COVID-19 ကြောင့် ရန်ကုန်တိုင်းရှိ စက်ရုံ အလုပ်ရုံ ၄၇ ရုံမှာ ပိတ်သိမ်းခြင်း၊ လုပ်သားအင်အားလျှော့ချခြင်း ပြုလုပ်ကြရာ အလုပ်လက်မဲ့ ဖြစ်သွားသည့် လုပ်သားဦးရေမှာ ၆၃၅၅ ဦးရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် CTUM မှ စာရင်းပြုစုထားချက်များအရ သိရသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (CTUM) ရုံးအဖွဲ့ဝင် ကိုစိုးသက်ပိုင်ဦးက “ကျနော်တို့ လက်ထဲက စာရင်းအရဆိုရင် ပိတ်သိမ်းတာက ၁၃ ရုံရှိတယ်။ ကုန်ကြမ်း ပြတ်တောက်လို့ လုပ်သား အင်အားလျှော့ချတဲ့ စက်ရုံက ၃၂ ရုံရှိတယ်။ အလုပ်ရှင် ထွက်ပြေးပြီးတော့ လုပ်ခ လစာ ပေးချေနိုင်မှု မရှိတဲ့ စက်ရုံက ၂ ရုံရှိတယ်။ စုစုပေါင်း ကျနော်တို့ စာရင်းပြုစုထားတာ ၄၇ ရုံ ရှိတယ်။ အစိုးရက စာရင်း ထုတ်ပြန်ထားတာတော့ ၁၀၀ ကျော်ရှိတယ်”ဟု ဧရာဝတီသို့ ပြော သည်။
ယင်း စက်ရုံများမှာ လက်ခစား (CMP) လုပ်ငန်းများ ဖြစ်သော အထည်ချုပ်၊ ဖိနပ်ချုပ်၊ အိတ်ချုပ်လုပ်ငန်းများ ဖြစ်ပြီး ယခု မေလ အတွင်း၌ လုပ်သား အင်အား လျှော့ချသည့် စက်ရုံများ ၁၀ ရုံနှင့် အထက် ရှိကြောင်း၊ ယင်းတို့ကို စာရင်း မကောက် ယူရ သေးကြောင်း ၎င်းက ရှင်းပြသည်။
စက်ရုံအလုပ်ရုံများသည် ကုန်ကြမ်းပြတ်လပ်ခြင်း၊ အဝယ်အမှာစာများ လျှော့ကျခြင်း တို့ကြောင့် ပိတ်သိမ်းလိုက်ရခြင်း ဖြစ်ပြီး အပြီးပိတ်သိမ်းခြင်း၊ ယာယီပိတ်သိမ်းခြင်းနှင့် လုပ်သားအင်အား လျှော့ချသည့် စက်ရုံများ ဖြစ်ကြောင်းသိရသည်။
ပိတ်သိမ်းသည့် စက်ရုံအများစုမှာ နိုင်ငံခြားသားပိုင် တရုတ်၊ ကိုရီးယား၊ ဟောင်ကောင်၊ ထိုင်ဝမ် နိုင်ငံပိုင် စက်ရုံများ ဖြစ်ပြီး မြန်မာနိုင်ငံသားပိုင် စက်ရုံ အနည်းစု ပါရှိကြောင်း သိရသည်။
အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီးဌာန ရန်ကုန်တိုင်း တာဝန်ခံ ဦးကျော်ကျော်ထွန်းကမူ “လုပ်သားဦး ရေက အတိအကျ ပြောဖို့ ခက်တယ်။ ဥပမာ- စက်ရုံ ၁ ရုံမှာ လုပ်သားအင်အားက ၁၀၀ ကနေ ၆၀၀၀၊ ၇၀၀၀ အထိ အမျိုးမျိုးတော့ ရှိတယ်။ တောင်ဒဂုံက ဆန္ဒပြလို့ ပိတ်လိုက်တဲ့ စက်ရုံဆိုရင် သူက ၃ ရုံတောင် ရှိတော့ လုပ်သား အင်အား ၁ သောင်းလောက်ရှိတယ်။ ဒါမျိုးတွေဆိုတော့ အလုပ်လက်မဲ့ ဖြစ်သွားတာကို ပျမ်းမျှ ပြောဖို့ ခက်တယ်။ အနည်းဆုံးက သောင်းဂဏန်းတော့ ရှိနိုင်တယ်”ဟု ရှင်းပြသည်။
ထိုသို့ စက်ရုံများပိတ်သိမ်းရာတွင် အလုပ်သမားများ ဥပဒေအတိုင်း အလုပ်ထုတ် နစ်နာကြေးများရရှိရန် နှင့် လူမှုဖူလုံရေး အကျိုးခံစားခွင့် ရရှိနိုင်မည့် အခြေအနေများကိုလည်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန က ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လက်ရှိအချိန်တွင် ပြည်ထောင်စု အစိုးရက ကျန်းမာရေးဝန်ကြီးဌာနနှင့် အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များနှင့် အညီ စက်ရုံ၊ အလုပ်ရုံများတွင် COVID-19 ရောဂါ ပြန့်ပွားမှု မရှိစေရေးအတွက် စစ်ဆေးပြီးမှသာ စက်ရုံ၊ အလုပ်ရုံများကို ဖွင့်လှစ်ခွင့်ပြုလျက်ရှိသည်။
မေလ ၁ ရက်က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ သဝဏ်လွှာတွင် COVID-19 ကပ်ရောဂါနှင့် အထွေထွေ ရိုက်ခတ်မှု ကြောင့် ပိတ်သိမ်းသွားသည့် အလုပ်ဌာနများမှ လူမှုဖူလုံရေး အာမခံကြေး ထည့်ဝင်ထားသည့် အလုပ်သမားများအတွက် ကျန်းမာရေး စောင့်ရှောက်မှု၊ ဆေးဖိုး၊ ခရီးစရိတ်များကို အလုပ်လက်မဲ့ဖြစ်သည့်နေ့မှ တနှစ်အထိ တိုးမြှင့်ခံစားနိုင်ရန် စီမံဆောင်ရွက်ထားကြောင်းလည်း ဖော်ပြထားသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှုဇုန်၂၉ ဇုန်နှင့် သီလဝါ အထူးစီးပွားရေးဇုန် ၁ ခု ရှိသည်။
ဆက်စပ်လင့်
လုပ်ငန်း ၁၁၁ ခုကို တတိယ အသုတ်အဖြစ် အစိုးရ ချေးငွေ ထုတ်ပေး
အလုပ်လက်မဲ့ ဖြစ်ပွားနိုင်ခြေက ရန်ကုန် တမြို့တည်း ဦးရေ သိန်းနဲ့ ချီရှိလာနိုင်တယ်
ယာယီရပ်နား စက်ရုံလုပ်သားများ၏ လစာ ၄၀ ရာခိုင်နှုန်း အစိုးရက ထောက်ပံ့မည်