ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြင်ပသို့ သွားလာရာတွင် နှာခေါင်းစည်း (Mask) မတပ်ဘဲ အပြင်ထွက်ပါက ကူးစက် ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေ ဖြင့် လာမည့် မတ် ၁၃ ရက်မှ စတင် အရေးယူတော့မည်ဟု သိရသည်။
တိုင်းဒေသကြီးကိုဗစ် ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးအပေါ်တုံ့ပြန်ရေး ကော်မတီက ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ် ၄၄ မြို့နယ်တွင် အပြင်ထွက် သွားလာပါက Mask တပ်ရန် နှင့် လူ ၅ ဦးထပ် ပိုစုပါက အရေးယူရန် မတ်လ ၁၁ ရက်နေ့က ညွှန်ကြားလိုက်ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။
ရန်ကုန်တိုင်းလူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း က “ကျနော်တို့ အခု တိုင်းအဆင့်ကော်မတီက နေပြီးတော့ မြို့နယ် ၄၄ မြို့နယ်က မြို့နယ်အဆင့်ကော်မတီကို ကြေညာချက်ထုတ်ဖို့ ညွှန်ကြားထားတာရှိတယ်။ အပြင်ထွက်လို့ရှိရင် mask တပ်ဖို့ နဲ့ လူ ၅ ဦးထက် ပိုမစုရဖို့ ဆိုတဲ့ အဓိက ရည်ရွယ်ချက်နဲ့ ဆောင်ရွက်တာ” ဟု ပြောသည်။
ယခုမေလအတွင်းတွင် စက်ရုံအလုပ်ရုံများ နှင့် ဈေးဆိုင်များ ပြန်လည်ဖွင့်လှစ်လာခြင်းနှင့် လူအများအပြား နေအိမ် အပြင်သို့ ပုံမှန်အတိုင်း ပြန်လည်သွားလာနေခြင်းတို့ကြောင့် ကိုဗစ် ၁၉ ရောဂါပြန့်ပွားမှုကို ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် အတွက် ယခုလို လုပ်ဆောင်ရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အမိန့်ကြေညာချက်အရ နေအိမ်မှ အပြင်သို့ ထွက်ခွာသွားလာတိုင်း ပါးစပ်/နှာခေါင်းစည်း Mask တပ်ရန်၊ အစိုးရ ဌာန၊ အစိုးရအဖွဲ့အစည်းများ၊ ကုမ္ပဏီ၊ စက်ရုံ၊ အလုပ်ရုံ များအပြင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့ အင်အား ဦးစီးဌာန ညွှန်ကြားချက်အရ မရှိမဖြစ် လိုအပ်သည့် လုပ်ငန်းများ၊ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ နှင့် အများပြည်သူအတွက် လိုအပ်သော လုပ်ငန်းများတွင် ဝာာဝန်ထမ်းဆောင်ရန် လုပ်ငန်းခွင်သို့ သွားရောက်ခြင်း နှင့် ပြန်ခြင်းများမှအပ လူ ၅ ဦးထက် ပိုစုပါက အရေးယူခံရမည်ဖြစ်သည်။
ထို့ပြင် ခွင့်ပြုချက်ရရှိထားသော ဈေး၊ ကုန်တိုက်များတွင် ဈေးရောင်း၊ ဝယ်ခြင်းများ၊ ကုန်စည်သယ်ယူပို့ဆောင်ရေး ဆောင်ရွက်ခြင်း၊ တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ခြင်း၊ ကိုဗစ် ၁၉ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်း နှင့် အရေးပေါ်ကိစ္စရပ်များ ဆောင်ရွက်ခြင်း၊ ကျန်းမာရေးနှင့် စပ်လျဉ်း၍ ဆေးရုံ၊ ဆေးခန်း သို့ သွားရောက်ခြင်း နှင့် နားရေးကိစ္စရပ်များတွင် သတ်မှတ် ဦးရေထက် ပိုမိုနိုင်လျှင်ဖြစ်စေ၊ အခြားအရေးပေါ်ကိစ္စရပ်များအတွက် သွားရန်ရှိသည်ဖြစ်စေ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့သို့ သတင်းပို့ကာ ခွင့်ပြုချက်ဖြင့် သွားလာနိုင်ကြောင်း သိရသည်။
လှိုင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်မာဌေးက “mask တပ်ဖို့ဆိုတာက ကျန်းမာရေးက လိုအပ်ကို လိုအပ်တဲ့ ကိစ္စပါ။ အဲဒါကို ကျမတို့ တပ်စေချင်တာပါ ကျန်တာတွေက ဒုတိယအဆင့်ပါ။ Air Con ထဲမှာ နေရတာ မဟုတ်တဲ့ ကျမတို့ရဲ့ အောက်ခြေက လူတွေအတွက်ကကျတော့ ရာသီဥတု ပူတာရယ်၊ တပ်လေ့မရှိတာရယ်၊ အသက်ရှုမဝတာတွေကြောင့် အခုဆို သိပ်မတပ်ကြတော့ဘူး အဲဒါကို နားလည်ပေးလို့ ရပါတယ်။ ဒါပေမယ့် ကျန်းမာရေးအတွက်က အင်မတန် စိတ်ပူဖို့ ကောင်းတဲ့ ကိစ္စပါ” ဟု ပြောသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ ကိုဗစ် ရောဂါပိုးတွေ့ရှိသူများထဲတွင် ရောဂါလက္ခဏာ မပြသဘဲ ရောဂါပိုးရှိနေသူများ များပြားခြင်း နှင့် ရောဂါပိုးရှိသူများကို ရှာဖွေစစ်ဆေးရာတွင်လည်း လူဦးရေ အနည်းငယ်သာ လုပ်ဆောင်နိုင်သေးခြင်း ကြောင့် ယခုလို မဖြစ်မနေ mask တပ်ရမည့် ကိစ္စရပ်များ ပြန်လည် တင်းကျပ်ရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
