COVID-19 ရောဂါထိန်းချုပ်ရေးကာလအတွင်း မြန်မာနိုင်ငံရောက် ထိုင်းနိုင်ငံသားများ နေရပ်သို့ အဆင်ပြေစွာ ပြန်ခွင့်ရနေသော်လည်း ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ ပြန်ခွင့်မရသည့် အပေါ် မြန်မာအစိုးရ၏မူဝါဒအပေါ် မေးခွန်းထုတ်နေကြသည်။
ထိုင်း-မြန်မာ နယ်စပ်တလျှောက်တွင် တရားဝင်ဂိတ်ပေါက် ၄ ခုအပြင် တိုင်းရင်းသား လက်နက်ကိုင်များ ရှိသည့် ဂိတ်များနှင့် တရားမဝင်ဂိတ်များစွာရှိသည့်အနက်မှ မြန်မာအစိုးရက မြဝတီဂိတ်တခုမှသာ မေလ ၁ ရက်က ပြန်လာကြရန် ဖိတ်ခေါ်ခဲ့သည်။
သောင်းဂဏန်းခန့် ရှိသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပြန်လာမည်ဟု မျှော်မှန်းချက်ဖြင့် အစိုးရက မြဝတီဂိတ်မှ ကြိုဆိုခဲ့သော်လည်း မေလ ၁၀ ရက်အထိ ရာဂဏန်းသာပြန်လာနိုင်ခဲ့ပြီး ကျန်သူများက နီးစပ်ရာ နယ်စပ် ဂိတ်များတွင် ပိတ်မိနေခြင်းဖြစ်သည်။
ဧပြီလကတည်းက နယ်စပ်သို့ရောက်ရှိနေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် ယနေ့(မေလ ၁၃ ရက်) အထိ အိမ်မပြန်နိုင်သေးပဲ ထိုင်းနယ်စပ်အသီးသီးတွင် ပိတ်မိကာ ဒုက္ခမျိုးစုံကြုံတွေ့နေကြကြောင်း သိရသည်။
ရွှေ့ပြောင်းအလုပ်သမားများအရေး ဆောင်ရွက်နေသော ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (ထိုင်း နိုင်ငံ) ၏ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က “အခုလိုမျိုးကြန့်ကြာနေတာက မြန်မာအစိုးရရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ မူဝါဒရေးရာတွေပေါ်မှာ အများကြီး မှီတည်တယ်။ မြန်မာအစိုးရရဲ့ စီမံခန့်ခွဲမှုကြောင့်လို့ ပြောချင်ပါ တယ်”ဟု ဧရာဝတီသို့ ပြောသည်။
ထိုင်းနယ်စပ်တွင် ပိတ်မိနေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပြန်လာနိုင်ရေးနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ မြန်မာအလုပ်သမားသံရုံးမှ သံအရာရှိ ဦးမျိုးမြင့်နိုင်အား မေးမြန်းရာတွင် စီစဉ်ဆောင်ရွက်နေပါ သည်ဟုသာ မေလ ၈ ရက်က ဧရာဝတီသို့ ဖြေကြားထားသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမားအများစုသည် Covidရောဂါ ကာကွယ် ထိန်းချုပ်ရေး ကာလအတွင်း နေရပ်သို့ မည်ကဲ့သို့ ပြန်ရမည်ဆိုသည့် သတင်းအချက်အလက် မရှင်းလင်းမှုကြောင့် ခိုးပြန်ကြတာကြောင့် လမ်းတွင် ပြန်ဖမ်းခံရကာ ငွေကုန်ကြေးကျများသလို ပိုပြီး ဒုက္ခရောက်ရသည်ဟု သိရသည်။
ရနောင်းတွင် ပိတ်မိနေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားတဦးဖြစ်သည့် ကိုအောင်နိုင် က “ဒီမှာတောင် စားဖို့ မရှိ၊ လမ်းစရိတ် မရှိတဲ့လူက မြဝတီကို ဘယ်လိုသွားမလဲ။ ရနောင်းကနေ ကော့သောင်း ကူးဖို့ဆို ငွေ၊ အချိန် အများကြီးသက်သာမယ်။ အခုမြဝတီတဂိတ်ထဲဖွင့်တာက ပိုဒုက္ခရောက်တယ်” ဟု ပြောသည်။
ထိုင်းအစိုးရကလည်း COVID-19ရောဂါထိန်းချုပ်ရေး လိုအပ်ချက်အရ မေလ ၃၁ ရက်အထိ အရေးပေါ် အခြေ အနေကို တိုးမြှင့်လိုက်ပြီး ခရိုင်အချင်းချင်း ဖြတ်ကျော် သွားလာခွင့်များကိုလည်း ကန့်သတ် လိုက်ခြင်းက မြန်မာရွှေ့ပြောင်းအလုပ်သမား နေရပ်ပြန်ရေးအတွက် ပို၍ ခက်ခဲသွားရပြန်သည်။
