ရက္ခိုင့် စစ်တပ် (AA) အမာခံများ ရှိနေသည်ဆိုသော စွပ်စွဲချက်ဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဒိုး တန်းကျေးရွာကို မြန်မာ့ တပ်မတော်က မေလ ၇ ရက်နေ့မှ စတင်၍ စစ်ဆေးနေကြောင်း တပ်မတော်၏ ပြောရေးဆို ခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ယခုလို တပ်က ဝင်ရောက် စစ်ဆေးရသည်မှာ ယင်းကျေးရွာတွင် ရက္ခိုင့် စစ်တပ် (AA) အဖွဲ့ မှ အမာခံများ ရှိနေ ကြောင်း သတင်း ရရှိ၍ ဖြစ်ပြီး ကျေးရွာမှ ရပ်မိရပ်ဖ ၅ ဦး၊ ဆရာတော် တပါးတို့ကိုပါ သက်သေအဖြစ် ခေါ်ယူထား ကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ ၈ ရက်နေ့ နံနက်ပိုင်းက ပုဏ္ဏားကျွန်းမြို့နယ်၊ သာစည်ကျေးရွာအနီးရှိ စက်လှေ ၂ စီးကို စစ်ဆေးစဉ် ယင်းလှေများပေါ်မှ AA တပ်ဖွဲ့ ဝင် ၃ ဦး၊ ဆက်စပ်သူ ၃ ဦးတို့ကို ဖမ်းမိခဲ့ပြီး ၎င်းတို့၏ ထွက်ဆိုချက်များအရ ဒိုးတန်း ကျေးရွာကို ရှာဖွေနေရခြင်း ဖြစ်ကြောင်း သိရသည်။
ဖမ်းမိသူ AA အဖွဲ့ ဝင် ၃ ဦး၏ ကိုယ်ပိုင်နံပါတ်များပါ ရရှိထားပြီး ကျန် ၃ ဦးတွင် အမျိုးသမီးတဦးလည်း ပါဝင်ကြောင်း သိရသည်။
“အဲဒီ စက်လှေပေါ်မှာပဲ ဆေးပစ္စည်းတွေရယ်၊ လက်ပတော့တွေရယ် မိခဲ့တယ်။ သူတို့နဲ့ ဆက်စပ်ဖော်ထုတ်တဲ့အခါမှာ ဆက်စပ်နေတဲ့သူတွေ အဖွဲ့ ဝင်တွေထဲကနေ ဖော်ထုတ်တဲ့အတွက် ဒိုးတန်းကျေးရွာမှာ AA နဲ့ ဆက်စပ်သူတွေ ရှိနေ တယ်လို့ ဖော်ထုတ်တဲ့အတွက် ဝင်ရောက်စစ်ဆေးနေခြင်း ဖြစ်ပါတယ်”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ဝင်ရောက် စစ်ဆေးရာတွင် သက်သေများ ခေါ်ယူထားရခြင်းမှာ တပ်မတော် စစ်ကြောင်းများ ရွာများသို့ ဝင်ရောက် သည့်အခါတိုင်း မဟုတ်မမှန်သည့် စွပ်စွဲချက်များ ထွက်ပေါ်လေ့ ရှိသဖြင့် ခေါ်ယူထားခြင်း ဖြစ်ကြောင်း၊ စစ်ဆေးမှုကို သက်သေများရှေ့တွင် စနစ်တကျ ဆောင်ရွက်နေကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
ဒိုတန်းကျေးရွာ (ရွာသစ်)တွင် ရှိနေသည့် ဆရာတော်တပါးက ၎င်းတို့ ကျေးရွာသို့ တပ်မတော်သားများ ဝင်ရောက်လာ သည်မှာ မေလ ၇ ရက်နှင့် ၈ ရက်နေ့များတွင် ဖြစ်ကြောင်း၊ ရောက်ရှိလာပြီးနောက် ရွာတွင် ကျန်နေသည့် ရွာသား ၂၀ ကျော်ကို ဘုန်းကြီးကျောင်းသို့ စုခိုင်းပြီး တရွာလုံးကို ဝင်ရောက်ရှာဖွေခဲ့ကြောင်း ဧရာဝတီသို့ မိန့်ကြားသည်။
“အကြမ်းဖက်တာတွေ ဘာတွေတော့ မရှိဘူး။ မေးတယ်။ မြန်းတယ်။ AA နဲ့ အဆက်အသွယ် ရှိလား မေးတယ်။ ဒီက လူတွေကလည်း မရှိဘူးလို့ ပြောတယ်။ ရွာက ဘဲတွေတော့ အပြန်မှာ ယူသွားကြတယ်။ အကောင် ၆၀ ကျော်ပါသွား တယ်”ဟု ဆရာတော်က မိန့်သည်။
သို့သော် မေလ ၉ ရက်နေ့ ည ၁၂ နာရီခန့်တွင် ရွာရှိ ကျောင်းဆရာမောင်စံလှ၏ အိမ်နှင့် ဦးအေးထွန်းတို့၏ အိမ်ဆိုင် တခု မီးရှို့ ခံရသဖြင့် မီးလောင်သွားကြောင်း၊ မည်သူ ရှို့သည်ကိုမူ မသိရကြောင်း ဆရာတော်က မိန့်သည်။
