သတင်း

COVID-19 အကျပ်အတည်း ပူးပေါင်းဖြေရှင်းရန် နိုင်ငံတကာလုပ်ငန်းစုအချို့ ကတိပြု

Want create site? Find Free WordPress Themes and plugins.

အထည်ချုပ်နှင့် ခြေဝတ်ပစ္စည်း လုပ်ငန်းကဏ္ဍအတွင်း COVID-19 ကြောင့် ဖြစ်ပေါ်လာသည့် အကျပ်အတည်း များကို ဖြေရှင်းနိုင်ရန် အလုပ်ရှင်၊ အလုပ်သမားနှင့် ကမ္ဘာလုံးဆိုင်ရာ ကုန်ပစ္စည်း အမှတ်တံဆိပ်ထုတ်လုပ်သည့် လုပ်ငန်းကြီးများ အပြန်အလှန် ကတိကဝတ်ပြု ကြေညာချက်ကို မေလ ၁၂ ရက်တွင် ထုတ်ပြန်လိုက်သည်။

အဆိုပါ ကြေညာချက်ကို မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM)၊ အပြည်ပြည်ဆိုင်ရာ ချည်မျှင်၊ ကုန်ထုတ်၊ သတ္တုတွင်း၊ စွမ်းအင်၊ နှင့် အထွေထွေ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (IndustriALL)၊ H&M ၊ Bestseller ၊ Inditex ၊ Tchibo နှင့် Next နာမည်ကျော် ကုန်အမှတ်တံဆိပ်လုပ်ငန်းများနှင့် အဆိုပါအမှတ်တံဆိပ်များ၏ ထုတ်ကုန်များကို ချုပ်လုပ်ပေးနေသည့် စက်ရုံလုပ်ငန်းရှင်များ ဆွေးနွေးညှိနှိုင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) ဥက္ကဋ္ဌ ဒေါ်ခိုင်ဇာအောင် က “အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါ COVID-19 ကြောင့် နောက်ဆက်တွဲဖြစ်မယ့် ဆိုးကျိုးသက်ရောက်မှုတွေနဲ့ ပတ်သက်ရင် မြန်မာနိုင်ငံ အထည်နဲ့ ဖိနပ်ချုပ်လုပ်ငန်းက အလုပ်သမားတွေအပေါ် သက်ရောက်မှု ရှိလာမယ်။ အဲဒီအခါမှာ သက်ရောက်မှု ဆိုးကျိုးတွေကို လျော့ချထားနိုင်ဖို့ ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကြေညာချက်တစောင်ကို ထုတ်မယ်ဆိုပြီး ဆွေးနွေးခဲ့ကြတာ” ဟု ပြောသည်။

COVID-19 အကျပ်အတည်းကာလအတွင်း အလုပ်သမားများ၏ ကျန်းမာရေးနှင့် လူမှုဖူလုံရေးကို အကာအကွယ် ပေးရန်နှင့် အလုပ်သမားများနှင့် စက်ရုံများ၏ ငွေပေးချေမှုကို အထောက်အကူပေးရန်အတွက် အလုပ်ရှင်၊ အလုပ်သမား များ သာမက ကုန်ပစ္စည်းမှာယူသည့် ကမ္ဘာလုံးဆိုင်ရာ ကုန်ပစ္စည်းအမှတ်တံဆိပ် ထုတ်လုပ်သည့် လုပ်ငန်းများအကြား တလကျော်ကြာ ညှိနှိုင်းဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

သတင်းထုတ်ပြန်ကြေညာချက်အရ အဆိုပါ ကုန်အမှတ်တံဆိပ် ၅ ခုကို ချုပ်လုပ်နေသည့် အထည်များအတွက် ချုပ်ခများ ဆက်လက် ပေးချေမည်ဖြစ်သဖြင့် အဆိုပါ ပစ္စည်းများကို ချုပ်လုပ်နေသော စက်ရုံပေါင်း ၁၃၀ ခန့်မှ အလုပ်သမား တသိန်းကျော်အနေဖြင့် လုပ်ခလစာ၊ အလုပ်အကိုင်တည်မြဲမှု နှင့် ကျန်းမာသည့် လုပ်ငန်းခွင်တွင် လုပ်ကိုင်သွားနိုင်မည့် အခွင့်အလမ်းကို ရရှိမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) ထံမှ သိရသည်။

IWFM ဥက္ကဋ္ဌ ဒေါ်ခိုင်ဇာအောင် က “ဒီအလုပ်ရှင်တွေရဲ့ တာဝန်ခံထားတဲ့ ကိစ္စတွေကို သူတို့လုပ်လား၊ မလုပ်ဘူးလား စောင့်ကြည့်တာမျိုးရှိမယ်။ စက်ရုံတွေက မလုပ်ဘူးဆိုရင် ဒီထုတ်ပြန်ချက်မှာပါပြီး ကတိကဝတ်ပြုထားတဲ့ Brand တွေ အနေနဲ့က သူတို့စက်ရုံတွေကို ကတိကဝတ်ပြုထားတဲ့အတိုင်း ဆောင်ရွက်ဖို့ ဆွေးနွေးမှာဖြစ်ပါတယ်” ဟု ပြောသည်။

၎င်းက ဆက်၍ “ဒီနည်းနဲ့ ကျမတို့က Check & Balance ရှိတယ်။ ကတိကဝတ်ပြုထားတဲ့အတိုင်း စောင့်ကြည့်တယ်။ လိုအပ်ချက်ရှိသေးရင် ပြန်ဆွေးနွေးတယ်ဆိုတာနဲ့ ဒီထဲမှာ ပါဝင်တဲ့ အချက်တွေ အကောင်အထည်ဖော်အောင် ကြိုးစားသွားရမှာ ဖြစ်ပါတယ်” ဟု ဒေါ်ခိုင်ဇာအောင်က ပြောသည်။

