ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် ဆားပြင်ကျေးရွာသား ၅ ဦးကို မေလ ၁၁ ရက်က အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ဖြင့် မြို့နယ် တရားရုံးတွင် တရားစွဲဆိုလိုက်ကြောင်း သတင်း ရရှိသည်။
အဆိုပါ ဆားပြင်ကျေးရွာသား ၅ ဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ (က)ဖြင့် တပ်မတော်အရာရှိ ၁ ဦးမှ တရားလို လုပ်ကာ တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း ယင်းအမှုအား လိုက်ပါ ဆောင်ရွက် တရားလွှတ်တော် ရှေ့နေ ဦးတင် ညိုက ဆိုသည်။
ဦးတင်ညိုက “ဒီနေ့ ဆားပြင်ကျေးရွာ ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးပြုံးချိုပါ ၅ ဦးကို အကြမ်း ဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ မြို့နယ်တရားရုံးမှာ တရားစွဲတင်ပါတယ်။ ကျနော်တို့ကတော့ ဥပဒေ အတိုင်းပဲ ဒီအမှုကို ဖြေရှင်းသွားပါမယ်” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ဖမ်းဆီးခံထားရသူ ဆားပြင်ကျေးရွာသား ၅ ဦးမှာ ရခိုင်အမျိုးသားပါတီမှ ဆားပြင်ကျေးရွာ ဥက္ကဋ္ဌ ဦးပြုံးချို၊ ဦးသန်း နိုင်၊ ဦးလှဖြူ၊ ဦးအောင်ထူူး၊ ဦးအောင်မြင့် တို့ ဖြစ်သည်။
၎င်းတို့ ၅ ဦးကို ဧပြီလ ၅ ရက်က တပ်မတော်သားများ အပါအဝင်၊ ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးစရာရှိသည်ဟု ခေါ်ယူခဲ့ပြီး နောက် ရက္ခိုင်စစ်တပ် (AA) အဖွဲ့နှင့် ပတ်သက် ဆက်နွယ်မှုရှိသည် ဟုဆိုကာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးချုပ်နှောင်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဆားပြင်ကျေးရွာသား ၅ ဦးကို AA အဖွဲ့နှင့် ဆက်နွယ်သည် ဟုဆိုကာ မေလ ၇ ရက်က ပထမအကြိမ် အကြမ်း ဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ ဖြင့် အမှုစွဲတင်ခဲ့ရာတွင် သက်သေအထောက်အထား မခိုင်လုံသည့်အတွက် ပြန် လွှတ်ပေးခဲ့သော်လည်း ထပ်မံ၍ ဗုံးပေါက်ကွဲမှုဖြင့် ရဲတပ်ဖွဲ့ ချုပ်ရမန် ၄ ရက် ယူခဲ့ပြီး မေ ၁၁ ရက်နေ့တွင် တရားရုံး၌ အမှု စွဲဆိုခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
ဖမ်းဆီးတရားစွဲခံ ဦးပြုံးချို၏ ညီမ ဒေါ်ဆန်းဆန်းတင့်က “ကျမ အစ်ကိုက ကျန်းမားရေးလည်း မကောင်းဘူး။ ရာသီဥတုက လည်း အရမ်းပူတော့ သူတို့အတွက် အရမ်းစိုးရိမ်တယ်။ အပြစ်မရှိလို့ တရားရုံးက ပထမ လွှတ်ပြီးပြီ။ နောက်အမှုတခုနဲ့ အခုလို ထပ်တရားစွဲတယ် ဆိုတော့ ကျမတို့ လုံးဝ စိတ်မကောင်းဘူး” ဟု ဧရာဝတီသို့ ပြောသည်။
တောင်ကုတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းနိုင်က အဆိုပါ ဆားပြင် ရွာသား ၅ ဦးအား ယနေ့ အကြမ်းဖက်မှု တိုက်ဖျက် ရေး ဥပဒေဖြင့် မြို့နယ် တရားရုံးတွင် အမှုစွဲတင်ခဲ့ခြင်းမှာ ဟုတ်မှတ်ကြောင်း အတည်ပြုပြောဆိုသည်။
ဧပြီလ ၆ ရက်က တပ်မတော် သတင်းထုတ်ပြန်ချက်တွင် အမ်းမြို့နယ်အတွင်းမှ AA တပ်ဖွဲ့ဝင် ၄ ဦးကို ဖမ်းဆီးမိရာမှနေ ဆက်စပ်ဖော်ထုတ် စစ်ဆေးမှုအရ တောင်ကုတ်မြို့နယ် ဆားပြားကျေးရွာမှ AA နှင့် ပတ်သက်ဆက်နွယ်သူ ၅ ဦးကို ထပ်မံ ဖမ်းဆီးရမိသည့် အတွက် လုပ်ထုံးလုပ်နည်းနှင့် အညီ ရဲတပ်ဖွဲ့သို့ လွှဲပေးထားကြောင်းလည်း ဖော်ပြထားသည်။
မေလ ၁၁ ရက်တွင် အဆိုပါ တောင်ကုတ်မြို့နယ်အတွင်း ရခိုင်အမျိုးသား ပါတီမှ မြို့နယ်အလုပ် အမှုဆောင် ၁ ဦး၊ မြို့ နယ် စည်ပင်သာယာရေး ကော်မတီဝင်ဦး ၁ ဦးနှင့် မြို့ခံ ၁ ဦး စုစုပေါင်း မြို့ခံ ၃ ဦးတို့မှာလည်း အကြမ်းဖက်မှု တိုက်ဖျက် ရေး ဥပဒေဖြင့် အမှုဖွင့်ခံရကာ ရဲစခန်း၌ ထိန်းသိမ်း စစ်ဆေးခံနေရသည်။
လက်ရှိအချိန်တွင် တောင်ကုတ်မြို့နယ် အတွင်း နိုင်ငံရေး ပါတီများကြား၌ ရှုပ်ထွေးမှုများ ဖြစ်ပေါ်နေသည့်အတွက် မြို့ လုံခြုံရေးကို တင်းကြပ်ထားကြောင်းလည်း ဒေသခံများထံက သိရသည်။