COVID–19 ဗိုင်းရပ်စ် ကာကွယ်ဆေး မပေါ်ထွက်သေးသော်လည်း စာသင်ကျောင်းများ ပြန်ဖွင့်ရန် နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
“ကျောင်းတွေက အမြဲပိတ်ထားလို့ မရဘူး။ ကျောင်းတွေ ပြန်ဖွင့်ရမယ်။ ကာကွယ်ဆေး (Vaccine) သာ မြန်မြန်မရနိုင်ဘူး ဆိုရင် ကျောင်းတွေကတော့ ဖွင့်ရမှာပဲ။ Vaccine ပေါ်တဲ့အထိ ကျောင်းတွေ စောင့်ဖို့ ဆိုတာကတော့ မလွယ်ဘူး” ဟု ၎င်း က ဆိုသည်။
မေလ ၁၂ ရက်က ဈေးများအား စနစ်တကျ စီမံဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍ ပြုလုပ်သည့် အွန်လိုင်း ရုပ်သံဆွေးနွေးမှု တွင် ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။
သို့သော် မည်သည့် အကြောင်းအရင်းကြောင့် ကျောင်းများ ပြန်ဖွင့်ရန် စဉ်းစားရမည်ဆိုသည့် အချက်နှင့် မည်သည့် ကာ လတွင် ကျောင်းများ ပြန်ဖွင့်နိုင်မည်ဆိုသည့် အချက်ကိုမူ ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်း မရှိပေ။
မြန်မာနိုင်ငံရှိ စာသင်ခန်းများတွင် စာသင်ကြားသည့် ကျောင်းသား၊ ကျောင်းသူ အရေအတွက် များပြားပြီး နီးကပ်စွာထိုင် ကြသဖြင့် ကျောင်းများပြန်ဖွင့်ပါက ခပ်ခွာခွာ ထိုင်ခိုင်း၍ စာသင်နိုင်ရန် စဉ်းစားရမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ဆက်လက် ပြောဆိုခဲ့သည်။
အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းကလည်း ကျောင်းများ မည်သည့်ကာလတွင် ပြန်ဖွင့်ခွင့်ပြုမည် ဆိုသည့် ကိစ္စကို COVID-19 ကာကွယ် ထိန်းချုပ် ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ၎င်းတို့ထံ ညွှန်ကြားမှု မရှိသေးသဖြင့် မည်သည့် ကာလတွင် ကျောင်းဖွင့်နိုင်မည်ကို မသိရှိသေးကြောင်းဆိုသည်။
၎င်းက “ကျနော်တို့က ဗဟိုကော်မတီရဲ့ ညွှန်ကြားချက်ကို စောင့်နေတာလေ။ ညွှန်ကြားချက် ရလာရင် ကျနော်တို့က ဆောင်ရွက် ဖို့ အဆင်သင့်ပဲ” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိတွင် အခြေခံပညာ ဦးစီးဌာနသည် အခြေခံပညာ ကျောင်းများ ပြန်ဖွင့်ပါက ကျောင်းသားများကို ခပ်ခပ်ခွာခွာ ထား၍ စာသင်ကြားနိုင်ရန် စီစဉ်နေပြီး ဆရာနှင့် ကျောင်းသား အရေအတွက်အလိုက် နှာခေါင်းစည်းနှင့် Face Shield များ အခမဲ့ ဝေနိုင်ရန် စီစဉ်နေကြောင်း ယင်း ဦးစီးဌာနက ပြောဆိုသည်။