ထိုင်းအစိုးရက ထိုသို့ တိုးမြှင့်ကန့်သတ်လိုက်သော်လည်း မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ထိုင်းနိုင်ငံသား များကို ၎င်းတို့၏ အစိုးရက မြန်မာအစိုးရထံ စာပို့ကာ တရားဝင်ခေါ်ထုတ် သွားနိုင်ခဲ့ကြောင်း သိရသည်။
တနသာၤရီတိုင်း၏ ပြောရေးဆိုခွင့်ရှိသူ၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးကျော်မင်း က “ပြန်သွားတာ ဘယ်လောက်ရှိပြီလဲဆိုတာ ပြန်ကြည့်မှ သိမယ်။ သူတို့နိုင်ငံသားတွေကို ခေါ်တဲ့အခါ ကျနော်တို့ ဘက်က လဝကနဲ့ညှိပြီး သူတို့ထွက်ခွာခွင့်ရဖို့ လုပ်ကြတာပဲ။ ထိုင်းဘက်က စာပို့ပြီး ပြန်ခေါ်တာ” ဟု ပြောသည်။
ထို့သို့ဖြစ်ရခြင်းက မြန်မာအစိုးရက အရေးပေါ်ကာလအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားများ ကယ်ဆယ် ရေးကို မည်သို့ လုပ်ဆောင်သွားမည်ဆိုသည့် တိကျသော မူဝါဒမရှိခြင်းကြောင့်ဖြစ်သည်ဟု ဦးထူးချစ်က ထောက်ပြခဲ့သည်။
ဦးထူးချစ် က “မြန်မာအစိုးရရဲ့မူဝါဒနဲ့ လုပ်ကိုင်တဲ့အားနည်းချက်က အဓိကကျတယ်လို့ ပြောချင်တယ်။ တချိန်ထဲ မှာပဲ ထိုင်းနိုင်ငံရဲ့ ဥပဒေနဲ့ကလည်း တစုံတရာတော့ သက်ဆိုင် တယ်လို့ ပြောလိုရတယ်။ ဒါပေမယ့်လည်း ထိုင်းနိုင်ငံ ဥပဒေက တစုံတရာအဟန့်အတားရှိတယ်ဆိုရင်တောင်မှ မြန်မာအစိုးရအနေနဲ့ စနစ်တကျ သံတမန် ရေး နည်းလမ်းသုံးပြီး ဆွေးနွေးညှိနှိုင်းမယ်ဆိုရင်တော့ အဆင်ပြေနိုင်မယ်”ဟု ပြောသည်။
COVID-19 ကာလအတွင်း ယာယီပိတ်ထားသည့် သူဌေးကျွန်းရှိ ဟိုတည်များတွင် ကာစီနိုရုံများ၌ စက်ပစ္စည်းများ ထိန်းသိမ်းသည့် နိုင်ငံခြားသားဝန်ထမ်းများရှိသည့်အနက် လုံခြုံရေးနှင့် စက်ပစ္စည်း ထိန်းသိမ်းသည့် ဝန်ထမ်း များမှအပ ကျန်သည့် နိုင်ငံခြားသားများက ပြန်သွားကြပြီဟု သိရသည်။
ကော့သောင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်း က “ထိုင်းကတော့ သူတို့နိုင်ငံသားတွေပြန်လွှတ်ပေးပါ။ ပြန်လက်ခံမယ်ဆိုပြီး လုပ်ထားတာတော့ရှိတယ်။ အဲတော့ ကျန်နေတဲ့သူတွေ ပြန်သွားကြတာတော့ရှိတယ်။ သူဌေးကျွန်းမှာရှိတာက လုံခြုံရေးနဲ့ စက်ပစ္စည်းတွေကို ထိန်းသိမ်းတဲ့သူတွေပဲရှိတော့တယ်”ဟု ပြောသည်။
ထိုင်းအစိုးရ၏ မြန်ဆန်တိကျသည့် ဆောင်ရွက်ချက်ကြောင့် မြန်မာနိုင်ငံတွင်ရှိနေသည့် ထိုင်းနိုင်ငံသားများ ပြန်နိုင်တာဖြစ်သည့်အတွက် ၎င်းတို့ကိုလည်း ထိုကဲ့သို့ အမြန်ဆုံး လုပ်ဆောင်ပေးပါရန်နှင့် နယ်စပ်ဂိတ်များ အမြန်ဆုံးဖွင့်ပေးရန် ကိုအောင်နိုင်က မြန်မာအစိုးရကို တောင်းဆိုလိုက်သည်။
လာမည့် မေလ ၁၅ ရက်နေ့တွင် ရနောင်း အချုပ်ထောင်မှ လွတ်မြောက်လာပြီး နေရပ်မပြန်နိုင်သေးပဲ ပိတ်မိနေသည့် မြန်မာရွှေ့ပြောင်းအကျဉ်းသား ၁၈၁ ဦးကို ပြန်လည်ခေါ်ယူမည်ဟု တနသာၤရီတိုင်း အစိုးရအဖွဲ့ထံမှ သိရသည်။
You may also like these stories:
ရနောင်းခရိုင်တွင် နေရပ်ပြန် မြန်မာရွှေ့ပြောင်းလုပ်သား ၄၀၀ ခန့် ပိတ်မိနေ
ယာယီရပ်ဆိုင်း စက်ရုံလုပ်သားများကို ထောက်ပံ့ကြေးပေးရန် စိစစ်နေ
ARSA အဖွဲ့၏ ပစ်ခတ်မှုကြောင့် နယ်ခြားစောင့်ရဲ ၂ ဦး ဒဏ်ရာရ