အချောသတ်ပြီးနှင့် ထုတ်လုပ်ဆဲ ကုန်ပစ္စည်းများအတွက် ငွေပေးချေရန်၊ ကုန်ပစ္စည်း ထုတ်လုပ် စီးဆင်းမှု ကွင်းဆက် အတွင်း တိုက်ရိုက်လက်လှမ်းမီသော ဆက်သွယ်ရေး လမ်းကြောင်းများ ထားရှိရန်နှင့် စက်ရုံများကို တိုက်ရိုက် အထောက် အကူ ပေးရန် ကမ္ဘာလုံးဆိုင်ရာ ကုန်ပစ္စည်း အမှတ်တံဆိပ်များမှ ကိုယ်စားလှယ်များက ကတိပြုခဲ့ကြခြင်းဖြစ်သည်။

လုပ်ငန်းရှင်များကလည်း စက်ရုံကို ဆက်လက်ဖွင့်လှစ်နိုင်ရေးအတွက် အနိမ့်ဆုံး ထုတ်လုပ်ရေး ပမာဏနှင့် ကပ်ရောဂါ ကြိုတင်ကာကွယ်ရေးအစီအမံများကြောင့် ထုတ်လုပ်နိုင်စွမ်းနှင့် ထုတ်လုပ်မှု တာရှည်ခံနိုင်စွမ်းတို့ ဆုံးရှုံးမှုကို တွက်ချက်ရန်၊ ကပ်ရောဂါ တုန့်ပြန်ဖြေရှင်းရေး စီးပွားရေးဗျူဟာနှင့် အကျပ်အတည်း လျော့ပါးစေရေး ဖြစ်နိုင်ခြေ အစီအမံများကို အလုပ်သမားကိုယ်စားလှယ်များနှင့် ဆွေးနွေးရန်၊ PPE ဝတ်စုံနှင့် ကပ်ရောဂါ လျော့ပါးရေး ပစ္စည်းများ ထုတ်လုပ်ခြင်းကဲ့သို့ ကာလတို၊ ကာလလတ် အခွင့်အလမ်းများ ချဲ့ထွင်ခြင်းတို့ကို ဆောင်ရွက်ရန် ကတိပြုခဲ့ကြသည်။

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာ ခင်မောင်အေးက “ကျနော်တို့က ရေတို၊ ရေရှည်ဖြေရှင်းလို့ ရတာကို လိုချင်တာပေါ့နော်။ အခုက အသေအချာ အရေအရာကြီးတော့ မဟုတ်သေးဘူး ခဏတော့ စောင့်ကြည့်ရဦးမှာပေါ့။ Buyer တွေဘက်က ကတိကဝတ်ကလည်း သေသေချာချာ သဲသဲကွဲကွဲ မရှိဘူး၊ အလုပ်သမားဘက်က ကတိကလည်း သဲသဲကွဲကွဲ မရှိဘူး။ တော်တော်တော့ ခက်ပါတယ်။ ပေါင်းလုပ်ချင်တာကတော့ ကောင်းတာပဲပေါ့။ သွားနေတဲ့လမ်းကတော့ မှန်တယ်” ဟု ဆိုသည်။

အလုပ်သမား အဖွဲ့အစည်းများကလည်း အလုပ်သမားများအား COVID-19 ၏ စီးပွားရေးအပေါ် ဆိုးကျိုး သက်ရောက်မှု များ အသိအမြင်ဖွင့်ပေးရန်၊ အလုပ်သမားသမဂ္ဂများနှင့် အလုပ်ရှင်များနှင့် ပြန်လှန်ဆွေးနွေးမှုမြှင့်တင်ရန်၊ နေရပ်ပြန် အလုပ်သမားများ အချိန်မီ ပြန်လာရေး တိုက်တွန်းရန်၊ အလုပ်သမားများနှင့် သမဂ္ဂများအနေဖြင့် လုပ်ငန်းခွင်ပြင်ပနှင့် လုပ်ငန်းခွင် အတွင်း သတ်မှတ်ထားသော ရောဂါကူးစက်မှု ကာကွယ်ရေး အစီအမံများ လိုက်နာရေး မြှင့်တင်ပေးရန် ကတိကဝတ်ပြုခဲ့ကြသည်။

ထို့ပြင် COVID-19 ကာလအတွင်း သပိတ်မှောက်ခြင်း၊ ဆန္ဒပြခြင်း၊ အလုပ်ပိတ်ခြင်း စသည့် လုပ်ငန်းခွင်ထိခိုက်နိုင်သည့် ကိစ္စများ ဖြစ်ပွားပါက အပြန်အလှန် ဆန်းစစ်ရန် လုပ်ငန်းရှင်များရော အလုပ်သမား သမဂ္ဂများကပါ ကတိကဝတ် ပြုထားသည်။
ယခုသတင်းကို AYA Bank မှ ပံ့ပိုးကူညီတင်ဆက်သည်။

You may also like these stories:

ကိုဗစ်ကြောင့် ရန်ကုန်တိုင်း၌ အလုပ်သမား ၆ ထောင်ကျော် အလုပ်လက်မဲ့ ဖြစ်

ယာယီရပ်ဆိုင်း စက်ရုံလုပ်သားများကို ထောက်ပံ့ကြေးပေးရန် စိစစ်နေ

Did you find apk for android? You can find new Free Android Games and apps.
Loading