သတင်း

ဈေးတွေမှာ နှာခေါင်းစည်းမတပ်ရင် ဒဏ်ရိုက်ဖို့ ဒေါ်အောင်ဆန်းစုကြည် အားပေး

Want create site? Find Free WordPress Themes and plugins.

အများပြည်သူ နေ့စဉ် ဝင်ထွက်သွားလာမှု ပြုလုပ်နေရသည့် ဈေးများတွင် နှာခေါင်းစည်းများ အမြဲတစေတပ်ဆင်သည့် အလေ့အထရှိလာစေရန် နှာခေါင်းစည်း ဝတ်ဆင်ခြင်းမရှိပါက ဒဏ်ငွေရိုက် အရေးယူမှုများ လုပ်ဆောင်သင့်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဈေးများကို စနစ်တကျစီမံဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ နေပြည်တော် ဒုတိယမြို့တော်ဝန်၊ ကလောမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်၊ မြိုင်မြို့နယ် အုပ်ချုပ်ရေးမှူးတို့နှင့် အပြန်အလှန်ဆွေးနွေးခြင်းကို ဒေါ်အောင်ဆန်းစုကြည်၏ လူမှုကွန်ရက် စာမျက်နှာမှတဆင့် ယနေ့ တိုက်ရိုက်ထုတ်လွှင့်ခဲ့ရာ ထိုသို့ ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က“တချို့တွေကလည်း Mask မတပ်ထားဘူး။ တချို့တွေကလည်း Mask ကိုတပ်ပြီးတော့  အောက်ကို(မေးစေ့အောက်) ချထားတယ်။ အဲဒါလည်း ဒဏ်ငွေလေး ဘာလေးရိုက်ပြီးတော့ အလေ့အကျင့် ဖြစ် သွားအောင် လုပ်ရမယ်”ဟု ပြောသည်။

နှာခေါင်းစည်းတပ်ခြင်း အလေ့အကျင့်ရသွားပါက နှာခေါင်းတတ်ထားနေစဉ်မှာပင် ကောင်းမွန်စွာ အသက်ရှုတတ်လာခြင်း အပါအဝင် ပူခြင်း၊ ချွေးထွက်ခြင်း စသည့်အခက်အခဲများလည်း အဆင်ပြေသွားနိုင်ကာ တဖြည်းဖြည်း အသားကျလာမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် နေပြည်တော်ရှိ စည်ပင်သာယာ ဈေးတချု့ိကို လှည့်ပတ် ကြည့်ရှုခဲ့ရာတွင် မြို့မဈေး ရှိ ဈေးသည်တချို့ နှာခေါင်းစည်မတတ်ခြင်း၊ တချို့က မေးစေ့အောက်ချထားခြင်း၊ ဈေးဝယ်သူများကလည်း ခပ်ခွာခွာ မ ဝယ်ကြဘဲ စုပြုံဝယ်နေသည်များကို တွေ့ မြင်ခဲ့ရသဖြင့် ထိုကိစ္စနှင့် ပတ်သက်၍လည်း ယနေ့ အပြန်အလှန်  ဆွေးနွေးမှုတွင် နေပြည်တော် ဒုတိယမြို့တော်ကို ဦးရဲမင်းဦးကို မေးခွန်းထုတ်ခဲ့သည်။

“နေပြည်တော်ဆိုတာ နိုင်ငံရဲ့ မြို့တော်ဆိုပြီးတော့ နေပြည်တော်မှာတောင်မှ ဈေးတွေမှာ  စည်းကမ်းတွေ မလိုက်နာတာ ကို တွေ့ခဲ့ရတယ်။ အဲဒီဟာနဲ့ ပတ်သက်ပြီးတော့ ဒုမြို့တော်ဝန်ဦးရဲမင်းဦးက ဘာများပြောချင်ပါလဲ”ဟု ဒေါ်အောင်ဆန်းစုကြည်က မေးခွန်းထုတ်သည်။

ဈေးများနှင့်ပတ်သက်၍ ဈေးသည်များ ခပ်ခွာခွာနေရာချထားပေးခြင်း၊ နှာခေါင်းစည်းတပ်ရန် ဈေးတွင်းလှည့်လည်ကာ စည်ပင်ဝန်ထမ်းမျာက တနာရီခြား တခါသတိပေးခြင်း၊ ဈေးဝယ်သူများ မဖြစ်မနေ နှာခေါင်းစည်းတပ်စေခြင်း၊ စည်ပင်ပိုင် LED ဆိုင်းဘုတ်များမှ တဆင့် အသိပညာပေးခြင်းများကို ပြုလုပ်ထားကြောင်း နေပြည်တော် ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦး က ပြန်ရှင်းပြသည်။

