ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အတွင်းက မွတ်ဆလင်ရွာများဖြစ်သည့် ပိုက်သည်နှင့် လက်ဆောင်ကောက် ကျေးရွာများ အတွင်း မေ ၁၁ ရက်နေ့ ညနေပိုင်းက လက်နက်ကြီးကျည် ကျမှန်ပေါက်ကွဲခဲ့သဖြင့် ရွာခံ ၅ ဦး ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။
ဒဏ်ရာရရှိသူများမှာ ပိုက်သည် မွတ်ဆလင်ရွာမှ အမျိုးသမီးငယ် ၂ ဦးနှင့် အသက် ၁၆ နှစ်အရွယ် ယောင်္ကျားလေး ၁ဦး၊ လက်ဆောင်ကောက်ကျေးရွာမှ အမျိုးသား ၂ ဦးတို့ ဖြစ်ကြောင်း ကျေးရွာသားများက ပြောသည်။
လက်ဆောင်ကောက်ကျေးရွာမှ ရာအိမ်မှူး ဦးမောင်ဖြူက “မနေ့က ညနေပိုင်း ၅ နာရီလောက်မှာ လက်နက်ကြီးကျလို့ ကျနော်တို့ရွာက မော်လဝီဆရာကြီး ၁ ဦးနဲ့ ကျောင်းဆရာ ၁ ဦး ဒဏ်ရာရပါတယ်။ နောက်ထပ် ပိုက်သည်ရွာက အမျိုးသမီး ၂ ဦးနဲ့ ကလေး ၁ ဦး ဒဏ်ရာရပါတယ်။ ပစ်တာကိုတော့ ကျနော် မမြင်ဘူး။ ရွာသားတွေ ပြောတာက ကစ္စပနဒီ တံတားပေါ်ကနေ အစိုးရ တပ်မတော်က လှမ်းပစ်တာလို့ ပြောပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ကစ္စပနဒီတံတားအနီးရှိ မြို့ခံများက ယမန်နေ့က ညနေပိုင်းက တပ်မတော် ယာဉ် ၁ စီး တံတားပေါ်ဖြတ်သွားစဉ် ပေါက်ကွဲ သံ ကို ကြားရပြီးနောက် တပ်မတော် စစ်ကြောင်းက ထိုသို့ လှမ်းပစ်ခြင်း ဖြစ်ကြောင်း ပြောသည်။
လက်ရှိအချိန်တွင် လက်ဆောင်ကောက်ကျေးရွာမှ မော်လဝီဆရာ ဦးအံဂျော်မာလော်ဒီ နှင့် ကျောင်းဆရာ ဦးလှမောင်သာ တို့မှာ ဒဏ်ရာပြင်းထန်သည့်အတွက် အပေါက်ဝ တိုက်နယ်ဆေးရုံမှနေ တဆင့် စစ်တွေဆေးရုံသို့ ပို့ဆောင်ထားကြောင်း လည်း မွတ်ဆလင်ကျေးရွာသားများက ပြောသည်။
ပိုက်သည်မွတ်ဆလင်ရွာနှင့် လက်ဆောင်ကောက်မွတ်ဆလင်ကျေးရွာတို့မှာ ကုလားတန်မြစ် အနောက်ဘက်ခြမ်းတွင် တည်ရှိသည်။
တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ယမန်နေ့က အဆိုပါ ကစ္စပနဒီ တံတား အနီးတွင် ကိုဗစ် – ၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် ဆေးပစ္စည်း သွားရောက် ထောက်ပံ့သော တပ်မတော် တပ်ဖွဲ့ဝင်များကို AA အဖွဲ့က မိုင်းခွဲ တိုက်ခိုက်မှု တချို့ ရှိကြောင်း ပြောသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “မနေ့က အဲဒီကျောက်တော်ဘက်မှာ တိုက်ပွဲဖြစ်ပွားမှု မရှိဘူး။ ပိုက်သည်ရွာဆိုတာ ကစ္စပနဒီတံတား အတက်လေးမှာ ရှိတာ။ ကျနော်တို့ ကိုဗစ် – ၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် ကျောက်တော် ပြည်သူ့ဆေးရုံနဲ့ ကံကြီးသျှင်ဘုရားတို့မှာ ကာကွယ်ရေး ဆေးပစ္စည်းများကို သွားရောက် ထောက်ပံ့ လှူဒါန်းတာရှိတယ်။ ဆေးတပ်ဖွဲ့နဲ့ လုံခြုံရေးတပ်ဖွဲ့ အပြန်မှာ တံတား အနောက်ဘက်ခြမ်းကနေပြီးတော့ ရီမုမိုင်း ၂ လုံးနဲ့ AA အဖွဲ့ကနေ တိုက်ခိုက်ခဲ့တာ ရှိတယ်။” ဟု ဧရာဝတီသို့ ပြောသည်။
ထိုမိုင်းကွဲမှု ဖြစ်စဉ်တွင် တပ်မတော်သားများ တစုံတရာ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆိုသည်။
