သင်္ဘောတစီးပေါ်တွင် တပ်မတော်တပ်ဖွဲ့ဝင်များက အရပ်ဝတ်ဖြင့် ရခိုင်အမျိုးသား ၅ ဦးကို ကြိုးတုပ် ရိုက်နှက်နေသည့် ရုပ်သံမှတ်တမ်းထဲမှ အမျိုးသား ၅ ဦးမှာ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာမှ ဖမ်းဆီးခံရသူများ ဖြစ်သည်ဟု သတင်းရရှိသည်။
အရပ်ဝတ်ဖြင့် ရခိုင်အမျိုးသား ၅ ဦးကို အဝတ်စဖြင့် မျက်နှာများကို စည်းထားပြီး လက်ပြန်ကြိုးတုပ် ရိုက်နှက်နေသည့် ရုပ်သံမှတ်တမ်းသည် မေ ၉ ရက်က စ၍ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ လာခဲ့ပြီး ဖမ်းဆီးခံထားရသူများ၏ မိသားစုဝင်များ ကလည်း ဧရာဝတီကို အတည်ပြုသည်။
ရခိုင်တမျိုးသားလုံးညီညွတ်ရေးကော်မတီ၏ အတွင်းရေးမှူး ဦးစောသိန်းမောင်က “ကျနော့်တူက စွတ်ကျယ် အဖြူလေးနဲ့ပါ။ ဗီဒီယိုဖိုင်ထဲမှာ ကူလီထမ်းတဲ့ သူပါလို့ ပြောနေတာ ကျနော့်တူပါ။ အမှန်တကယ်လည်း သူက ကူလီထမ်းတာပါ။ မြို့နဲ့ နီးတဲ့ အောင်မေတ္တာ ဆန်စက်မှာ သူက အလုပ်သမား လုပ်တာပါ”ဟု ပြောသည်။
တပ်မတော်မှ ဖမ်းဆီးသွားသည့် ကျောက်ဆိပ်ကျေးရွာမှ ရွာသား ၅ဦးမှာ ကျောက်ဆိပ်ကျေးရွာ နှင့် ပုဏ္ဏားကျွန်းမြို့ကြား ပေါက်ကွဲမှု ဖြစ်ရာတွင် မသင်္ကာမှုဖြင့် ရက္ခိုင်စစ်တပ် (AA) ၏ တပ်ဖွဲ့ဝင်များ ဟု ဆိုကာ ဖမ်းဆီးတရားစွဲဆိုခံထားရသူများ ဖြစ်သည်။
ကျောက်ဆိပ်ကျေးရွာတွင် ဧပြီ ၁၉ ရက်က တပ်မတော် တပ်ဖွဲ့ဝင်များ ရွာအတွင်းသို့ ဝင်လာကာ ရွာသား ၃၈ ဦးကို ဖမ်းဆီးခြင်း ဖြစ်ပြီး ဧပြီ ၂၀ ရက်တွင် ဖမ်းထားသူများထဲမှ ၃၃ ဦးကို ပြန်လွှတ် ပေးကာ ၅ဦးကို ဖမ်းဆီးတရားစွဲဆို လိုက်ခြင်း ဖြစ်သည်။
ဦးစောသိန်းမောင်က ၎င်း၏ တူအပါအဝင် ၅ဦးကို တပ်မတော်က ဧပြီ ၁၉ ရက်တွင် ဖမ်းပြီး ဧပြီ ၂၃ ရက်တွင် ပုဏ္ဏားကျွန်းရဲစခန်းကို လွှဲပေးခဲ့သည်ဟု ပြောသည်။
ပုဏ္ဏားကျွန်းရဲစခန်းကို လွှဲပေးပြီးနောက် ဧပြီ ၂၇ ရက်တွင် တပ်မတော်က ပြန်လာခေါ်ပြီး ရေတပ် သင်္ဘောပေါ်တွင် ရိုက်နှက်ခြင်း ဖြစ်သည်ဟု ဦးစောသိန်းမောင်က ပြောသည်။