ဦးရဲမင်းဦးက“နောက်ပိုင်းဆိုရင်တော့ ဒဏ်ငွေရိုက်တာ ဒါမှမဟုတ် Mask မတတ်လာတဲ့နေ့ ဈေးရောင်းခွင့်မပေးတာ၊ ဒါမှမဟုတ် Mask ဖြုတ်ထားတာ တွေ့တဲ့အချိန်မှာ ဈေးရောင်းခွင့်မပြုတော့ဘူး၊ ရပ်ရမယ် ဆိုတာမျိုးပေါ့။ ဒီလိုစည်း ကမ်းလေးတွေ လုပ်ဖို့ ပြင်ဆင်ထားပါတယ်”ဟု ပြောသည်။

နေပြည်တော်ကောင်စီနယ်မြေတွင် စည်ပင်သာယာဈေး ၃၅ ခုရှိပြီး ပျံကျဈေးများကိုလည်း ထိုဈေးများနှင့်အတူ တွဲလျက် နေရာပေး ရောင်းချစေကြောင်း၊ ဈေးသည်များ နှာခေါင်းစည်းတပ်ခြင်း အနေအထားတွင် ယေဘုယျအားဖြင့် ၂၀ ရာခိုင် နှုန်းကသာ မေးစေ့သို့ ဆွဲချထားခြင်းကို ပြုလုပ်ကြပြီး ၈၀ ရာနှုန်းက လိုက်နာကြောင်း၊ အဝတ်ဖြင့် ပြုလုပ်ထားသည့် နှာခေါင်းစည်း တပ်သူ ၁၀ ရာခိုင်နှုန်းခန့် ရှိကြောင်း ဒုမြို့တော်ဝန်က ပြောသည်။

နေပြည်တော်ရှိ ဈေးတခု (ဓာတ်ပုံ – သီဟလွင်/ဧရာဝတီ)

“အဝတ် Mask တွေက ကောင်းတာက သိပ်မပူဘူး။ Surgical Mask ကတော့ ပိုပူတာပေါ့။ ကာကွယ်နိုင်စွမ်းက နည်း နည်းတော့ ကွာတာပေါ့။ Surgical Mask ကတော့ အကောင်းဆုံးကာကွယ်နိုင်တာပေါ့။ လက်ရှိ သူတို့ရဲ့ အနေအထိုင် အနေအထားအရ ဆိုရင်တော့ အဝတ် Mask ကိုပြောင်းသုံးလာမယ် ဆိုရင်တော့ စည်းကမ်းပိုပြီး လိုက်နာနိုင်မယ်လို့ မျှော်လင့်ပါတယ်”ဟု ဦးရဲမင်းဦးက ပြောသည်။

အဝတ်ဖြင့်ပြုလုပ်ထားသည့် နှာခေါင်းစည်းကို မီးဖိုချောင်သုံး စက္ကူ (Kitchen Paper) ဖြင့်ကြားခံသုံးပါက ကာကွယ်မှု ပိုကောင်းကြောင်း၊ ပြန်လည် လျော်ဖွတ်သုံးနိုင်သောကြောင့် ကုန်ကျစရိတ်နည်းကြောင်း၊ တခါသုံး နှာခေါင်းစည်းများကို မကြာခဏ လဲလှယ် တပ်ဆင်ရပါက အကုန်အကျ များသောကြောင့် အဝတ်ဖြင့်ပြုလုပ်သော နှာခေါင်းစည်းများကို အားပေးရခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

နှာခေါင်းစည်း တပ်ထားရာတွင် ပူခြင်း၊ ချွေးထွက်ခြင်း၊ ယားယံခြင်းများကြောင့် တနေကုန် တပ်ထားရန်မှာ အခက်အခဲ ရှိကြောင်း၊ လက်ရှိ ဈေးထဲတွင် တခါသုံး နှာခေါင်းစည်း တခုလျှင် ၄၀၀ ကျပ်နှုန်းခန့် ပေါက်ဈေးရှိသောကြောင့် တနေ့လျှင် ၂ ခု  ၃ ခု လဲလှယ်တပ်ရန်မှာလည်း အခက်အခဲရှိကြောင်း သပြေကုန်းဈေးတွင် ဆန်နှင့်ဆီများ ရောင်းချသည့် ဈေးသည် ဒေါ်သိန်းနုက ပြောသည်။