အခြေခံပညာ ဦးစီးဌာနနှင့် အလားတူပင် ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ အဆင့်မြင့် ပညာဦးစီးဌာနသည်လည်း မည်သည့်ကာလတွင် ကျောင်းဖွင့်ပြုမည် ဆိုသည့် အမျိုးသား အဆင့် ဗဟိုကော်မတီ၏ ခွင့်ပြုမိန့်ကို စောင့်ဆိုင်းနေရ ကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာနက သိရသည်။
အဆင့်မြင့်ပညာ ဦးစီးဌာန ဒု ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်အောင်မင်းက “Stay at home နေခိုင်းတာက မေလ ၁၅ ရက် အထိဆိုတော့ လိုက်နာရမယ့် ဟာတွေ ၁၅ ရက်မှာ ရက်ထပ်တိုးမလား ဘာလားကတော့ စောင့်ကြည့်ရမှာပေါ့။ အဲဒါမှ မဟုတ်ဘဲ သူတို့က OK ပြီ။ ရပါပြီလို့ ပြောလိုက်ရင်တော့ ကျနော်တို့ဘက်က ကျောင်းတွေမှာ စာသင်ဖို့ ပြင်ဆင်ရ တော့မှာပေါ့။ ပြင်လည်း ပြင်ဆင်နေတာတွေ ရှိပါတယ်” ဟု ပြောဆိုသည်။
လက်ရှိတွင် အဆင့်မြင့် ပညာဦးစီးဌာန အနေဖြင့် ကျောင်းပြန်ဖွင့်ပါက သင်ကြားမည့် သင်ရိုးများ မွမ်းမံသည့် ကိစ္စကို ပြင် ဆင်နေပြီး မည်သည့် နည်းလမ်းဖြင့် စာသင်ကြားနိုင်မည်ဆိုသည့် ကိစ္စကိုလည်း ကြိုတင်မှန်းဆ ထားကြောင်း ၎င်းက ပြော သည်။
ဒေါက်တာ အောင်အောင်မင်း က “စာသင်ခန်းတွေ ထပ်တိုးချဲ့ရမှာလား။ အတန်းခွဲတွေ ထပ်ခွဲရမှာလား။ ဆရာ၊ ဆရာမရော လုံလောက်မှာလား။ စာသင် ချိန်ကို လျှော့ချရမလား။ အရင်တုန်းကလို သင်ကြားနည်းမျိုး မဟုတ်ဘဲနဲ့ ဆရာနဲ့ ကျောင်းသား ထိတွေ့ချိန်ကို ခပ်နည်း နည်း ဖြစ်အောင် လျှော့ချပြီး သင်ကြားမလားပေါ့။ အခုကတော့ လူချင်းတွေ့တာ နည်းလေ၊ ကောင်းလေ ဆိုတော့ စဉ်း စားစရာတွေကတော့ အများကြီးပေါ့” ဟု ပြောသည်။
မြန်မာ့ မဟာဗျူဟာနှင့် မူဝါဒ လေ့လာရေး အင်စတီကျု (ISP Myanmar) ၏ ပြင်ပဆက်ဆံ၊ ဆက်သွယ်ရေးဌာန ဒါရိုက် တာ ဦးအောင်သူငြိမ်း ကမူ မြန်မာ၏ အိမ်နီးချင်း ထိုင်းနိုင်ငံတွင် လာမည့် ဇူလိုင်လ ၁ ရက်၌ ကျောင်းများ ပြန်ဖွင့်မည်ဟု ထိုင်းပညာရေး ဝန်ကြီးဌာနက ကြေညာထားကြောင်း၊ မြန်မာနိုင်ငံတွင် ပညာရေးဝန်ကြီးဌာနက မည်သည့်ကာလတွင် ကျောင်းပြန်ဖွင့်မည်ကို တိကျစွာ ထုတ်မပြောသေးကြောင်း ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်က