အစိုးရ၏ Covid-19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညှိနှိုင်း ပူးပေါင်းရေး ကော်တီနှင့် ကရင်အမျိုးသား အစည်းအရုံး KNU တို့သည် မေလ ၁၁ ရက်တွင် ကရင်ပြည်နယ်ဖာပွန်ခရိုင်နှင့် သထုံခရိုင်ရှိ စစ်ရေးတင်းမာ မှုကိစ္စများ ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
ဆွေးနွေးပွဲကို ညှိနှိုင်းပူးပေါင်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း က အစိုးရကိုယ်စားလှယ်ဘက်မှ ဦးဆောင်ပြီး KNU ဘက်မှ KNU အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမှူးက ဦးဆောင်ကာ အွန်လိုင်းရုပ်သံ (Online Video Conferencing) ပုံစံဖြင့် ဆွေးနွေးကြခြင်းဖြစ်သည်။
ပြီးခဲ့သည့် မေလ ၆ ရက်က ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် ၊ ဒွဲလုံမြို့နယ်တွင် တပ်မတော်နှင့် KNU တပ်မဟာ (၅) တို့ အကြား အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ဧပြီလ ၃၀ ရက်ကလည်း မွန်ပြည်နယ်၊ သထုံခရိုင်ရှိ KNU တပ်မဟာ (၁) စစ်ဆေးေ ရးဂိတ်ကို ဖယ်ရှားပေးရန် တပ်မတော်ဘက်က လာရောက်တားမြစ်ရာမှ စစ်ရေးတင်းမာမှု ဖြစ်ပွားခဲ့သည်။
ဖြစ်ပွားခဲ့သော စစ်ရေးတင်းမာမှုများသည် တဖက်နှင့် တဖက် နားလည်မှုလွဲ၍ ဖြစ်ပွားခဲ့ခြင်း ဖြစ်သဖြင့် ဆွေးနွေးပွဲတွင် နှစ်ဖက်စလုံးက တင်းမာမှုများ လျှော့ချရန် အခြေခံမူထား ကာ ဆွေးနွေးခဲ့ကြကြောင်း KNU အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမှူးက ဧရာဝတီသို့ ပြောကြားသည်။
ပဒိုစောတာဒိုမှူ းက “အထူးသဖြင့် နားလည်မှုလွဲမှားနိုင်လောက်တဲ့ နေရာတွေမှာရှိတဲ့ ကျန်းမာရေးစစ်ဆေးတဲ့ စခန်းတွေကို နှစ်ဖက်ကြားမှာ ကြိုတင်အသိပေးပြီး ဘယ်လိုပုံစံမျိုးနဲ့ ညှိနှိုင်းမလဲဆိုတဲ့ မူတခုချမှတ်ပြီး ကော်မတီနဲ့ ညှိနှိုင်းသွားဖို့ပါ။ ကျနော်တို့ ဘက်က ကိုဗစ်စစ်ဆေးရေး စခန်းတွေရဲ့ စာရင်းကိုပေးမယ်။ အဲဒီပေါ်မှာညှိနှိုင်းသွားဖို့ပါ” ဟု ပြောဆိုသည်။
အစိုးရ၏ COVID-19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ EAO များနှင့် ညှိနှိုင်းပူးပေါင်းရေး ကော်မတီ ဒုတိယ ဥက္ကဋ္ဌ အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး ကလည်း KNU နှင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီတို့၏ ဆွေးနွေးပွဲသည် အပြုသဘော ဆောင်ပြီး တိုးတက်မှုရှိကြောင်း ပြောဆိုသည်။
