ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် ၁၉ ကြောင့် ပြည်ပနိုင်ငံများတွင် အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသို့ ပြန်လာရန် အခက်အခဲရှိနေသော မြန်မာနိုင်ငံသားများကို ၁၀ ရက်ကျော်အတွင်း လူပေါင်း ၁၀၀၀ ကျော် ကယ်ဆယ်ရေးလေယာဉ်များ (Relief Flight) ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူနိုင်ခဲ့ကြောင်း သိရသည်။
ဧပြီလ ၃၀ ရက်နေ့မှ မေလ ၁၁ ရက်နေ့အထိ ဂျပန်၊ အိန္ဒိယ၊ ကိုရီးယား၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ စင်ကာပူ၊ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ အင်ဒိုနီးရှား နှင့် အာရပ် စော်ဘွားများ ပြည်ထောင်စုနိုင်ငံ(ယူအေအီး) တို့မှ အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၁၁၁၃ ဦးကို ကယ်ဆယ်ရေး လေယာဉ်များ ဖြင့် မြန်မာနိုင်ငံ သို့ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနထံမှ သိရသည်။
နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးက “အခုက ကျန်းမာရေးဝန်ကြီးဌာန MOHS နဲ့ ညှိပြီး တနေ့ကို လေကြောင်း ခရီးစဉ်တခုနဲ့ပဲ ပြန်ခေါ်ဆောင်တာတွေ လုပ်နေတာပါ။ ပြန်လာမယ့် သူတွေ ဘယ်လောက်ရှိ ဆိုတာက အသေအချာ ပြောလို့ မရသေးပါဘူး နေ့စဉ်နဲ့ အမျှ စာရင်းတွေက တက်တက်လာနေလို့ပါ” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများတွင် အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသို့ ပြန်ရန် အခက်အခဲဖြစ်နေသူများအတွက် ထိုင်း၊ စင်ကာပူ၊ အိန္ဒိယ နှင့် ကိုရီးယား နိုင်ငံတို့ကို ဆုံရပ် နိုင်ငံများအဖြစ် သတ်မှတ်ပြီး ကယ်ဆယ်ရေးလေယာဉ်များ စီစဉ်ကာ ခေါ်ဆောင်ပေးလျက်ရှိကြောင်း ၎င်းက ဆိုသည်။
အဆိုပါ ကူညီကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်များတွင် အသက်အရွယ်ကြီးသူများ၊ ကျန်းမာရေးကိစ္စဖြင့် ရောက်ရှိနေသူများ၊ ဗီဇာသက်တမ်းကုန်နေသူများ နှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများကို သာအဓိက ပြန်လည် ခေါ်ဆောင်ပေးလျက်ရှိပြီး အလည်အပတ် နှင့် ခေတ္တခဏ ပြန်လိုသူများ မပါဝင်ကြောင်း သိရသည်။
၎င်းတို့ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိချိန်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့က ကျန်းမာရေးစိစစ်ရေးများ ပြုလုပ်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က စီစဉ်ထားသော Facility Quarantine စင်တာများ ၂၁ ရက် အသွားအလာ ကန့်သတ် စောင့်ကြည့်ထားသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက “ အခုကတော့ အရင်တသုတ် အတွေ့ အကြုံ ရှိထားပြီး ဖြစ်တဲ့အတွက် သိပ်ပြီး အခက်အခဲတော့မရှိဘူး။ အခု ၁၀၀၀ ကျော်အတွက်လည်း နေရာအလုံ လောက်ရှိတယ်။ ဒီထက်များလာရင်လည်း ကျနော်တို့ တက္ကသိုလ်တွေက အဆောင်တွေမှာ စီစဉ်ထားတဲ့ နေရာအသစ်တွေလည်း အဆင်သင့်ရှိပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိအချိန်တွင် ရန်ကုန်၌ ပြည်ပမှ ပြန်လာသူများအတွက် ဟိုတယ် Quarantine စင်တာ နှင့် Facility Quarantine စင်တာ ၁၃ ခု နှင့် ရောဂါပိုးရှိသူများ နှင့် ထိတွေ့သူများကို အသွားအလာကန့်သတ်စောင့်ကြည့် သည့် ဟိုတယ် Quarantine စင်တာ နှင့် Facility Quarantine စင်တာ ၁၀ ခု အထိ ရှိကြောင်း ၎င်းက ဆိုသည်။
အစိုးရအနေဖြင့် ထိုင်းနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်နေသော ရွှေ့ပြောင်းလုပ်သားများကိုလည်း မဲဆောက်-မြဝတီ အမှတ် ၂ ချစ်ကြည်ရေးတံတားမှ တဆင့် ဧပြီလကုန်မှ စတင်ကာ ပြန်လည် လက်ခံပေး လျက်ရှိပြီး မေလ ၁၁ ရက်နေ့အထိ လူ ၃၄၀ ဦးခန့်သာ ပြန်လည်ဝင်ရောက်လာလျက်ရှိကြောင်း သိရသည်။
ယင်းသို့ ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများကို ပြန်လည်လက်ခံရေးများကို လုပ်ဆောင်လျက်ရှိသော် လည်း ထိုင်းနိုင်ငံ၏ ကိုဗစ် ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး အတွက် ညမထွက်ရ အရေးပေါ်ကြေညာချက်နှင့် ခရိုင်ဖြတ်ကျော် သွားလာခွင့် ကန့်သတ်ချက်များကြောင့် မြန်မာနိုင်ငံသို့ ပြန်လာရန် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိသည်။
ဆက်စပ်လင့်
တရုတ်နယ်စပ်မှ ပြည်တော်ပြန် ၄၀၀ ကျော် မန္တလေးတိုင်းအဝင်တွင် ပိတ်မိနေ
၂၀၂၀ ရွေးကောက်ပွဲ ပုံမှန်အချိန်တိုင်း ကျင်းပနိုင်မလား