ဦးစောသိန်းမောင် က “အခု ပြောနေတဲ့ ဗီဒီယိုက ရဲစခန်းက ပြန်ခေါ်ထုတ်သွားတဲ့ ကာလမှာ ဖြစ်တာပါဗျ။ ၂၇ ရက် ထုတ်သွားပြီး ဧပြီ ၃၀ မှာ စစ်တွေ အမှတ် (၁) ရဲစခန်းကို သူတို့က ပြန်လွှဲပေးတယ်။ အခု အမှတ် (၁) ရဲစခန်းကနေ မေ ၇ ရက်မှာ ပုဏ္ဏားကျွန်း ရဲစခန်းကို ပြန်လွှဲပေးလိုက်တဲ့ အတွက် အခု ပုဏ္ဏားကျွန်း ရဲစခန်းမှာ သူတို့ ရောက်နေကြပါပြီ”ဟု ပြောသည်။
ဖမ်းဆီးတရားစွဲဆိုခံထားရသူ ၅ ဦး၏ မိသားစုဝင်များက မေ ၈ ရက်တွင် အချုပ်သို့ လိုက်တွေ့ရာတွင် ၎င်းတို့ ရိုက်နှက်ခံထားရသည့် အဖြစ်အပျက်များကို ပြောပြကြခြင်း ဖြစ်သည်ဟု သိရသည်။
ဖမ်းဆီးခံထားရစဉ်က နေပူထဲတွင် ထားပြီး ရေပူဖြင့် လောင်းကြောင်း၊ ရေမတိုက်၊ ထမင်းမကျွေးဘဲ ဒဏ်ပေးကာ AA တပ်ဖွဲ့ဝင် များ ဖြစ်ကြောင်းကိုလည်း ဝန်ခံခိုင်းသည်ဟုလည်း ပြောပြကြောင်း မိသားစုဝင်များထံမှ သိရသည်။
ဆက်လက်၍ ဦးစောသိန်းမောင်က “ကိုယ့်သားသမီး အပေါ်မှာ မတရား စော်ကားတယ်။ နှိပ်စက်တာကတော့ ဘယ်မိဘမှ သည်းခံနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျနော်တို့က မခံမရပ်နိုင်နဲ့ ခံစားရတာပဲ ရှိတာ ဘာမှ တတ်နိုင်တဲ့ လူတွေမှ မဟုတ်တာ”ဟုလည်း ဆိုသည်။
ဖမ်းဆီးခံထားရစဉ် ညှင်းပန်းနှိပ်စက်ပြီး AAတပ်ဖွဲ့ဝင် ဖြစ်ကြောင်း ဝန်ခံခိုင်းခြင်းနှင့် ပတ်သတ်၍ မိသားစုဝင်များက အစိုးရနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးတို့ကို လတ်တလော တိုင်ကြားရန် မရှိသေးကြောင်းနှင့် ရှေ့နေငှားပြီး တရားရင်ဆိုင်ရန်သာ အစီအစဉ် ရှိသည်ဟု သိရသည် ။
လက်ရှိတွင် အဆိုပါ အမျိုးသား ၅ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ည) ၊ ၅၁ (က) တို့ဖြင့် တရားစွဲဆိုထားသည်ဟု သိရသည်။
လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် ရုပ်သံမှတ်တမ်းဖိုင်မှာ ၃ ဖိုင်ဖြစ်ပြီး ထိုထဲတွင် တပ်မတော်၊ တပ်ဖွဲ့ဝင်များ၏ ရေတပ် သင်္ဘောတစင်းပေါ်တွင်ဖြစ်သည်ကို ရုပ်သံမှတ်တမ်းတွင် တွေ့ရသည်။
သင်္ဘောပေါ်တွင် အမြှောက်တလက် တပ်ဆင်ထားသည်ကိုလည်း ရုပ်သံမှတ်တမ်းတွင်
တွေ့ရပြီး တပ်မတော်၊ ယူနီဖောင်း ဝတ်ထားသည့် ၁၀ ဦးခန့်က လက်နက်များဖြင့် ရှိနေသည်ကို လည်းတွေ့ရသည်။
ရုပ်သံမှတ်တမ်းတွင်၊ တပ်ဖွဲ့ဝင်များက အရပ်ဝတ်ဖြင့် ရခိုင်အမျိုးသား ၅ဦးကို ရိုက်နှက်ပြီး AAတပ်ဖွဲ့ဝင်များအဖြစ် ဝန်ခံခိုင်းနေသည်ကို တွေ့ရပြီး ရိုက်နှက်ခံနေရသည့် အမျိုးသားတဦးက “ကျနော်ဘာမှ မလုပ်ပါဘူးဆရာ ။ ကူလီထမ်းတာပါ ဆရာ”ဟု ပြန်လည် ဖြေဆိုနေသည်ကို တွေ့ရသည်။