KNU အနေနှင့် COVID-19 ကာကွယ်ရေးဆိုင်ရာ စစ်ဆေးရေးဂိတ်များ ဆောင်ရွက်မည်ဆိုပါက မည်သည့်နေရာများတွင် မည်သည့်ပုံစံဖြင့် မည်ကဲ့သို့ ဆောင်ရွက်မည်ကို ကော်မတီထံ တင်ပြပြီး ညှိနှိုင်းဆောင်ရွက်ရန် KNU ဘက်သို့ တောင်းဆိုထားကြောင်း ၎င်းက ဆိုသည်။
အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး က “တယောက်နဲ့ တယောက်နားလည်မှုမလွဲအောင်ပေါ့။ နေရာတိုင်းလည်း လုပ်စရာမလိုဘူးလေ။ အရင်တုန်းက ပိုနေမြဲ ကြားနေမြဲနေနေတဲ့ အတိုင်းပါပဲ။ အခုကတော့ မြို့ပေါ်၊ မြို့နား သိပ်နီးလာတဲ့အခါကျတော့ တဖက်ကလည်း စိုးရိမ်မှုတွေ ရှိလာတာပေါ့” ဟု ရှင်းပြသည်။
တိုင်းရင်းသားအရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကမူ KNU အနေနှင့် ဗိုင်းရပ်စ်ကာကွယ်ရေး အတွက် ဖွင့်မည့် စစ်ဆေးရေးဂိတ်များ စာရင်းကို အစိုးရ၏ ညှိနှိုင်းပူးပေါင်းရေးကော်မတီ ထံတင်ပြဆောင်ရွက်မည်ဆိုပါက လတ်တလောတွင် နှစ်ဖက်ပဋိပက္ခများ နည်းသွားနိုင်ကြောင်းသုံးသပ်သည်။
သို့သော် တဖက်က စဉ်းစားကြည့်ပါက စစ်ဆေးရေးဂိတ်များ ဖွင့်ရန် အစိုးရ၏ ကော်မတီနှင့် ညှိနှိုင်းရမည်ဆိုသည့် အချက်သည် အစိုးရက ခွင့်ပြုမှသာ စစ်ဆေးရေးဂိတ်များကို KNU ဘက်က ဖွင့်ခွင့်ရှိသည့် သဘောဖြစ်နေကြောင်း ၎င်းက ထောက်ပြသည်။
ဦးမောင်မောင်စိုးက “အစိုးရသဘောတူလို့ဖွင့်ရင် ပြဿနာမရှိဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ ဖြစ်ပါတယ်” ဟု မှတ်ချက်ပေးသည်။
KNU တပ်မဟာ (၅) နှင့် တပ်မတော်တို့သည် ဖာပွန်ခရိုင်တွင် တပ်မတော်ဘက်က လမ်းဖောက်လုပ်ရန် ကြိုးပမ်းမှုကြောင့် ကိုရိုနာဗိုင်းရပ်စ် အကြပ်အတည်းမဖြစ်ပွားခင် ကာလ ကတည်းကပင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုသို့ဖြစ်ပွားမှုကို ယနေ့အထိ မဖြေရှင်းနိုင်ခြင်းမှာ JMC (ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ) အစည်းအဝေးပြန်မလုပ်နိုင်၍ ဖြစ်ကြောင်း ဦးမောင်မောင်စိုးက ထောက်ပြသည်။
၎င်းက “JMC မခေါ်နိုင်ဘူးဆိုရင် တပ်နေရာချထားရေးတွေနဲ့ ပတ်သက်ရင် ပြဿနာရှိ နေဦးမှာပဲ။ ဒီပြဿနာတွေဖြေရှင်းဖို့ အရင်းခံကိစ္စကို ဖြတ်သန်းဖို့ လိုအပ်မယ်ထင်ပါတယ်” ဟု ဆိုသည်။
KNU အဖွဲ့သည် အစိုးရနှင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် လက်မှတ် ရေးထိုးထားသည့် အဖွဲ့ဖြစ်ပြီး အစိုးရနှင့် လက်တွဲကာ ဗိုင်းရပ်စ်ကာကွယ်ရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းလည်းဖြစ်သည်။
You may also like these stories:
အစိုးရနှင့် အပစ်ရပ်များ COVID-19 ကာကွယ်ရေး အချက် ၇ ချက်သဘောတူ