သို့သော်လည်း တပ်မတော်က ပစ်ခတ်သည်ဆိုသည့် စွပ်စွဲချက် အပေါ် ဟုတ်၊ မဟုတ် ဆိုသည်ကို ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အတည်ပြုပြောကြားခြင်း မရှိပေ။
ယခုလ မေလ ၈ ရက်နေ့ကလည်း ကျောက်တော်မြို့နယ်၊ တောင်ဘွယ်ကျေး ရွာအတွင်း လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့သည့်အတွက် မူလတန်းပြ ကျောင်းဆရာ ၁ ဦးနှင့် မိန်းကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။
ဧပြီလ ၃ ရက်နေ့ ညနေပိုင်းကလည်း ကျောက်တော်မြို့ဝင် ကစ္ဆပနဒီတံတား အနီးတွင် လက်နက်ကြီး ၊ လက်နက်ငယ် များဖြင့် ပစ်ခတ်မှုများဖြစ်ပွား၍ အရပ်သား ၃ ဦး ထိခိုက် ဒဏ်ရာများ ရရှိခဲ့သည်။
ပြီးခဲ့သော ဧပြီလ ၁ ရက်နေ့ ညနေ ၅ နာရီ ဝန်းကျင်ကလည်း ကျောက်တော်မြို့ပေါ်တွင် လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့်အတွက် အရပ်သား ၅ ဦး သေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။
ယခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့ကလည်း ကျောက်တော်မြို့ပေါ် လူနေရပ်ကွက်ပေါ်သို့ လက်နက်ကြီး ကျည်ဆန်များ ကျရောက်ပေါက်ကွဲ၍ အမျိုးသမီး ၁ ဦး သေဆုံးပြီး အမျိုး သား ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ပြီးခဲ့သော ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၈ နေ့ကလည်း ကျောက်တော်မြို့အဝင်၌ တပ်မတော်နှင့် ရက္ခိုင့် စစ်တပ် ( AA ) တို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ မြို့ခံ ၄ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။
အလားတူ ပြီးခဲ့သော ဒီဇင်ဘာလ ၆ ရက်နေ့ကလည်း အဆိုပါ ကျောက်တော်မြို့ပေါ်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ တတိယ တန်းကျောင်သား ၁ ဦး သေဆုံးကာ မွတ်ဆလင် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အတွက် စစ်တွေဆေးရုံသို့ တက်ရောက် ကုသခဲ့ရသည်။
ရခိုင်ပြည်နယ်၊ မြောက်ပိုင်းမြို့နယ်များတွင် တပ်မတော်နှင့် AA တို့သည် ၂၀၁၈ ခုနှစ် နိုဝင်ဘာလကုန် ကတည်းက နှစ်ဘက်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေသည်မှာ ၂ နှစ်နီးပါး ကြာမြင့်လာပြီဖြစ်ရာ စစ်ဘေးရှောင် အရေအတွက်မှာ သိန်းချီရှိကာ ဒေသခံပြည်သူများ မှာလည်း အသက်လု ထွက်ပြေးနေကြရသည်။
မိုင်းပေါက်ကွဲမှု အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်များ ထိမှန်၍ အရပ်သားပြည်သူများမှာလည်း နေ့စဉ်နှင့်အမျှ သေဆုံး၊ ဒဏ်ရာ ရရှိနေမှုနှင့်အတူ အရပ်သားများ ဖမ်းဆီးခံရခြင်း၊ နေအိမ်များ မီးရှုှုံ့ခံရမှုများလည်း များပြား လာနေ သည့်အတွက် အရပ်သား အစိုးရ လက်ထက်တွင် အပြင်းထန်ဆုံးနှင့် ထိခိုက်မှု အများဆုံး တိုက်ပွဲလည်း ဖြစ်သည်။
You may also like these stories:
မန္တလေးတွင် ဖောက်ခွဲရေးပစ္စည်းများဖြင့် ဖမ်းမိသူ ၆ ဦးအား ယခုလအတွင်း အမိန့်ချမည်
မင်းပြား ပစ်ခတ်မှု ၄ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