မကြာမီ ကျင်းပတော့မည့် နေပြည်တော်ရှိ လွှတ်တော် အစည်းအဝေးများသို့ တက်ရောက်ကြမည့် လွှတ်တော် ကိုယ်စား လှယ်များ အားလုံးကို COVID-19 ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးမည်ဖြစ်ရာ အရင်ဆုံး ရန်ကုန်တိုင်း မြို့နယ် ၁၀ ခုမှ လွှတ်တော် ကိုယ်စားလှယ်များကို စတင်စစ်ဆေးခဲ့ရာ အားလုံးတွင် ရောဂါပိုးတွေ့ရှိရခြင်း မရှိကြောင်း သတင်းရရှိသည်။
ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်များသု့ိ တက်ရောက်ကြမည့် လွှတ်တော် ကိုယ်စား လှယ်များကို လာမည့် မေလ ၁၄ နှင့် ၁၅ ရက်များတွင် ကျန်းမာရေး စစ်ဆေးရန် ပြင်ဆင်ထားရာ ယခု semi-lockdown ချထားသည့် မြို့နယ်များမှ ကိုယ်စားလှယ်များကို ဦးစားပေး၍ မေလ ၁၂ ရက်နေ့က ကြိုတင်စစ်ဆေးခဲ့ခြင်းလည်း ဖြစ် သည်။
နေပြည်တော်၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန တိုင်းဦးစီးဌာနမှူး ဒေါက်တာ မြတ်ဝဏ္ဏစိုးက“ရန်ကုန်က effected area ၁၀ ခုက လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးကို စစ်ပါတယ်။ အားလုံးက Negative ပါ။ သူတို့ကို ဦးစားပေးပြီးတော့ ဆောင်ရွက် ဖို့ ညွှန်ကြားတဲ့အတွက် သီးသန့်အစီအစဉ်နဲ့ ဆောင်ရွက်ပေးလိုက်တာ”ဟု ပြောသည်။
နေပြည်တော်တွင် ရောက်ရှိနေသည့် တောင်ဥက္ကလာပ၊ ပန်းဘဲတန်း၊ ဗဟန်း၊ မရမ်းကုန်း၊ အင်းစိန်၊ ရွှေပြည်သာ၊ လှိုင်သာ ယာ၊ မင်္ဂလာဒုံ၊ တာမွေ၊ ဗိုလ်တထောင် မြို့နယ်များမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၀ ဦးနှင့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ၅ ဦး စုစုပေါင်း ၁၅ ဦးကို စည်ပင် ဧည့်ရိပ်သာ ၂ ရှိ သတ်မှတ်နေရာများတွင် နှာခေါင်းနှင့်အာခေါင်တို့ဖတ် နမူနာများကို မေ ၁၂ ရက်နေ့က ရယူခဲ့ခြင်း ဖြစ်သည်။
ထိုနမူနာများကို ရန်ကုန် အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(NHL)သို့ ပေးပို့စစ်ဆေးခဲ့ပြီးနောက် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ယနေ့ နံနက် ၇ နာရီ ထုတ်ပြန်ချက်တွင် ပိုးမတွေ့ (Negative) ဟု ပါရှိလာခြင်းဖြစ်ကြောင်း သိရသည်။
မရမ်ကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမေဝင်းမြင့်က“Lock Down ချထားတဲ့ မြို့နယ်မှာရှိတဲ့ ကိုယ် စားလှယ်တွေ အရင်စစ်မယ်ဆိုပြီး မနေ့က လာခေါ်ပြီးတော့ အမြန်ဆုံး သွားစစ်လိုက်ရတာပေါ့နော်။ မစစ်ခင်ကတော့ စိတ်တွေပူတယ်။ ဒီနေ့မနက်အစောကြီး သတင်းကောင်း ကြားရတာပဲ။ အဲဒီတော့မှ စိတ်လုံးဝအေးသွားတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ယခု စစ်ဆေးမှုတွင် semi-lockdown မြို့နယ်များတွင် အကျုံးဝင်သည့် ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် နော်စူစန်နာလှလှစိုးမှာ ယခုတခေါက် လွှတ်တော်တက်ရန် ခွင့်ယူထားသောကြောင့် COVID -19 ရောဂါပိုး ရှိမရှိ စစ်ဆေးမှုတွင် ပါဝင်လာခြင်း မရှိသေးကြောင်း သိရသည်။
ကျန်ရှိသော လွှတ်တော်ကိုယ်စားလှယ်များကို မနက်ဖြန် မေလ ၁၄ ရက်နေ့တွင် စတင်စစ်ဆေးမည်ဖြစ်ပြီး ယနေ့ မေလ ၁၃ ရက်နေ့တွင်လည်း လွှတ်တော်ဝန်ထမ်းများ၊ ယာဉ်မောင်းများ၊ အခြားဆက်စပ်သူများ၏ နာခေါင်းတို့ဖတ် အာခေါင် တို့ဖတ် နမူနာ ရယူမှုများကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။