လှိုင်မြို့နယ်အတွင်း အပြင်သွားလာပါက mask တပ်ရန် နှင့် လူ ၅ ဦးထပ်ပို မစုရသည့် ကိစ္စရပ်များကို ယခင်ကတည်းက အသိပညာပေးမှုများ လုပ်ဆောင်ထားသလို မြို့နယ်အတွင်း mask အခုရေ ၇ ထောင်ကျော်ကိုလည်း ဝေငှ ထားပြီး ဖြစ်ကြောင်း ဒေါ်ခိုင်မာဌေးက ပြောသည်။
ယင်းကြောင့် ကိုဗစ် ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး မြို့နယ်အဆင့် ကော်မတီများ အနေဖြင့် လူအများ အပြား မဖြစ်မနေ လာနေရကြသော ဈေးနေရာများကို အဓိက စောင့်ကြည့် ကြပ်မတ်နေရာအဖြစ် သတ်မှတ်ထား ပြီး အဆိုပါ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ကြရန် တင်းတင်းကျပ်ကျပ်လုပ်ဆောင် သွားကြမည် ဖြစ်ကြောင်း သက်ဆိုင်ရာ မြို့နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများထံမှ သိရသည်။
စမ်းချောင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်က “အဓိကက ကူးစက်ခံရမှု နည်းပါးအောင်၊ ကူးစက်ခံရမှု မရှိလေ ပိုကောင်းလေပေါ့ အဲ့ဒါကို ရည်ရွယ်ပြီးတော့ ဒီအမိန့်တွေက ထပ်ထုတ်ပေးတာပါ။ တကယ်တော့ ကျနော်တို့က အသိပညာ ပေးတဲ့ အပိုင်းပြီးသွားပြီ ဖြစ်တဲ့အတွက် မလိုက်နာရင် ဥပဒေအရ အရေးယူဆိုတာမျိုး ထပ်လုပ်တာပါ ” ဟု ဧရာဝတီသို့ ပြောသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း Mask တပ်ဆင်သည့် အလေ့အထကို အားပေးရန်အတွက် Mask ပြိုင်ပွဲတစ်ခုလုပ်ရန် စဉ်းစားနေကြောင်း မေ ၆ ရက် ညနေပိုင်းကလည်း ၎င်း၏ Facebook ၌ ရေးသားခဲ့သေးသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ ဒါက ဘယ်လောက်ကြာမယ်ဆိုတာ တိတိကျကျပြောလို့မရဘူး။ ကိုဗစ်ရဲ့ အဆိုးဆုံးအခြေအနေကို ကျော်လွှားပြီးရင်တောင် ဒီလို mask တွေ တပ်တဲ့ ယဉ်ကျေးမှုပေါ့၊ အလေ့အထတခုဖြစ်သွားလို့ရှိရင် ဒါက အများကြီး အထောက် အကူဖြစ်နိုင်တယ်။ ဘာဖြစ်လို့လဲဆိုရင် အခုက မုတ်သုန်ကလည်း ဝင်လာပြီဆိုတော့ သူရဲ့ ရာသီတုပ်ကွေးတွေကလည်း ဝင်တော့မယ်ဆိုတော့ ဒါတွေအတွက်လည်း အကာအကွယ်ဖြစ်တယ် ” ဟု ပြောသည်။
ကိုဗစ် ၁၉ ရောဂါ ကာကွယ်ရေးအတွက် ဈေးများအား စီမံဆောင်ရွက်မှုအပေါ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုတိယမြို့တော်ဝန်၊ လွှတ်တော်အမတ်နှင့် အုပ်ချုပ်ရေးမှူးတို့ ယနေ့ နံနက်ပိုင်းက အပြန်အလှန်ဆွေးနွေးမှုတွင် ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေ ပုဒ်မ ၄ အရ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဆောင်ရွက်ချက် တစုံတရာကို လိုက်နာရန် ပျက်ကွက်ပါက ကျပ်ငါးထောင်ထက် မပိုသော ငွေဒဏ်ချမှတ်ခံ ရမည်ဖြစ်ပြီး ပုဒ်မ ၅ ပုဒ်မခွဲ(ဇ)၊ ပုဒ်မခွဲ (ဈ) သို့မဟုတ် ပုဒ်မခွဲ (ည)အရ ကျန်းမာရေးအရာရှိ၏ ညွှန်ကြား ချက်ကို လိုက်နာရန် ပျက်ကွက်ပါက ထောင်ဒဏ် ၆ လ အထိဖြစ်စေ၊ ကျပ် ၅ သောင်းထက် မပိုသော ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ခံရမည်ဖြစ်သည်။
မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး အပါအဝင် အခြားတိုင်းနှင့် ပြည်နယ်အချို့တွင်လည်း နေအိမ်အပြင်သို့ ထွက်လျှင် Mask မတပ်ပါက ဒဏ်ငွေ ၅၀၀၀ ပေးဆောင်စေသည့် ညွန်ကြားချက်များကို ထုတ်ပြန်ထားကြသည်။
ဆက်စပ်လင့်
COVID – 19 ရောဂါပိုး မထိန်းချုပ်နိုင်မီ မပေါ့ဆကြဖို့ ကျန်းမာရေးဝန်ကြီးဌာန သတိပေး
ရှမ်းပြည်နယ်တွင် နှာခေါင်းစည်းတပ်ဆင်ရေး လှုပ်ရှားမှု စတင်