ကျောင်းများ ပြန်ဖွင့်ရန် စဉ်းစားရတော့မည်ဟု ပြောဆိုသည်မှာ မည်သည့် အကြောင်းအရင်း ကြောင့် ဖြစ်သည်ကို ၎င်းအနေနှင့် မသိသော်လည်း ကမ္ဘာပေါ်တွင် COVID –19 ကပ်ရောဂါ အကြပ်အတည်း ကာလ အတွင်း နေထိုင်နိုင်မည့် New Normal Life (ပုံမှန်ဘဝသစ်) အကြောင်း ပြောဆို ဆွေးနွေးမှုများ ရှိလာသည်ဟု ဦးအောင် သူငြိမ်းက ပြောပြသည်။
၎င်းက “New Normal ဆိုတာက ရောဂါပိုး ကူးတာတွေလည်း ရှိနေမယ်။ သေတာတွေလည်း ရှိနေမယ်။ တဖက်ကလည်း ကိုယ် လုပ်စရာရှိတာ ဆက်လုပ်ရမယ် ဆိုတဲ့ ကိစ္စမျိုး ပြောကြတာလည်း ရှိတယ်။ ဆိုလိုတာက လူတွေက အလုပ်မလုပ်ရင် ငတ် တော့မယ်လေ။ အဲဒီလိုဟာမျိုးပေါ့။ ကလေးတွေလည်း ကျောင်းမဖွင့်ရင် ဘယ်လိုလုပ်ကြမလဲပေါ့။ ဒီလို စဉ်းစားတာတွေ လည်း ရှိတယ်ပေါ့။ ဒီလို အခြေအနေတွေ ကြားထဲကပဲ ဖြတ်သန်းကြမယ်လို့ စဉ်းစားတာမျိုးတွေ ရှိတယ်လို့ ထင်ပါတယ်” ဟု မှတ်ချက်ပေးသည်။
ဗိုင်းရပ်စ် ပြန့်ပွားမှုကို ကူးစက်မြန် ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO) က ကြေညာပြီးနောက် နိုင်ငံတော် သမ္မတရုံးက လူစုလူဝေးပွဲများကို မလုပ်ရန် မတ်လ ၁၃ ရက်တွင် ကြေညာချက် တစောင် ထုတ်ထားပြီး ကြေညာချက်၏ သက်တမ်းကို မေလ ၁၅ ရက် အထိ ထပ်တိုးထားသည်။
သမ္မတရုံးက လူစုလူဝေး မလုပ်ရန် ကြေညာချက် ထွက်ပြီးနောက် အဆင့်မြင့်ပညာ ဦးစီးဌာနကလည်း မတ်လ ၂၄ ရက် တွင် တက္ကသိုလ်၊ ကောလိပ်နှင့် ဒီဂရီ ကောလိပ်များ၌ ကျင်းပနေသည့် ပထမနှစ်ဝက် စာမေးပွဲများကို ယာယီရပ်နားကာ ကျောင်းများ ပိတ်လိုက်ခြင်း ဖြစ်သည်။
အခြေခံပညာကျောင်းများကမူ ပြီးခဲ့သည့် မတ်လ အတွင်းကျင်းပသော တက္ကသိုလ်ဝင်တန်း စာမေးပွဲများ ဖြေဆိုပြီး ကတည်းက နွေရာသီ ကျောင်းပိတ်ကာလ သတ်မှတ်ချက်အရ ကျောင်းများ ပိတ်ထားခြင်း ဖြစ်သည်။
ဆက်စပ်ဖတ်ရှုရန်
COVID-19 ဆက်လက်ပြန့်ပွားနေပါက ကျောင်းဖွင့်ရာသီ နောက်ဆုတ်ရနိုင်
COVID-19 ကူးစက်မှု လျော့သွားတာကြောင့် ဗီယက်နမ်မှာ ကျောင်းများ ပြန်ဖွင့်ပြီ
ရုပ်မြင်သံကြားနဲ့ အွန်လိုင်းကနေ ပညာသင်မယ့် စနစ် ထိုင်းမှာ စမ်းသပ်မည်
COVID-19 ကြောင့် လာမည့် ဇွန်လတွင် စာသင်ကျောင်းများ ပြန်ဖွင့်ရန် မသေချာ
Covid-19 နှင့် ပညာသင်ကြားရေးစနစ် အပြောင်းအလဲ