နေပြည်တော် စည်ပင်ဧည့်ရိပ်သာ ၂ တွင် လွှတ်တော်ကိုယ်စားလှယ်များကို နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ် ယူရန် အခန်း ၈ ခန်း စီစဉ်ထားပြီး၊ အခန်း ၁ ခန်းစီတွင် မိနစ်သုံးဆယ်လျှင် ၅ ဦးနှုန်းဖြင့် တို့ဖတ်နမူနာ ရယူမှုများကို ကျန်းမာရေးဝန်ထမ်းများက ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက “ကိုယ်စားလှယ်တွေအားလုံးကို ၁၅ ရက်နေ့မှာ အပြီးစစ်ပါမယ်။ ဒီကိုယ်စားလှယ်များသည် လွှတ်တော်အစည်းအဝေး ပြီးသည်အထိ Stay Home သဘောမျိုး မိမိအခန်းမှာပဲ မိမိနေဖို့၊ မိသားစုခေါ်မလာဖို့ မေတ္တရပ်ခံထားပြီးသား ဖြစ်ပါတယ်။ Stay Home နေရမယ့် အနေအထားမျိုး ရှိပါတယ်”ဟု ပြောသည်။
စားရေးသောက်ရေးအတွက် အပြင်ထွက်ဈေးဝယ်စရာမလိုရန် လွှတ်တော်ကိုယ်စားလှယ်များ နေထိုင်ကြသည့် စည်ပင် ဧည့်ရိပ်သာဝန်းအတွင်းသို့လည်း ယနေ့မနက်ပိုင်းမှ စတင်ကာ အသား၊ငါး၊ အသီးအရွက်နှင့် အခြေခံ စားသောက်ကုန်များ ကို မိုဘိုင်း ဈေးကားများဖြင့် လှည့်လည် ရောင်းချပေးနေမှုများကို ပြုလုပ်ပေးနေကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။
တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစောနိုင် “ပုံမှန်လေးပါပဲ။ နေလည်းပူတော့ အပြင် လည်း မထွက်ဖြစ်ဘူးလေ။ လုပ်စရာလေးရှိတာလုပ်၊ သူတို့ပေးတဲ့ ဘတ်ဂျက်စာအုပ်လေးဖတ်ပေါ့လေ။ ကျနော်တို့လည်း Stay Home သဘောမျိုးပေါ့ဗျာ။ စည်ပင်ထဲမှာလည်း သွားတာလာတာ သိပ်တော့ မတွေ့တော့ဘူး။ ကိုယ့်အခန်းထဲ မှာပဲ နေနေကြတာတွေ့တယ်”ဟု ပြောသည်။
လွှတ်တော်တက်ရောက်မည့် တပ်မတော်သားကိုယ်စားလှယ်များနှင့် အထောက်အကူပြုဖွဲ့များကိုလည်း စုစုပေါင်း ၂၁၉ ဦး ကိုလည်း နေပြည်တော် ကုတင် (၁၀၀၀) တပ်မတော်ဆေးရုံကြီးတွင် COVID-19 ရောဂါပိုးရှိ၊ မရှိ စစ်ဆေးခဲ့ရာ ပိုးမတွေ့ (Negative) အဖြေထွက်ခဲ့ကြောင်း တပ်မတော်က မေလ ၈ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။
ပြည်ထောင်စုလွှတ်တော်တွင် NLD ကိုယ်စားလှယ် ၅၉ ရာခိုင်နှုန်း၊ တိုင်းရင်းသားပါတီအသီးသီးမှ ကိုယ်စားလှယ် ၁၁ ရာ ခိုင်နှုန်း၊ ကြံ့ခိုင်ရေးပါတီမှ ကိုယ်စားလှယ် ၅ ရာခိုင်နှုန်းနှင့် တပ်မတော်မှ ၂၅ ရာခိုင်နှုန်း အသီးသီးပါဝင်ပြီး စုစုပေါင်း တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်ဦးရေ ၆၅၄ ဦး ရှိသည်။
ယခုပြန်လည်ခေါ်ယူတော့မည့် လွှတ်တော်အစည်းအဝေးတွင် ၂၀၁၉-၂၀ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စု၏ နောက်ထပ် ဘဏ္ဏာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းအပါအဝင်၊ COVID-19 ကပ်ရောဂါတိုက်ဖျက်ရေး ကမ္ဘာ့ဘဏ်၏ ချေးငွေများကို အ တည်ပြုခြင်းစသည့် မဖြစ်မနေ ဆောင်ရွက်ရမည့် ကိစ္စရပ်များ ရှိနေကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ယနေ့ မေလ ၁၃ ရက်နေ့မနက်ပိုင်းထိ COVID-19 အတည်ပြုလူနာ ၁၈၀ ဦး၊ သေဆုံး ၆ ဦး နှင့် ပြန် လည်သက်သာလာသူ ၇၆ ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
You may also like these stories:
အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၄၀၀ ခန့် မလေးရှား ပြန်ပို့