သို့သော် တပ်မတော် စစ်ကြောင်း စတင်ဝင်ရောက်ခဲ့သည့် မေလ ၇ ရက်နေ့က ကျေးရွာရှိ လူ ၁၂ ဦး အဖမ်းခံရပြီး နောက်တရက် မေလ ၈ ရက်နေ့ ညနေပိုင်းတွင် ပြန်လွှတ်ပေးခဲ့ကြောင်း၊ ထမင်း၊ ဟင်းပါ ကျွေးမွေးလိုက်သေးသည် ဟု သိရကြောင်းလည်း ဆရာတော်က ဆက်လက် မိန့်ဆိုသည်။
ဒိုးတန်းရွာမှ ထွက်ပြေးတိမ်းရှောင်နေသူ ရခိုင် အမျိုးသမီးတဦးကလည်း တပ်မတော် စစ်ကြောင်း ဝင်လာကတည်းက ၎င်းတို့ ရွာသားများ ကြောက်လန့်၍ အကုန်ထွက်ပြေးလျက်ရှိကြောင်း၊ ယင်းနေ့က ရွာတွင် ကျန်ခဲ့သည့် လူတချို့ကို တပ်မတော်က ဖမ်းခေါ်သွားခဲ့ကြောင်း၊ နောက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့ကြောင်း ဧရာဝတီသို့ ပြောသည်။
“ရွာမှာတော့ ကျောင်းဆရာကြီးရဲ့ ဆန်စက် တလုံးနဲ့ ရွာသား ၁ ယောက် နေအိမ်တလုံး မီးရှုံ့ခံရတယ်လို့တော့ ပြောသံ ကြားတယ်။ ကျမတော့ ကြောက်ပြီး သွားမကြည့်ခဲ့ဘူး။ ရွာသား တချို့ သွားကြည့်ကြတာတော့ ရှိတယ်။ အိမ်တွေက ပစ္စည်းတွေကို စစ်သားတွေ ယူတာတွေတော့ ရှိတယ်”ဟု ၎င်းက ပြောသည်။
တပ်မတော်က ရွာများကို ဝိုင်းခြင်း၊ စစ်ဆေးခြင်း ပြုလုပ်သည့် အခါတိုင်းတွင် အမြဲတန်း အန္တရာယ် ရှိကြောင်း၊ ရွာသား များတွင် ပစ္စည်းဥစ္စာ ဆုံးရှုံးခြင်းများ ဖြစ်ပေါ်လေ့ ရှိကြောင်း၊ ယခုလို တပ်မတော်က ဝင်ရောက်စစ်ဆေးခြင်းကို နားမ လည်နိုင်ဘဲ အမှန်တကယ်တွင် ရဲတပ်ဖွဲ့ ၊ လူဝင်မှု ကြီးကြပ်ရေးနှင့် မီးသတ်တို့ ပါဝင်ရမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောသည်။
“အဲလို အဖွဲ့ စုံပါမှ စစ်ဆေးခွင့်ရှိတာ။ စစ်ဖြစ်တဲ့ နေရာတွေမှာကျတော့ ဥပဒေချိုးဖောက်မှုတွေက ရှိနေတာပဲ။ အမှန် တကယ်တော့ တည်ဆဲဥပဒေက ရှိပြီးသားပဲလေ။ စစ်မက်ဖြစ်ပွားတဲ့နေရာမှာ စောင့်ထိန်းရမယ့် နည်းလမ်းတွေ ရှိ တယ်။ နိုင်ငံတကာ ဥပဒေတွေ ရှိတယ်။ အဲဒါတွေကို ကွပ်ကဲဖို့ အစိုးရမှာ တာဝန်ရှိပါတယ်”ဟု ဦးခင်မောင်လတ်က ပြောသည်။
၎င်းက ဆက်၍“အဲဒီလို အမိန့်၊ ညွှန်ကြားချက်တွေကလည်း အစိုးရကပဲ ထုတ်တာပါ။ တိုင်းပြည်အုပ်ချုပ်ဖို့ သူတို့ပဲ အာ ဏာ ယူထားတာလေ။ တရားဥပဒေ စိုးမိုးဖို့က သူတို့ပဲ လုပ်ရမှာလေ။ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ဖို့က သူတို့ တာဝန်ပဲ။ ဒါတွေကလည်း မထူးဆန်းတော့ပါဘူး။ ဒါမျိုးတွေက ရခိုင်ပြည်နယ်မှာ တနေရာမဟုတ် တနေရာ ဖြစ်နေတာပဲလေ”ဟု ပြောသည်။
၎င်းတို့ အနေဖြင့် နေပြည်တော်ရှိ လွှတ်တော်များကိုလည်း အားမရကြောင်း၊ ယခုလို ကိစ္စများ ပါဝင်သည့် ရခိုင်အရေး ကိစ္စရပ်များကို ပြည်ထောင်စုအဆင့် လွှတ်တော်များတွင်လည်း တင်ပြ၍ မရကြောင်း၊ တင်ပြခွင့် ရရှိသည့် ပြည်နယ် လွှတ်တော်တွင်လည်း အကောင်အထည်ဖော်ပေးနိုင်ခြင်း မရှိကြောင်း ဦးခင်မောင်လတ်က ပြောသည်။
ရခိုင်အရေး တင်ပြခွင့် ရရှိသည့် ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဌမှာ ရခိုင်အမျိုးသား ပါတီမှ ဗဟိုအလုပ်မှုဆောင် အဖွဲ့ ဝင် ဦးစံကျော်လှဆိုသူ ဖြစ်သည်။