ပုဏ္ဏားကျွန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမောင်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်တို့ကလည်း ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များ၏ အတည်ပြုချက် အရ ၎င်းတို့မှာ ကျောက်ဆိပ်ကျေးရွာမှ ရွာသားများ ဖြစ်သည်ဟု ဧရာဝတီကို ပြောသည်။
ဦးခင်မောင်လတ်က “သူတို့မိသားစုဝင်တွေကတော့ ဟုတ်တယ်လို့ ပြောတယ်။ သူတို့အခု ဘယ်လို အခြေအနေ ဆိုတာ ကတော့ ကျနော်တို့လည်း သေချာ မသိရဘူး။ ဒီလို ရက်စက်ကြမ်းကြုတ်တာတွေ ဥပဒေမဲ့ လုပ်ရပ်တွေကတော့ မကောင်းဘူးပေါ့။ ဒီလို ဥပဒေမဲ့ လုပ်ရပ်တွေက နိုင်ငံတော်အစိုးရမှာတော့ တာဝန်သိပ်ရှိတာပေါ့”ဟု ပြောသည်။
ဧရာဝတီမှ ရုပ်သံမှတ်တမ်းနှင့် ပတ်သတ်၍ မေးမြန်းရာ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “အဲ့ဗီဒီယိုဖိုင်နဲ့ ပတ်သတ်လို့ကတော့ ပြောစရာတော့ရှိတယ်။ တပ်မတော်က လုပ်တာ ဟုတ်မဟုတ်တို့ ပြီးရင် သူတို့ဆီက လုပ်တာလား။ ကိုယ့်ဆီက လုပ်တာလားတော့ ပြောရခက်တယ်။ အဲ့တာတော့ အတည်မပြုနိုင်ဘူး”ဟု ပြောသည်။
မတ်လ ်၅ ရက်၊ မနက် ၈ နာရီဝန်းကျင်ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ သာစည်ရွာအနီးရှိ စံပတီးချောင်း အတွင်း သွားလာနေသည့် စက်လှေတစီးကို တပ်မတော်က ခေါ်ယူစစ်ဆေးခဲ့ကြောင်း ၊ လှေပေါ်တွင် ပါလာသည့် အမျိုးသား ၅ဦးနှင့် အမျိုးသမီး ၁ဦးမှာ AA တပ်ဖွဲ့ဝင်များ၊ ဆက်နွယ်သူများ ဖြစ်နေသဖြင့် စစ်ဆေးနေသည်များ ရှိသည်ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က ပြောသည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက “တပ်ကနေ လုပ်နေတာ ဒီတခုပဲ ရှိတယ်”ဟု ပြောသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလမှ ယနေ့ထိ တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တို့သည် တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေသည်။
