဦး ကို ရဲတပ်ဖွဲ့က အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (က) ဖြင့် အမှုဖွင့်ကာ ဖမ်းဆီး စစ်ဆေးခံနေရကြောင်း သတင်း ရရှိသည်။
အဆိုပါ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်ခံထားရသူများမှာ တောင်ကုတ်မြို့နယ် ရခိုင်အမျိုးသားပါတီ (ANP) မှ မြို့နယ် အလုပ်အမှုဆောင် ကော်မတီဝင် ဦးဝေသောင်း၊ မြို့နယ်စည်ပင်ယာရေးကော်မတီ ဥက္ကဋ္ဌ ဦးဇေယျကျော်နှင့် စည်ပင်ကော်မတီ ဥက္ကဋ္ဌ (ဟောင်း) ဦးစန်းငွေတို့ ဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။
ဖမ်းဆီးခံ ဦးဇေယျကျော်၏ ဇနီး ဒေါ်ဟန်စုလှိုင် က “ဒီနေ့ တရားရုံးမှာ ရုံးထုတ်ပြီး ကျမ အမျိုးသားနဲ့ အဖမ်းခံထားရတဲ့ လူတွေကို ရမန်ယူပါတယ်။ အကြမ်းဖက်ဥပဒေနဲ့ အမှုဖွင့်ခံထားရတယ်လို့တော့ ကျမအမျိုးသားက ပြောသွားတယ်။ ဘာကြောင့် ဖမ်းတယ်ဆိုတာလည်း ကျမတို့လည်း တိတိကျကျ မသိဘူး။ အခုလို ဖြစ်တဲ့အပေါ် အရမ်းလည်း စိတ်မကောင်း ဖြစ်နေရတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ဖမ်းဆီးခံ တောင်ကုတ်မြို့ခံ ၃ ဦးကို မြို့နယ် ရဲတပ်ဖွဲ့ကနေ ယနေ့ တောင်ကုတ်မြို့နယ် တရားရုံးတွင် ရုံးထုတ်ပြီး မေလ ၂၃ ရက်နေ့အထိ ရမန်ကြီး ၂ ပတ်ယူခဲ့ကြောင်းလည်း သိရသည်။
တောင်ကုတ်မြို့နယ် ANP ပါတီမှ ဒုဥက္ကဋ္ဌ ဦးဖေကြွယ် က “ကျနော်တို့ပါ တီက ဦးဝေသောင်း အဖမ်းခံရတယ် ဆိုတာ တော့ ဟုတ်ပါတယ်။ သူတို့ကို အကြမ်းဖက်မှု ဥပဒေနဲ့ အမှုဖွင့်ပြီးတော့ ဒီနေ့ ချုပ်ရမန်ယူသွား တာရှိတယ်။ အခုအချိန် အခြေအနေက တအားရှုပ်ထွေးနေတော့ ဒီဖြစ်စဉ်အပေါ်မှာ ကျနော်တို့လည်း ဘယ်လို ပြောရမှန်းတောင် မသိတော့ ပါဘူး။ ဘာ့ကြောင့် ဖမ်းတယ်ဆိုတာလည်း ကျနော်တို့အနေနဲ့ သေချာ မသိရသေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။
တောင်ကုတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းနိုင်ကတော့ အဆိုပါ မြို့ခံ ၃ ဦး ကို အကြမ်း ဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့် ကာ စစ်ဆေး နေသည် မှာ မှန်ကန်ကြောင်း အတည်ပြုသည်။
ရဲမှူး သိန်းနိုင် က “ကျနော်တို့က ရမန်ယူပြီးတော့ စုံစမ်း စစ်ဆေးနေတဲ့ ကာလမို့ အသေးစိတ်အချက်အလက်ကိုတော့ ပြောလို့ မရဘူး။ သတင်း တချို့ ရရှိထားတဲ့ အတွက် အဲဒီအပေါ်မှာ အခြေခံပြီးတော့ ကျနော်တို့က စုံစမ်း စစ်ဆေးမှုတွေ လုပ်နေခြင်းသာဖြစ်ပါတယ်။ အဲဒီလောက်ပဲ လောလောဆယ် ပြောလို့ ရမယ်” ဟု ဧရာဝတီသို့ ပြောသည်။
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အဆိုပါ ဖမ်းဆီးစစ်ဆေးခံနေရသူများတွင် ဦးဇေယျကျော်မှာ မေလ ၉ ရက်နေ့က လည်းကောင်း၊ မေလ ၁၀ ရက်နေ့တွင် ဦးစန်းငွေ အားလည်းကောင်း၊ ယနေ့ မေလ ၁၁ ရက်နေ့ တွင် ဦးဝေသောင်းအား လည်းကောင်း စုံစမ်း မေးမြန်းစရာများ ရှိသည် ဟုဆိုကာ ရဲတပ်ဖွဲ့က နေအိမ်သို့ လာရောက် ခေါ်ယူ သွားခြင်း ဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။
လက်ရှိအချိန်တွင် တောင်ကုတ်မြို့နယ်အတွင်း နိုင်ငံရေး ပါတီများ အကြားတွင် ရှုပ်ထွေးမှုများ ဖြစ်ပေါ်နေသည့် အတွက် မြို့လုံခြုံရေးကို တင်းကြပ်ထားကြောင်းလည်း ဒေသခံများထံမှ သိရသည်။
You may also like these stories:
နေအိမ်တွင်း လူစုလူဝေးဖြင့် ဝတ်ပြုခဲ့သူ ၁၂ ဦးအား ထောင်ဒဏ် ၃ လ ချမှတ်
တရားရုံးက လွှတ်ပေးသည့် တောင်ကုတ် ဒေသခံ ၅ ဦး ဗုံးခွဲမှုဖြင့် ပြန်အဖမ်းခံရ
မန္တလေးတွင် ဖောက်ခွဲရေးပစ္စည်းများဖြင့် ဖမ်းမိသူ ၆ ဦးအား ယခုလအတွင်း အမိန့်ချမည်