ထို့ပြင် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာတွင်လည်း ပြီးခဲ့သည့် ဧပြီလ ၁၃ ရက်နေ့က လက်နက်ကြီး ကျည် ဆန်များ ကျရောက် ပေါက်ကွဲခဲ့သဖြင့် ရွာသား ၇ ဦး သေဆုံးပြီး ၈ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့သေးသည်။ ရွာသား ၄ ဦးမှာ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ခြင်း ဖြစ်သည်။
ယင်းလက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသည့် ဖြစ်စဉ်တွင်လည်း တရားခံ မပေါ်ခဲ့ပေ။
ထို့အတူ ဧပြီလ ၃ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ် လက်ဝဲစာတိုက် ကျေးရွာအနီးတွင် လက်နက်ကြီး ကျည်ဆန် များ ကျရောက်မှုကြောင့် နွားခြံသွားသော အသက် ၃၅ နှစ်အရွယ် ဦးစောဝင်းနိုင်မှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သဖြင့် လက် ရှိ အချိန်အထိ စစ်တွေဆေးရုံတွင် တက်ရောက်ကုသခဲ့ရသည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် မေလကလည်း ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်း ကျေးရွာတွင် AA နှင့် ဆက်စပ်ပတ်သက်သည်ဟု သံသယရှိသူ ၃၀၀ နီးပါးကို တပ်မတော်က ထိန်းသိမ်းခဲ့ဖူးပြီး ယင်းထိန်းသိမ်းထားစဉ် အတွင်း ပစ်ခတ်မှုများ ဖြစ်ပေါ်ခဲ့ရာ အနည်းဆုံး ကျေးရွာသား ၆ ဦး သေဆုံးခဲ့ရဖူးသည်။
ရခိုင်ပြည်နယ်၊ မြောက်ပိုင်းမြို့နယ်များတွင် တပ်မတော်နှင့် AA တို့ကြား တိုက်ပွဲများ စတင်ခဲ့သည်မှာ ၂၀၁၈ ခုနှစ် နို ဝင်ဘာလကုန် ကတည်းက ဖြစ်ပြီး ယင်းတိုက်ပွဲများအတွင်း ၂ ဖက်စလုံးတွင် ထိခိုက်သေဆုံးမှုများ ရှိသလို အရပ် သား သေဆုံးမှုများလည်း အလွန် များပြားလာနေပြီ ဖြစ်သည်။ ထို့အတူ စစ်ဘေးရှောင် အရေအတွက်မှာ အနည်းဆုံး ၁ သိန်းခန့် ရှိပြီး ဒေသခံပြည်သူများမှာလည်း ထွက်ပြေးနေကြရသည်။
ယခု ရခိုင်ပြည်နယ်ရှိ တိုက်ပွဲများသည့် အရပ်သား အစိုးရဟု ခေါ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) အစိုးရ လက်ထက်တွင် အပြင်းထန်ဆုံးနှင့် ထိခိုက်မှု အများဆုံး တိုက်ပွဲလည်း ဖြစ်လာပြီး ၂၀၂၀ ခုနှစ် မတ်လတွင် AA အဖွဲ့ကို အစိုးရက အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာခဲ့သည်။
တပ်မတော်၏ ယခုနောက်ဆုံး ကြေညာခဲ့သည့် အပစ်ရပ်ကြေညာချက်တွင်လည်း အကြမ်းဖက် အဖွဲ့ အဖြစ် သတ်မှတ် ကြေညာထားသည့် AA နှင့် ARSA တို့ကို ချန်ခဲ့သဖြင့် ချင်းပြည်နယ်၊ ပလက်ဝဒေသနှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဦးမည် ဖြစ်သည်။
You may also like these stories:
တပ်မတော်က ရိုက်နှက်နေသည့် ရုပ်သံထဲမှ လူ ၅ ဦးမှာ ပုဏ္ဏားကျွန်း ဒေသခံများဟုဆို
အစိုးရနှင့် KNU နှစ်ဘက် စစ်ရေးတင်းမာမှုကိစ္စ ညှိနှိုင်းဆွေးနွေး
တရုတ် ရာဇဝတ်ဂိုဏ်းများကိစ္စ အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု စီမံကိန်း တာဝန်ရှိသူပြော