တိုက်ပွဲများကြားတွင် AAဘက်မှ အရပ်သားများကို ဖမ်းဆီးခြင်း၊ ခြိမ်းခြောက်ခြင်းများ ရှိသည့် အပြင် တပ်မတော်ဘက်ကလည်း အရပ်သား ၂၀၀ ကျော်ကို AAနှင့် ပတ်သတ်သည်ဟု သံသယ ဖြစ်ကာ ဖမ်းဆီးစစ်ဆေးထားသည်။
၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီအတွင်းကလည်း စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်မှ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ဘက်သို့ ဈေးလာရောင်းသည့် မောင်မျိုးထိုက်ဝင်းဆိုသူ တဦး ပျောက်ဆုံးသွားသည်။
၎င်းကို လိုက်ရှာသည့် နောက်ထပ် အမျိုးသား ၂ဦးလည်း ထပ်မံပျောက်ဆုံးသွားသည်။
၂၀၁၉ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် ကျောက်တော်မြို့နယ်တွင်း AAတပ်ဖွဲ့ဝင် အရာရှိတဦးကို ဖမ်းမိရာမှ ဆိုင်ကယ်ဈေးသည် ၂ဦးကို ထောက်လှမ်းရေးဟု အထင်မှားကာ AAတပ်ဖွဲ့ဝင်များက ရိုက်နှက် စစ်ဆေးနေသည့် ရုပ်သံမှတ်တမ်းကို တပ်မတော်ဘက်မှ ရရှိသွားခဲ့သည်။
၂၀၂၀ ခုနှစ်၊ ဇန်နဝါရီတွင် လူမှုကွန်ရက်သို့ အဆိုပါ ရုပ်သံမှတ်တမ်း ပျံ့နှံ့လာခဲ့ပြီး AAဘက်သို့ မေးမြန်းရာ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ၎င်းတို့ တပ်ဖွဲ့ဝင်များ က မလုပ်ကြောင်း ငြင်းဆိုခဲ့သည်။
သို့သော် AAစစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က မြောက်ဦးမြို့နယ်တွင်း ဆိုင်ကယ် ဈေးသည် ၂ဦး သေဆုံးသည့် ကိစ္စမှာ တိုက်ပွဲကြား ငွေတသောင်းကို အရဲစွန့် လာတောင်းသည်ဟု ဖြေဆိုသဖြင့် အောက်ခြေတပ်ဖွဲ့ဝင်များ စစ်ဆေးမေးမြန်းရင်း လက်လွန်သွားသဖြင့် သေဆုံးသွား ခြင်း ဖြစ်ကြောင်း ဧရာဝတီနှင့် မတ်လအတွင်းက ပြုလုပ်သည့် အင်တာဗျူးတွင် ဝန်ခံထားသည်။
တပ်မတော်က ဖမ်းဆီးစစ်ဆေးစဉ် ညှင်းပန်းနှိပ်စက်မှုများ ရှိသည်ဟု ဖမ်းဆီးခံရသူများ က ပြောဆိုမှုများရှိပြီး အတွင်းဒဏ်ရာများ၊ ရိုက်နှက်ခံထားရသည့် ဒဏ်ရာများဖြင့် ဆေးရုံသို့ရောက်လာသူများ၊ ဆေးရုံသို့ ရောက်ပြီး သေဆုံးသွားသူများလည်း ရှိသည်။
၂၀၁၉ ခုနှစ်အတွင်း တပ်မတော်မှ ဖမ်းဆီးစစ်ဆေးပြီးနောက် သေဆုံးသွားသူ ၁၅ ဦးရှိပြီး ထို ၁၅ ဦးမှာ ညှင်းပန်းနှိပ်စက်ခံရသဖြင့် သေဆုံးရခြင်း ဖြစ်သည်ဟု မိသားစုဝင်များ၊ ရခိုင်ပြည်နယ်တွင်းမှ လွှတ်တော်ကိုယ်စားလှယ်များက ပြောဆိုထားသည်။