“မနက်ကတော့ တမနက်ခင်းလုံး တပ်ထားတာပါ။ နေ့လည် ၁၂ နာရီနောက်ပိုင်းကျတော့ ခဏလေးဖြုတ်ထားရတယ်။ တနေကုန်ကြီး တပ်ရတာကျတော့ မွန်းတယ်။ ဒါပေမယ့် တတ်နိုင်သလောက် လိုက်နာတယ်”ဟု ၎င်းက ပြောသည်။

COVID-19 ရောဂါကာကွယ်ရေး ပြည်သူများ နှာခေါင်းစည်း တပ်လာကြရန် ရည်ရွယ်ပြု၍ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် က အဝတ်ဖြင့် ပြုလုပ်သော နှာခေါင်းစည်းချုပ် ပြိုင်ပွဲတခုကို ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် ကျင်းပနေပြီး ထိုပြိုင် ပွဲတွင် အမျိုးသမီးများသာမက အမျိုးသာများပါ ပါဝင်ကြရန်လည်း ဖိတ်ခေါ်ထားသည်။

နှာခေါင်းစည်းများတွင် N 95 နှာခေါင်းစည်း၊ ခွဲခန်းသုံးနှာခေါင်းစည်း၊ အဝတ်ဖြင့်ပြုလုပ်သည့် နှာခေါင်းစည် စသဖြင့် အမျိုးစားအလိုက် ကာကွယ်မှု ပေးနိုင်သော်လည်း ပြည်သူများက နှာခေါင်းစည်းများကို တပ်ဆင်နည်း မှန်ကန်စွာဖြင့် တပ်ဆင်အသုံးပြုရန်လိုအပ်ကြောင်း COVID-19 ရောဂါကာကွယ်ရေး စေတနာဝန်ထမ်းအဖြစ် ဆောင်ရွက်ခဲ့ သူ ဒေါက်တာ ကျော်စွာဦးကပြောသည်။

“ဘယ်နှာခေါင်းစည်းပဲဖြစ်ဖြစ် အပြင်သွားတိုင်းတပ်သွားမယ်၊ လူတိုင်းတပ်မယ်ဆိုရင်တော့ တတ်နိုင်သလောက် ကာကွယ်ပြီးသားလည်းဖြစ်သလို ဖြစ်ပွားနှုန်း ထိခိုက်နှုန်းလည်း နည်းမယ်လို့ယူဆတယ်”ဟု ၎င်းက ပြောသည်။

အားကစားနှင့်ကျန်းမာရေးဌာနကလည်း တခါသုံး နှာခေါင်းစည်း (Surgical Mask) များကို စနစ်တကျတပ်ဆင်နည်းများ၊ အဝတ်ဖြင့် နှာခေါင်းစည်း ချုပ်လုပ်မည်ဆိုပါကလည်း ချုပ်လုပ်ရမည့် ပုံစံနှင့် အဝတ်နှာခေါင်းစည်းကို အသုံးပြုပါက မည့်သို့မည်ပုံ အသုံးပြုရမည်ဆိုသည့် အချက်များကို ထုတ်ပြန်ထားသည်။

ယခုအခါ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မြို့ကြီးများအပါအဝင် တနိုင်ငံလုံးက ဈေးများတွင် ဈေးရောင်းသူဝယ်သူ ခပ်ခွာခွာနေရန်၊ ဈေးများသို့သွားလာပါက မဖြစ်မနေ နှာခေါင်းစည်းတပ်ခြင်းများပြုလုပ်ရန် အစိုးရ၏ ညွှန်ကြားချက်ကို မိမိတို့ဒေသအလိုက်  စည်ပင်သာယာရေးအဖွဲ့များက ဦးစီးလုပ်ဆောင်နေကြကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် ယနေ့ မေလ ၁၂ ရက်နေ့ မနက်ပိုင်းအထိ COVID-19 အတည်ပြုလူနာ ၁၈၀ ဦး၊ သေဆုံး ၆ ဦး နှင့် ပြန်လည် သက်သာလာသူ ၇၄ ဦးရှိကာ ဆေးရုံဆင်းသူ ၅၉ ဦးထိရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

You may also like these stories:

မန္တလေးရှိ COVID-19 လူနာအမျိုးသမီး ပိုးကင်းစင်၍ ဆေးရုံဆင်းခွင့်ရ

ရန်ကုန်တွင် Mask မတပ်ဘဲ အပြင်ထွက်သူများကို အရေးယူတော့မည်

ကိုဗစ်ကာလအတွင်း အကျဉ်းသားများ ထပ်မံလွှတ်ပေးရေး AAPP တောင်းဆို

Did you find apk for android? You can find new Free Android Games and apps.
Loading